Friday, July 26, 2013

"အမေ့ထံသို့ ပေးစာများ-၈၀..."



သို့
ချစ်တဲ့အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
ကျနော်တို့ ဂျပန်အစားအစာဖြစ်တဲ့ ဆူရှီးဟာ ရောက်စတုန်းက
တော်တော် ရောင်းကောင်းတာ အမေရဲ့။
အစဉ်ပြေပြီးလို့ ဝမ်းသာနေတာပေါ့။
ဝမ်းသာလို့တောင် မကြာလိုက်ဘူး။
နွေရာသီ တက္ကသိုလ်ကျောင်းကြီးက ပိတ်သွားပါလေရော။
ကျောင်းပိတ်သွားတာနဲ့ အရောင်းလည်းကျသွားပါရောလား။
အော်…ကျနော်တို့ဆိုင် အပါအဝင် ဒီနားမှာ ရှိတဲ့ဆိုင်တွေအားလုံးဟာ တက္ကသိုလ်ကျောင်းသူ
ကျောင်းသားတွေကို မှီခိုနေရတယ်ဆိုတာ သိလိုက်ရတယ်။
ကျောင်းပိတ်တဲ့ကာလကလည်း နှစ်လကျော် သုံးလတောင်ကြာမယ်လို့သိရတယ်။
ဒီကြားထဲမှာ ကျောင်းဖွင့်ရက်ကို ထိုင်စောင့်ရမယ့်အခြေအနေဖြစ်နေတယ်။
ယုံယုံ စိတ်ဓာတ်မကျရလေအောင် အမေ ငယ်ငယ်တုန်းက ပြောပြခဲ့တဲ့ ပုံပြင်ကို
ပြန်ပြောပြလိုက်တယ်။
“တစ်ခါတုန်းက ကြက်မကြီးတစ်ကောင် ရှိလေရဲ့။
သူမမှာ သားသမီးတွေ အများကြီး။
နေ့တိုင်း အမေကြက်မကြီးက ပင်ပင်ပန်းပန်း အစာရှာကျွေးတယ်။
“ဒီမှာ စားစရာတွေ လာစားကြ”
ကြက်ကလေးတွေက အပြေးအလွှား လာစားကြတယ်။
အမေကြက်မကြီးက အစာကို ဘယ်လိုရှာစားရမယ်ဆိုတာလည်း သင်ပေးတယ်။
ကြက်ကလေးတွေ အရွယ်ရောက်လာတဲ့အခါ
ကိုယ့်ဘာသာကိုယ် အစာကို ရှာဖွေစားသောက်ကြရတယ်။
အစားအသောက်တွေ ရှာဖွေရခက်ခဲလာတဲ့အခါ
အမေကြက်မကြီးကို ပြောကြတယ်။
“အစာတွေ ရှာဖွေရတာ ခက်ခက်လာတယ် အမေ” လို့ပြောကြတယ်။
ဒီတော့ အမေကြက်မကြီးက သားသမီးကြက်ကလေးတွေကို ပြန်ပြောလိုက်တာက
အစာကို ရှာဖွေတဲ့အခါ
ဘယ်လောက်ပဲ ခက်ခက်
နာနာယက်၊
နက်နက်ယက်၊
အစာကို တွေ့လိမ့်မယ်” လို့
အဲဒီတုန်းက အမေ ပြောတဲ့စကား နားထဲက မထွက်ဘူး။
“ဘယ်လောက်ပဲ ခက်ခက်
နာနာယက်၊
နက်နက်ယက်”
အခုလည်း ကျနော်တို့ နာနာယက်၊ နက်နက်ယက်ရမယ်ဆိုတာ
သဘောပေါက်ပါတယ်။



လတ်ဆတ်တဲ့ဈေးကြီးက အစားအသောက်ကို အဓိကရောင်းတဲ့ဆိုင်ကြီးပါ။
အစားအသောက် မျိုးစုံကို ရတယ်။
ရှားပါးစားသောက်ကုန်တွေ အကုန်လုံးနီးပါးရနိုင်တယ်။
ရောင်းကုန်ကို ခက်ခက်ခဲခဲရှာဖွေပြီးဈေးကြီးကြီးနဲ့ရောင်းတယ်။
နှစ်ချို့အရက်မျိုးစုံလည်း ရနိုင်တယ်။
အရက်ကို နာမူနာပေးတဲ့ရက်တွေမှာ လာသောက်သူတွေဟာ
အများစုဟာ အမျိုးသမီးတွေ ဆိုတာ သတိထားမိတယ်။
ဒီဈေးမှာ က ဈေးကြီးကြီးနဲ့ရောင်းပေမယ့် ဝယ်ယူသူတွေလည်း များနေတာကို သတိပြုမိတယ်။
အကြောင်းက ဝန်ထမ်းတွေက ဝန်ဆောင်မှုကို အလေးထားလို့ပဲ။
အထူးသဖြင့် ဆိုင်နေရာမျိုးစုံဟာ Sample လို့ခေါ်တဲ့နာမူနာပေးပြီးရောင်းတာကို
အလေးထားတာကို တွေ့ရတယ်။
ဒီတော့ ကျနော်တို့လည်း နမူနာပေးရတော့တာပေါ့။
စောစောပိုင်းကာလတုန်းက နမူနာမပေးပဲ ရောင်းကြည့်တယ်။
စားဖူးတဲ့လူတွေသာ လာဝယ်စားတာကို တွေ့ရတယ်။
မစားဖူးသူတွေက ဆူရှီးဆိုတာ ထမင်းချဉ်နဲ့အသားစိမ်းတွေ ရောင်းတဲ့ဆိုင်လို့
သိထားကြပုံရတယ်။ မဝယ်ကြဘူး။
ဒီတော့ နမူနာပေးတဲ့စံနစ်ကို လုပ်ရတော့တယ်။
ဒီစံနစ်က မြည်းစားခွင့်ပေးတဲ့သဘောပါပဲ။
မြည်းစားကြည့်တော့ အချို့လည်း ကြိုက်သွားပြီး ချက်ချင်းဝယ်စားတယ်။
နမူနာပေးတဲ့စံနစ်က မိတ်ဆွေသစ်တွေ တိုးပွားစေတယ်။
မစားဖူးသူတွေ စားဖူးသွားစေတယ်။
“သုတေသနပြုချက်တစ်ခုက အစားတစ်ခုကို နမူနာ စားကြည့်ခွင့်ရသူဟာ
အဲဒီအစားအသောက်ရဲ့အရသာကို သုံးလလောက် အမှတ်ရစေတယ်” လို့
ဆိုပါတယ်။
ချက်ချင်းဝယ်မစားသူတွေလည်း တစ်ချိန်ချိန်မှာ သတိရပြီးလာဝယ်စားဖြစ်သွားတာပါပဲ။
အစားတစ်ခုကို နေ့တိုင်းစားလာရင် တစ်ချိန်မှာ ဘာစားရမှန်းမသိတာမျိုးဖြစ်တတ်ပါတယ်။
အဲဒီလိုအချိန်မှာ ဆူးရှီးကို မြည်းစားခွင့်ရသူဟာ ဆူးရှီးကို အရသာတွေ့သွားပြီး
ဝယ်စားဖြစ်သွားစေတာမျိုးလည်း အများကြီးကြုံတွေ့ရပါတယ်။
ကျနော်ကတော့ နမူနာပေးတာကို အလှူလုပ်တယ်လို့ မှတ်ယူပါတယ်။
ကျနော်နမူနာလုပ်ရင် ကောင်းကောင်းလုပ်တယ်။
ပါဝင်ပစ္စည်းတွေကို မခိုဘူး။
အပြည့်ထည့်ပေးတယ်။
နည်းနည်းစားပြီးအရသာရှိမှ သူ့အဖို့ တစ်ချိန်ချိန်မှာ သတိရစေနိုင်တယ်။
သတိမရလည်း ကိစ္စမရှိပါဘူး။
သဒ္ဒါစိတ်နဲ့ကောင်းကောင်းကျွေးလိုက်တော့လည်း အလှူလေးဖြစ်သွားစေတာပေါ့။
နေ့တိုင်း အလှူလုပ်ဖြစ်တယ်။
တစ်နေ့ထက်တစ်နေ့ နမူနာပိုပိုပြီးကျွေးဖြစ်တယ်။
စေတနာက အကျိုးပေးပါတယ်လို့အမေမကြာခဏပြောသလိုပါပဲ။
ကျနော်တို့ဆိုင်လေးဟာ တစ်နေ့ထက်တစ်နေ့
ရောင်းကောင်းသထက် ရောင်းကောင်းလာတယ်။



နမူနာပေးတိုင်း သတိထားမိတဲ့အချက်တစ်ခုက
ဒီကလူတွေက ဘာမှန်းမသိတဲ့အစားအစာကို ပါးစပ်ထဲထည့်ဖို့
ဝန်လေးတာလား။
ဒါမှမဟုတ် ဘာမဆို သိချင်တာလားတော့ မသိဘူး။
နမူနာပေးတိုင်း ဒါက ဘာလဲလို့မေးတတ်တယ်။
ဒီတော့ နမူနာအစားအစာမှာ ပါဝင်တဲ့ပါဝင်ပစ္စည်းကို ရှင်းပြရတယ်။
ပြောရင်းနဲ့သူတို့နဲ့စကားပြောဖြစ်လာတယ်။
ပိုရင်းနှီးလာတယ်။
ဘာသာစကားလည်း တိုးတက်လာတယ်။
ဒါကိုလည်း အမြတ်တစ်ခုလို့မှတ်ယူပါတယ်။

နောက် သတိထားမိတဲ့အချက်တစ်ခုက
အစားအသောက်တွေရဲ့ထည့်တဲ့ဘူးရဲ့အောက်မှာ ပါဝင်ပစ္စည်းအကြောင်းကို
အသေးစိတ်ရေးထားလေ့ရှိတယ်။
ဒီကလူတွေက အစားအသောက်မဝယ်ခင် အဲဒီစာကို
အသဲအသန် ဖတ်တတ်ကြတယ်။
ဖတ်ပြီးဆိုတာနဲ့ဘူးကို စောက်ထိုးလှန်ပြီး ဖတ်ကြတာပေါ့။
လှလှပပထည့်ထားတဲ့အစာအစားတွေ
ဂျွန်ထိုးမှောက်ခုံတွေဖြစ်ပြီး မလှမပဖြစ်ကုန်ရော။
မလှတော့ရင်လည်း မဝယ်ကြပြန်ဘူး။
ရောင်းဖို့လုပ်ထားတဲ့အစာအစားတွေ မဝယ်ရင်ရှုံးတာပေါ့။
ဒီတော့ ပြန်ပြင်ရတယ်။
ဒါလည်း အလုပ်ရှုတ်လှပေမယ့် စားသုံးသူရဲ့အခွင့်အရေးဆိုတော့လည်း
မပြောသာဘူး။
သူတို့တွေဟာ ကိုယ်စားမယ့်အစားအစာကို သေသေချာချာ သိအောင်လုပ်တာတော့
ကောင်းပါတယ်။
စာတွေဖတ်၊ ပြီးတော့ စဉ်းစား၊ နောက် တစ်ခုချင်းရွေး၊
အချိန်တွေ အများကြီးပေးပြီးမှ စားစရာတစ်ခုကိုရတယ်။
စားစရာအတွက် အချိန်တွေ အများကြီးပေးဖို့ လိုအပ်လို့လားလို့တွေးမိတယ်။
ဒီကလူတွေ အစားအစာအတွက် အချိန်ပေးတာ များလွန်းနေတယ်လို့ ထင်မိတယ်။
ဒီမှာက အစားအစာအမျိုးအမည်တွေက သိန်းသန်းမကရှိနေတယ်လေ။
သူ့ထက်သူ ပိုကောင်းအောင်လုပ်ပြီး ပြိုင်ရောင်းနေကြလေရဲ့။
ကိုယ့်ပစ္စည်း လူကြိုက်များပြီဆိုရင် သူဌေးဖြစ်ပြီလေ။
ဒီတော့ ယှဉ်ပြိုင်မှုက ပြင်းထန်လှတယ်။
ရွေးမယ်ဆိုရင် ရွေးစရာက အများကြီး၊
အဲဒီအများကြီးထဲက ဆူရှီးကိုရွေးချယ်သူတွေကို
ကျေးဇူးတင်မိပါတယ်။
++++++++++++++++
ယုံယုံကို ကျနော်မေးကြည့်တယ်။
အခုနေများ လုပ်ခွင့်ရရင် ဘာလုပ်မလဲလို့။
သူမရဲ့အဖြေက မြန်မာပြည်ကို တစ်ရက်လောက်ပြန်ပြီး အမေ့ရင်ခွင်ထဲမှာ
အိပ်လိုက်ချင်တယ်။ပြီးတော့ အမေနဲ့အားရပါးရ စကားပြောချင်မိတယ် တဲ့။
ဟုတ်တယ်အမေ။
ကျနော်လည်း သူမလိုပဲ တောင့်တမိတယ်။
အမေ့ရင်ခွင်ထဲမှာ ဝင်ပြီး အမေပြောပြတဲ့ဖြစ်ရပ်မှန်ပုံပြင်တွေကို
နားထောင်ချင်မိတယ်။
အခုချိန်မှာတော့ဒါဟာ အတောင့်တဆုံးဆန္ဒပါပဲ။
ဒီမှာက ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက်ပေါပေါ၊
ကောင်းတဲ့အရာတွေ ဘယ်လောက်ရှိရှိ၊
အမေ့မေတ္တာထက် ကောင်းတာတော့ ရှိမယ်မထင်ပါဘူး။
ဒါကြောင့် အမေ့ရင်ခွင်ကို မကြာခဏ လွမ်းမိတာတော့အမှန်ပါပဲ။
+++++++++++

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အေသင်မြို့၊
ဂျော်ဂျီယာပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
၇-၂၆-၂၀၁၃




1 comment:

MyintKhineUSA said...

Your novel is great and true.

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com