Saturday, October 9, 2010

“ ငရဲ နဲ့ နတ်ပြည်...”



တစ်ခါတုန်းက
လူတစ်ယောက်ဟာ ဘုန်းတော်ကြီးတစ်ပါးဆီကိုရောက်လာပြီး

“ ငရဲ ဘာလဲ၊
နတ်ပြည်ဘာလဲ
ဆိုတာ သိချင်ပါတယ်။
တကယ်ရှိရင် ကျနော့်ကို ပြပါ ”
လို့ မေတ္တာရပ်ခံပါတယ်။

ဘုန်းတော်ကြီးက ဘာမှ မပြောဘဲ ခန်းမကြီးတစ်ခုဆီ ကိုခေါ်သွားတယ်။
အခန်းရဲ့အလယ်မှာ ဟင်းပွဲတွေအများကြီး၊စားချင်စဖွယ်ဖြစ်သလို
တစ်ခန်းလုံးလည်း ဟင်းနံ့ကမွှေးနေပါတယ်။
အခန်းထဲမှာရှိတဲ့ လူတိုင်းမှာ ဇွန်းကိုယ်စီနဲ့၊
ဟင်းကိုခပ်စားဖို့ ကြိုးစားနေသူတွေက အများကြီး၊
ဒါပေမယ့် သူတို့ရဲ့ဇွန်းတွေက
အရှည်ကြီးဖြစ်နေတယ်။
ဒါကြောင့်
ခပ်လိုက်တဲ့ ဟင်းတွေဟာ ပါးစပ်ဆီ မရောက်ခင် ပြုတ်ကျကုန်ပါလေရော။
ဘယ်သူမှ
စားရတယ်လို့မရှိဘူး။
ဒါပေမယ့် လုယက်ပြီးစားဖို့ကြိုးစားနေကြတယ်။
မြင်မကောင်းဘူး။
အကုန်လုံးက ပိန်ခြုံးခြောက်ကပ်နေကြလေရဲ့။
ဘုန်းတော် ကြီးကပြောတယ်။
“ အဲဒါ ငရဲဘဲ ”


ဘုန်းတော် ကြီးကနောက်တစ်ခန်းဆီကိုခေါ်သွားပြန်တယ်။
အဲဒီအခန်းမှာလည်း စောစောက အခန်းထဲမှာလိုပဲ ဟင်းပွဲတွေက အများကြီး၊
စားချင်စဖွယ်ဖြစ်သလို တစ်ခန်းလုံးလည်း မွှေးကြိုင်နေပါတယ်။
အဲဒီမှာလည်း အင်မတန်ရှည်တဲ့ ဇွန်းတွေကိုင်ထားတဲ့လူတွေအများကြီးရှိနေပါတယ်။
ထူးခြားတာက အရင်အခန်းလို လူတွေက ဟင်းတွေကို သု့ထက်ငါ
လုယက်စားဖို့မကြိုးစားကြဘူး။
ကိုယ့်ဇွန်းရှည်နဲ့ခပ်ပြီး အနီးဆုံးမှာရှိတဲ့လူကို
ခွန့်ကျွေးတယ်။
ပြီးတော့ အပြန်အလှန် ခွန့်ကျွေးကြတယ်။
လူတွေအားလုံးဟာလည်း
၀၀လင်လင် စားကြရတယ်။
လူတွေရဲ့မျက်နှာတွေကလည်း ပြုံးရွှင်နေကြလေရဲ့။
ဘုန်းတော် ကြီးကပြောတယ်။
“ အဲဒါ နတ်ပြည်ဘဲ...”



တကယ်တော့ ငရဲ နဲ့နတ်ပြည် ရဲ့
အဓိက ကွာခြားတာက စိတ်နေ သဘောထားပါ။
ဒါကို နားလည်ရင် ငရဲ နဲ့ နတ်ပြည်ဟာ
ကိုယ့်ရဲ့ရွေးချယ်မှု ပေါ်မှာ မူတည်ပြီး

အချိန်မရွေး
ရောက်သွားနိုင်တဲ့ နေရာတစ်ခုဆိုတာ
သဘောပေါက်မှာပါနော်။


နံပါတ်...လေးဆိုတဲ့အချက်....





ဆေးတက္ကသိုလ်တွင် ဖြစ်တယ်။
ကျောင်းသားများဟာ
ကလေးဆေးပညာ(Pediatric Medicine)ဘာသာရပ်ကို
ဖြေဆိုရမယ်ဖြစ်တယ်။

မွေးခါစ ကလေးငယ်ကို မှန်မှန်ကန်ကန် ဖွံ့ဖြိုးကြီးထွားလာစေရန်
မည်ကဲ့သို့ပြုစုရမည်နည်းနှင့်ဆက်စပ်သည့်မေးခွန်းတွေကို
မောင်တင့်ဆွေကဖြေကြားရဖွယ်ရှိနေတယ်။

ဒါပေမယ့်
ကောင်းမွန်စွာပြင်ဆင် ကျက်မှတ်ထားခြင်းမရှိတဲ့အတွက်
စာမေးပွဲခန်းထဲ
မ၀င်ခင်ကတည်းက စိတ်လှုပ်ရှားနေတယ်။
ထင်တဲ့အတိုင်းဖြစ်လာတယ်။
ဘယ်မေးခွန်းမှ မလွယ်။

အခက်ဆုံးမှာ
“ စက်ရုံထုတ်နို့ဘူးနှင့်နှိုင်းစာလျှင်
မိခင်နို့ရဲ့အားသာချက်လေးခုကိုဖေါ်ပြပါ ”
ဆိုတဲ့မေးခွန်းဖြစ်တယ်။

အဖြေကို
ဆေးကျောင်းသားဖြစ်သူ မောင်တင့်ဆွေ ကမသိ။
အမျိုးမျိုးစဉ်းစားကြည့်တယ်။ မရ။
အချိန်အတန်ကြာသွားမှ `အားသာချက်သုံးခု´ကို စဉ်းစားမိလာတယ်။
စာရွက်ပေါ်ချရေးလိုက်တယ်။

တစ်--- `မိခင်နို့ကို ကျိုချက်စရာမလို၊´

နှစ်......`ဘယ်အချိန်သောက်သောက် အန္တရာယ်မရှိ´

သုံး......`လိုတဲ့အချိန်မှာ ရတယ်။´

လေး............................................

စဉ်းစားမရ။

ဖြစ်နိုင်တာတွေကို တွေးကြည့်တယ်။
ဘာမှ မယ်မယ်ရရ ပေါ်မလာ။
သတ်မှတ်ထားတဲ့အချိန်ကုန်ဖို့ တဖြည်းဖြည်းနီးလာတယ်။
စဉ်းစားမရသေးပါ။

မောင်တင့်ဆွေရဲ့နဖူးမှာ ချွေးတွေစို့လာတယ်။ ဗြုန်းဆို
ဘေးနားမှာထိုင်နေတဲ့ကျောင်းသူက ထိုင်နေရာက ထပြီး
သုမရဲ့အဖြေလွှာကို အပ်ရန်
ဒေါက်ဖိနပ်မြင့်မြင့်ကို တဒေါက်ဒေါက်နဲ့
တစ်ကိုယ်လုံးလှုပ်ခါပြီးလျှောက်ထွက်သွားတယ်။
သူမကို ကြည့်ပြီး
မောင်တင့်ဆွေရဲ့မျက်လုံးတွေ ၀င်းလက်လာတယ်။
ခေါင်းထဲကို အတွေးတစ်ခု
ဖျပ်ခနဲဝင်လာတယ်။
အဲဒီအတွေးကို သူဟာ ချက်ချင်းရေးချလိုက်တယ်။

လေး....“ ဘယ်လိုပဲ ပက်ကင်
ထုတ်ထား၊
ထုတ်ထား၊
တအားကြည့်လို့ကောင်းတယ်။”

လို့ဖြေလိုက်ပါတယ်။


“ မိန်းမတွေဟာ အမြဲဘဲကံကောင်းကြပါတယ်...”


ဝယ်လာတဲ့ ထီလက်မှတ်ကိုပြပြီး
မိန်းမဖြစ်သူ ခင်လေးနွယ်က
ယောက်ျား ဖြစ်သူ ကိုဦး ကို
ပြောတယ်။

“ ထီပေါက်ရင် စိန်နားကပ်ဝယ်မယ် ”

တဲ့။

ယောက်ျားကိုဦးက....

“ တကယ်လို့မပေါက်ခဲ့ရင်ကော.......”

လို့လျှာရှည်ပြီးပြန်မေးလိုက်တော့

“ အဲဒါဆို ကိုကို ၀ယ်ပေးရမယ် ”

လို့ခင်လေးနွယ်ကဖြေလိုက်ပါတယ်။




“ ဘယ်သူ့ကို ပိုကြိုက်သလဲဟင်...?”




လင်မယားနှစ်ယောက်ဟာ
ညနေခင်းအချိန်မှာ
တောလမ်းလေးမှာ
လမ်းလျှောက်လာကြရင်း

မိန်းမဖြစ်သူ မအေးမော်က
ယောက်ျားဖြစ်သူ ကိုသိန်းဝင်းကို
မေးတယ်။

“ မောင်...ရုပ်ချောတဲ့အမျိုးသမီးနဲ့

ဥာဏ်ကောင်းတဲ့အမျိုးသမီး

ဘယ့်သူ့ကို ပိုကြိုက်သလဲဟင် ”

ကိုသိန်းဝင်းက ပြုံးပြီး....

“ ဘယ်သူ့ကိုမှ မကြိုက်ဘူး။
ဒါကြောင့်လည်း
မင်းကို ငါ လက်ထပ် လိုက်တာပေါ့ကွာ ”

လို့ပြန်ဖြေလိုက်သတဲ့ဗျာ...။
ကဲ...ကောင်းရော!..............။

“ အမေငို...”



တစ်ခါတုန်းက...
မိန်းမကြီးတစ်ယောက်မှာ သားနှစ်ယောက်ရှိတယ်။
သားကြီးက ထီးရောင်းတယ်။
သားငယ်က အထည်တွေကို ဆေးဆိုးတဲ့အလုပ်လုပ်တယ်။
နေပူတဲ့အခါ သားကြီးရဲ့ထီးတွေ ရောင်းမကောင်းဘူး။
အဲဒီအမေအိုကြီးက ငိုတယ်။

သားကြီးအတွက်စိတ်မကောင်းဖြစ်ပြီး ငိုရတယ်။

ဟော...မိုးရွာတဲ့အခါမှာတော့
သားငယ်ရဲ့ဆေးဆိုးတဲ့အလုပ်က ဆေးမခြောက်တော့ဘူး။
သားငယ်ရဲ့အလုပ်ကမကောင်းပြန်ဘူး။
သားငယ်အတွက်စိတ်မကောင်းဖြစ်ပြီး
အမေအိုကြီးက ငိုပြန်ရော။
အဲဒီတော့ အမေအိုကြီးအဖို့
နေပူလည်းငို၊
မိုးရွာလည်းငို
ဆိုတော့
တစ်ချိန်လုံးငိုနေရတာပေါ့။
ဒါကြောင့် ပတ်ဝန်ကျင်က လူတွေက သူမကို
အမေငိုလို့ အမည်ပေးကြတယ်။


တစ်နေ့တော့ အမေအိုကြီးငိုနေတာကို
ခရီးသွားတစ်ယောက်ကမြင်ပြီး

ဘာကြောင့်ငိုသလဲလို့မေးတာပေါ့။

အမေအိုကြီးက ငိုရတဲ့အကြောင်းကိုအမှန်အတိုင်း ပြောတာပေါ့။
ဒီတော့ အမေအိုကြီးရဲ့အဆိုးမြင်စိတ်ကြောင့် ငိုနေရပါလားလို့
ခရီးသွားက သတိထားမိသွားတာပေါ့။

“ အမေငိုရယ်...
အကောင်းမြင်စိတ်ကိုမွေးပြီး
နေပူတဲ့အခါ သားငယ်အတွက်
အထည်တွေကို
အခြောက်လှန်းခွင့်ရတဲ့ အတွက်
အမေအိုကြီးဝမ်းမြောက်ဝမ်းသာဖြစ်သင့်ပါတယ်။


မိုးရွာတဲ့အခါမှာလည်း

ထီးရောင်းကောင်းတဲ့ သားကြီးအတွက် ၀မ်းသာသင့်တယ် ”
လို့
အကြံပေးလိုက်ပါတယ်။

အဲဒီအချိန်ကစပြီး အမေအိုကြီးဟာ
သဘောထားကိုပြောင်းလိုက်တဲ့အတွက်
အမေအိုကြီးရဲ့မျက်နှာမှာ အမြဲတမ်း
အပြုံးတွေ ဝေနေပါတော့တယ်။



အဆိုးမြင်စိတ်ဟာ
မကောင်းမှန်းသိပေမယ့်
အကျင့်ဖြစ်နေရင်...
ကိုယ်စိတ်ကို ခွာချဖို့ဆိုတာ မလွယ်ပါဘူး။


အကောင်းမြင်စိတ်ဟာလည်း

မွေးမြူလို့ရနိုင်တဲ့ စိတ်ဓါတ်မျိုးဖြစ်ပါတယ်။

ဘယ်စိတ်ဓါတ်မျိုးက
ကိုယ့်အတွက် တွက်ခြေကိုက်မယ် ဆိုတာကတော့

ကိုယ်နဲ့ပဲ ဆိုင်မယ်ထင်မိပါတယ်။



“ သေချာတဲ့ အဓိက အကြောင်းရင်း...”




ဆဋ္ဌမမြောက်ပြင်သစ်ဘုရင် `ဖိလစ်´ ဟာ

တစ်နေ့သော်
“ အခွန်ကောက်ခံရရှိမှု

တစ်နေ့တခြား နည်းပါးလာပါလား ”

လို့ အခစားဝင်လာကြသူ မှူးမတ်များအားမေးရာ
ဘယ်သူကမှ မဖြေဘဲ ငြိမ်နေကြတယ်။

ဒီအချိန်မှာ
ပျော်တော်ဆက်ဝန်ဟာ
ရေခဲတစ်တုံးကို ယူလိုက်တယ်။
အဲဒီနောက် တစ်ဦးချင်းလက်ဆင့်ကမ်းပြီး
ဘုရင်ကြီးဆီ အရောက်ပို့ခိုင်းလိုက်ပါတယ်။

ဘုရင်ကြီးဆီရောက်တဲ့အခါ
ရေခဲတုံးဟာ
လုံးဝအရည်ပျော်သွားပြီ ဖြစ်နေပါတယ်။

ပျော်တော်ဆက်ဝန်က.......................

“ အဓိက အကြောင်းရင်းဟာ အဲဒါပါပဲ ”

လို့ ပြောလိုက်ပါတယ်။

“ အလှ ကိုယ်စီ၊ စွမ်းရည်ကိုယ်ငှ...”




ကုန်တင်ကားကြီးတစ်စီးဟာ
လိုဏ်ခေါင်းတစ်ခုကို ဖြတ်မောင်းတယ်။
ကုန်တင်ကားကြီးရဲ့နောက်ကိုယ်ထည်အမိုးနဲ့
လိုဏ်ခေါင်းညှပ်မိပါလေရော။

ကားဟာ ရှေ့လည်းတိုးမရ။
နောက်လည်းဆုတ်မရ ဖြစ်နေပါလေရော။

အချိန်ကြာလာ တာနဲ့အမျှ

နောက်က စောင့်နေတဲ့ ကားတန်းကြီးက အရှည်ကြီးဖြစ်လာတယ်။

ဒရိုင်ဘာနဲ့ သူ့ရဲ့အဖော် စပယ်ရာကအမျိုးမျိုး ကြိုးစားကြတယ်။

ကားကို ရှေ့တိုးကြည့်တယ်။
မရဘူး။
နောက်ဆုတ်ကြည့်တယ်။
ဒါလည်းမရဘူး။
ကားကို စက်နှိုးပြီး တအားမောင်းထွက်ကြည့်တယ်။

ကားဟာ ဘယ်လိုမှ မရွေ့ဘူး။


သူတို့ကြိုးစားနေတဲ့တစ်ချိန်လုံးမှာ
ချာတိတ်လေး တစ်ယောက်က အနားမှာ ရစ်သီရစ်သီလာလုပ်နေတယ်။
လက်ကိုနောက်ပစ်ပြီး ကြည့်နေတာပေါ့။

လာရှုပ်ရန်ကောဆိုပြီးသူ့ကိုမောင်းထုတ်တယ်။
ဘယ်လိုလုပ်လုပ် ကားကမရွေ့တဲ့အခါ

ဒရိုင်ဘာက ချာတိတ်ကို မေးတယ်။


`မင်းက ကူညီချင်လို့လား။
ကဲ...ပြောစမ်းပါအုန်းဘာလုပ်ရမလဲဆိုတာ´

ချာတိတ်လေးက
` ဟုတ်တယ်။

ကားဘီးတွေကို လေနည်းနည်းလျှော့ကြည့်စမ်းပါလားဗျာ...´တဲ့


ချာတိတ်လေးပြောသလို
ကားဘီးတွေကို လေနည်းနည်းစီလျှော့ကြည့်တဲ့အခါ
ကားဟာ အစဉ်ပြေပြေနဲ့
လိုဏ်ခေါင်းကလွတ်မြောက်သွားပါတော့တယ်။

တစ်ခါတစ်လေမှာ
မမျှော်လင့်တဲ့လူတွေဆီက
မထင်မှတ်တဲ့ အကူအညီတွေ
ရတတ်ပါတယ်။
ဘယ်သူ့ကိုမှ အထင်မသေးဖို့တော့ ပြောချင်ပါတယ်။


အလှ ကိုယ်စီ၊
စွမ်းရည်ကိုယ်ငှ

ရှိကြတယ်ဆိုတာ

သဘောပေါက်ဖို့ပါဘဲ။


“ အားလုံး အတူတူပါပဲ...”



ဂျာမန် အနုဇီဝဗေဒပညာရှင်

`ရောဘတ်ကော့ခ်´(ROBERT KOCH: 1843-1910)
ဟာ
ကမ္ဘာသိ ထင်ရှားသူဖြစ်ပါလျက်၊
အမြဲတမ်းအလုပ်များသူဖြစ်ပါလျက်နှင့်ပင်
သာမန်လုပ်သားပြည်သူများကို
ဂရုစိုက်ဆေးကုပေးလေ့ရှိတယ်။

တစ်နေ့သောအခါ
သူ့ကို
ကိုင်ဇာဘုရင် `၀ီလျံ´

ဆင့်ခေါ်သဖြင့်
နန်းတော်သို့ရောက်လာတယ်။

ဘုရင်ကပြောတယ်။

`ဆင်းရဲသားတွေကို ကုသလိုမဟုတ်ဘဲ
ကျုပ်ကို တစ်မျိုးတစ်ဖုံ ခင်ဗျားကုမယ်လို့
မျှော်လင့်တယ်။´

` ကော့်ခ်´ ကတည်ကြည်ခံ့ညားစွာပြန်ပြောတယ်။

`အဲဒါတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့

အများပြောကြတဲ့အတိုင်း ပဲ

ကျနော်ဟာ
လူနာမှန်သမျှကို
ဘုရင်တစ်ယောက် အမှတ်နဲ့
အမြဲတမ်း ကုသပေးသူဖြစ်လို့ပါ ´


“ ကြက်ဖကို အတုယူ...”




`စကားများများပြောရင် အကျိုးရှိပါသလား´

လို့ တရုတ်တွေးခေါ်ရှင် `မိုစီ´ (479-500 ဘီစီ)
ကို

တပည့်တစ်ဦးကမေးပါတယ်။

သူကဖြေလိုက်တာက...

` အဓိပါယ် မရှိတဲ့ စကားချည်းပြောနေလို့ ဘာအကျိုးရှိမှာလဲ၊
ဥပမာ...ဖားကိုကြည့်ပေါ့။

ဖားဟာနေ့ညမရွေးအော်နေတယ်။
အော်ရလွန်းလို့ သူ့ပါစပ်တောင် ခြောက်နေပြီ။

ဒါပေမယ့် သူ့ကို ဘယ်သူမှ ဂရုမစိုက်ဘူး။

အဲ........ကြက်ဖကျတော့ မနက်ပိုင်းမှာ နှစ်ခါ သုံးခါပဲ တွန်တယ်။
ဒါပေမယ့်
လူတွေအားလုံး သူတွန်တာကို ဂရုတစိုက်နားထောင်ကြတယ်။
မိုးလင်းပြီဆိုတာကို သိကြတာကိုး။

ဒါကြောင့်
အဓိပါယ်
ရှိတာကို ပဲပြောသင့်တယ် ´



“ ဆုံးဖြတ်ရတာ လွယ်တယ်မထင်ပါနဲ့...”




သမ္မတတာဝန်ကို ထမ်းဆောင်ရတာ မလွယ်ကူလှကြောင်းကို
အမေရိကန် သမ္မတ `ဖရန်ကလင်ရုစဘဲ့´( FRANKKIN ROOSEVELT: 1882-1945) က
မိတ်ဆွေများကို အဖြစ်အပျက် တစ်ခုနဲ့ ယှဉ်ပြီး အောက်ပါအတိုင်း ရှင်းပြခဲ့တယ်။


“ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်နေတဲ့ လူတစ်ယောက်ဟာ
မြို့ပေါ်က လူငယ်တစ်ယောက်ကို အလုပ်သမားအဖြစ်နဲ့ ငှားလိုက်တယ်။
လူငယ်ဟာ မြင်းတစ်ကောင်လို အားကောင်းသူ ဖြစ်တယ်။
ခြံပိုင်ရှင်ဟာ လူငယ်ကို ခြံတစ်နေရာကနေ နောက်တစ်နေရာကို
တစ်နေ့လုံး အလေးအပင် တွေ သယ်ခိုင်းတယ်။
လူငယ်ဟာ ခိုင်းတဲ့အတိုင်း မငြီးမငြူးလုပ်တယ်။
ပင်ပန်းတဲ့ အရိပ်အရောင်လုံးဝမပြဘူး။
အလေးအပင်တွေ သယ်ရုံတင်မကဘူး။
ခြံကျယ်ကြီးထဲမှာ ရှိနေတဲ့ ကျောက်ခဲတွေ၊ အမှိုက်သရိုက်တွေကို ရှင်းပေးတယ်။
တစ်ပတ်လောက်ကြာတော့ လူငယ်ကို ခြံပိုင်ရှင်က သနားစိတ် ၀င်လာတယ်။

ဒါနဲ့ ခပ်ပေါ့ပေါ့တာဝန်ကိုပဲ ပေးဖို့ဆုံးဖြတ်လိုက်တယ်။
အဲဒါက ဘာလဲဆိုတော့ အားလူးတွေကို ကောက်ပြီး
ကောင်းတာကို တစ်ပုံ၊
အလယ်လတ်တန်းစားကိုတစ်ပုံ၊
ညံတဲ့အတန်းအစားကို နောက်တစ်ပုံ၊
သီခြားစီပုံပေးဖို့တာဝန်ပေးလိုက်တာပဲ။
ညနေပိုင်း ရောက်တော့ တဲထဲကို ခြံပိုင်ရှင်ဝင်ကြည့်တယ်။
လူငယ်ဟာ ပင်ပန်းနွမ်းနယ်စွာနဲ့ ထိုင်နေတာကို မြင်လိုက်ရတယ်။

ခြံပိုင်ရှင်ကမေးတယ်။
“ မင်းဘယ်လိုဖြစ်နေတာလဲ၊
ငါခိုင်းတဲ့အလုပ်ဟာ အလေးအပင်ထမ်းရတဲ့ အလုပ်မဟုတ်ဘူးလေကွာ”

“ ကျနော်သိပါတယ်။
တစ်နေ့လုံး ဆုံးဖြတ်ချက်ချရတာကြောင့်
ကျနော်စိတ်မောလူမောဖြစ်သွားတာပါ ” တဲ့

“ အသေချာဆုံး ပိန်နည်း...”




သမားတော်ကြီး ဦးတင်မောင်အေး ထံ
လူဝကြီးတစ်ယောက်ရောက်လာပြီး
အကူအညီတောင်းပါတယ်။

“ ပိန်အောင် ဘယ်လိုလုပ်ရမလဲဒေါက်တာ၊
သူများတွေပေးတဲ့အကြံအတိုင်း
ကျနော်အမျိုးမျိုးလုပ်ကြည့်ပါတယ်။
ဘာမှ အကျိုးမထူးပါဘူး။
ဆရာကြီးများ အကူအညီပေးနိုင်မလားဆိုပြီး လာခဲ့တာပါ´

သမားတော်ကြီး လူနာကို ကြည့်ပြီးပြောတယ်။

“ အသေချာဆုံးနည်း တစ်ခုပေးလိုက်မယ်။
တစ်နေ့ကို ခင်ဗျားတစ်ထောင်ကျပ်ဖိုးပဲစားပါ။
အဲ...........................၊အဲဒီငွေကလဲ
ခင်ဗျား ကိုယ်တိုင်
ပင်ပင်ပန်းပန်း ရှာဖွေလို့ရတဲ့ ပိုက်ဆံဖြစ်ရမယ်။ ”

“ လူတွေ...လူတွေ...ခက်လိုက်တာမပြောပါနဲ့တော့!...”




ဒေါက်တာ ရမ်းကုတွေ၊ အသပြာဆရာဝန်တွေကြောင့်
ဆရာဝန်တွေ အရမ်းနာမည်ပျက်နေတာကို စိတ်မကောင်းဖြစ်နေတဲ့ သကြားမင်းဟာ
လူယောင်ဖန်းဆင်းပြီး အခြေအနေတွေကို
အကောင်းဘက်ကိုပြောင်းအောင်လုပ်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့
လူပြည်ကိုဆင်းလာတယ်။
အထူးကုဆေးရုံတစ်ခုမှာ ဆရာဝန်အဖြစ်အမှုထမ်းတယ်။
ပထမနေ့မှာပင် သူ့ရဲ့ဆေးကုသခန်းထဲကို
မွေးကတည်းက ကိုယ်တစ်ပိုင်းသေတဲ့ ဒုက္ခိတတစ်ယောက်
စက်ဘီးတပ်ကုလားထိုင်နဲ့ဝင်လာတယ်။
သကြားမင်းယောင်ဆောင်ထားတဲ့ ဆရာဝန်က လူနာအနားကို ကပ်သွားတယ်။ လူနာရဲ့ပခုံးကိုလက်နဲ့အသာလေးကိုင်လိုက်ပြီးပြောတယ်။

`ကိုင်း! ထလျှောက်စမ်း´

လူနာက ကုလားထိုင်ကထလိုက်တယ်။
အဲဒီနောက်အလွယ်တကူ လမ်းလျှောက်ထွက်သွားတာကိုတွေ့ရတယ်။

အပြင်မှာ တန်းစီစောင့်နေတဲ့ အခြားလူနာတွေက
လမ်းလျှောက်လာတဲ့လူနာကို ၀ိုင်းမေးကြတယ်။

`ဘယ်နဲ့လဲ...ဆရာဝန်သစ်က စွံရဲ့လား´

လူနာက ငြီးငြူးတဲ့ပုံသဏ္ဍန်းနဲ့
`မစွံပါဘူး။
ကျနော်ကို သေသေချာချာလည်းမစမ်းသပ်ပါဘူးဗျာ...´

တဲ့။

ကဲ...ဒါဘာကြောင့်ဖြစ်တာလဲ..



တစ်ခါတုန်းက
အခန်းတစ်ခုထဲကို ခွေးတစ်ကောင် မှားယွင်းပြီးရောက်လာခဲ့တယ်။
အဲဒီအခန်းက
နံရံအားလုံးကို ကြည့်မှန်နဲ့ကာရံထားတဲ့အခန်းပါ။
ခွေးကမှန်လုံးအခန်းထဲရောက်တဲ့အခါ ပတ်ပတ်လည်ကို ကြည့်မိတာပေါ့။
သူ့ကို ခွေးတွေအများကြီးက ၀ိုင်းဝိုင်းလည်ရှိနေပါလား။
ပြီးတော့ သူ့ကိုကြည့်နေကြတယ်။
မှန်ထဲမှာ ပေါ်နေတဲ့ ခွေးတွေဟာ
ဝင်လာတဲ့ခွေးလုပ်တဲ့အတိုင်းလုပ်ကြတာပေါ့။
ဝင်လာတဲ့ခွေးက ဒေါသထွက်သလို ခွေးတွေက ဒေါသထွက်တယ်။
ဝင်လာတဲ့ခွေးတွေ မာန်ဖီသလို
မှန်ထဲကခွေးတွေက မာန်ဖီနေကြတယ်။
မာန်ဖီနေတဲ့ခွေးတွေက များလွန်းတော့
ဝင်လာတဲ့ခွေးကကြောက်လန့်လာတာပေါ့။
ဒါနဲ့ပဲ အခန်းထဲမှာ ပတ်ချာလည်
လှည့်ပြေးတာပေါ့။
အခြားခွေးတွေကလည်း သူလုပ်သလို အခန်းထဲမှာ
လှည့်ပတ်ပြေးကြ၊လိုက်ကြတာပေါ့။
နောက်ဆုံးမှာတော့ အခန်းထဲ မှားဝင်လာတဲ့ခွေးဟာ
အကြောက်လွန်ပြီးလဲကျ သေဆုံးသွားပါတော့တယ်။

တကယ်လို့သာဝင်လာတဲ့ခွေးဟာ ဒေါသမထွက်၊
မာန်မဖီပဲ
အမြီးလေးနှံ့ပြီးရင်းနှီးချစ်ခင်တဲ့သဘောပြခဲ့မယ်ဆိုရင်
မှန်ထဲမှာပေါ်နေတဲ့ခွေးတွေဟာလည်း
သူ့လိုပဲ
ရင်းနှီးတဲ့အမူအရာတွေကိုသာပြမှာဖြစ်ပါတယ်။
နောက်ဆုံးတော့ ဒေါသနဲ့ရန်လိုမှုဟာ
ခွေးတစ်ကောင်ကို သတ်လိုက်ပါတော့တယ်။

ဒီပုံပြင်လေးပြောလို့ ဒါကတော့ ခွေးကိုး ဘာအသိဉာဏ်မှ မရှိလို့
ဒီလိုဖြစ်တာပါလို့
အသိဉာဏ်ရှိတဲ့ လူတွေက ပြောပါလိမ့်မယ်။
လူကြီးမင်း မျက်လုံးနဲ့နားကို
ကျယ်ကျယ်ဖွင့်ပြီး
သတိနဲ့ကြည့်တတ်မယ်ဆိုရင် တွေ့ပါလိမ့်မယ် ။
ဒေါသကြီးတဲ့လူတွေ၊
မာန်ဖီမှန်းမသိ မာန်ဖီနေတဲ့လူတွေကို
တွေ့မြင်ရပါလိမ့်မယ်။


“ ယုံကြည်မှု မရှိတဲ့အခါ…”



အမေရိကန်နိုင်ငံရဲ့ အနောက်အလယ်ပိုင်း က မြို့တစ်မြို့မှ

ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ

ကြေညာချက်တစ်စောင်ရိုက်နှိပ်လက်မှတ်ထိုးပြီး မြို့အနှံ့ လိုက်ကပ်ထားပါတယ်။

ဒီမြို့ကကြွေးတင်နေသူတိုင်းဟာ သတ်မှတ်ထားတဲ့နေ့ မနံက်ပိုင်း -နာရီမှ ၁၂ နာရီအတွင်း

သူရဲ့ရုံးခန်းကိုလာပါက အဲဒီအကြွေးများကို ဆပ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


အဲဒီကြော်ငြာချက်ဟာ

တစ်မြို့လုံး စိတ်ဝင်တစားပြောဆိုနေတဲ့ အကြောင်းအရာဖြစ်နေပါတယ်။

ဒါပေမယ့် ယုံကြည်သူ အလွန်နည်းပါးလှပါတယ်။

တစ်ခုခု လျှို့ဝှက်ချက်ရှိရမယ်လို့ ယူဆနေကြပါတယ်။

ဒါနဲ့ပင် သတ်မှတ်ထားတဲ့ နေ့ရက်ကိုရောက်လာပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ကြီးဟာ သူ့ရုံးခန်းမှာ နံနက်()နာရီကစပြီး ထိုင်ပါတယ်။

နံနက် (၁၀)နာရီထိုးတဲ့အထိ တစ်ဦးမှ ရောက်မလာကြပါ။

(၁၁)နာရီမှာလူတစ်ဦး ရုံးခန်းတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး

ရုံးခန်းတံခါးကို ကွက်ကြည့်ကွက်ကြည့်လုပ်နေတာကို တွေ့ရပါတယ်။

နောက်ဆုံးမှာတံခါးကိုဖွင့်ပြီးခေါင်းပြူကြည့်ပြီး

လူတိုင်းရဲ့ ကြွေးကိုခင်ဗျားကပေးမယ်ဆိုတာ ဟုတ်ပါသလား

လို့မေးပါတယ်။

မှန်ပါတယ်၊ခင်ဗျားမှာ ကြွေးတင်နေပါသလား

လို့ လုပ်ငန်းရှင်က မေးပါတယ်။

ဟုတ်ပါတယ်။ ကျနော်မှာ ကြွေးတင်နေပါတယ်။

လို့ ဝင်လာသူက ဖြေပါတယ်။

ခင်ဗျားကြွေးတင်ကြောင်း အထောက်အထား ဘာပြနိုင်သလဲ

လို့လုပ်ငန်းရှင်က ထပ်မေးလိုက်ပါတယ်။

ဝင်လာသူဟာ ပါလာတဲ့ကြွေးတင်ကြောင်းအထောက်အထားများကို ပြသပါတယ်။

စီးပွားရေးလုပ်ငန်းရှင်က အားလုံးသောအကြွေးများအတွက် ချက်လက်မှတ်တစ်စောင်ရေးပေးလိုက်ပါတယ်။


၁၂-နာရီမထိုးမီ နောက်ထပ်လူ ()ဦးထပ်လာပါတယ်။

သူတို့ရဲ့ အကြွေးများကိုလည်း စီးပွားရေးလုပ်ငန်းရှင်က ဆပ်ပေးလိုက်ပါတယ်။

ပြင်ပမှ ပုဂ္ဂိုလ်များမှာ အဲဒီဖြစ်ရပ်ကို မယုံနိုင်အောင်ဖြစ်နေကြပါတယ်။

ဒါပေမယ့် သူတို့တွင် တင်နေတဲ့ အကြွေးများကိုပေးချေဖို့အတွက်

အချိန်မှာ ကုန်လွန်သွားပြီ ဖြစ်ပါတယ်။


လူတွေဟာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ အကြောင်းအရာအပေါ် ယုံကြည်မှု မရှိတဲ့အတွက်

ဆုံးရှုံးခြင်း ဖြစ်နိုင်ကြောင်း အကောင်းဆုံးဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

သင်ခန်းစာယူတတ်ဖို့လိုအပ်ပါတယ်။

“သေသေချာချာ နားထောင်ရဲ့လား”



အမေရိကန်လူမျိုး၊ ရုပ်ရှင်မင်းသား ဂျက်ဟဲရစ်ဟာ

သူ့အကြားအာရုံ ချွတ်ယွင်းနေပြီလို့ထင်နေတယ်။

ဒါကြောင့် နားအထူးကုဆရာဝန်ဆီကို သွားပြပါတယ်။

ဆရာဝန်ကလည်း သေသေချာချာစစ်ဆေးကြည့်ပါတယ်။

ဆရာဝန်က ရွှေချိန်သီးလေးနဲ့ ပြုလုပ်ထားတဲ့ အချိန်ပြကိရိယာလေးကို ထုတ်လာပြီး

ဒီချိန်သီးလေးက မြည်နေတဲ့ တစ်-တောက်ဆိုတဲ့ အသံကို ခင်ဗျားကြားရဲ့လား

လို့မေးပါတယ်။

ဟုတ်ကဲ့ ကောင်းကောင်းကြားပါတယ်

လို့ ဟဲရစ်က ပြန်ဖြေပါတယ်။

ဆရာဝန်ကြီးက နာရီချိန်သီးကို တံခါးဆီယူသွားပြီး

တံခါးနားတွင် လက်ဖြင့်ကိုင်ရင်း

အခုကော ခင်ဗျားကြားရဲ့လား

လို့ ထပ်မေးပါတယ်။

ဟဲရစ်က စူးစိုက်ပြီး နားထောင်ပါတယ်။

ပြီးတော့

ဟုတ်ကဲ့၊ ကျနော်ကောင်းကောင်းကြားရပါတယ်

လို့ ပြန်ဖြေပါတယ်။

ဆရာဝန်ကြီးက တံခါးကထွက်ပြီး အခြားအခန်းတစ်ခုထဲ ကူးသွားပြီး

အခြားအခန်းမှ နေပြီး

အခုကောခင်ဗျားကြားသလား

လို့ လှမ်းမေးလိုက်ပါတယ်။

ဟဲရစ်က သေသေချာချာ နားထောင်ပြီး

ဟုတ်ကဲ့ ကြားရပါတယ်။

လို့ ပြန်ဖြေပါတယ်။


အဲဒီအခါ ဆရာဝန်ကြီးက

ဒီမယ်၊ မစ္စတာဟဲရစ်၊ ခင်ဗျားနားကတော့ ဘာမှ မဖြစ်ပါဘူး။

ခင်ဗျားမကြားဘဲဖြစ်နေတာကတော့ သေသေချာချာ နားမထောင်လို့ပါ

လို့ ပြောလိုက်ပါတော့တယ်။



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com