Sunday, June 7, 2015

"အမေ့ထံသို့ ပေးစာများ-၁၀၇..."




သို့
ချစ်တဲ့အမေ
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
ပြီးခဲ့တဲ့လက ကုမ္ပဏီက အရောင်းသွက်နေတဲ့
ဆူရှီးတွေကို ဈေးနှုန်းမြှင့်တင်လိုက်ပါတယ်။
လတ်တလောမှာတော့ ရုတ်တရက်ဈေးတက်သွားတဲ့အတွက်
အရောင်းကျသွားလိမ့်မယ်လို့ထင်ခဲ့မိတယ်။
ဒါပေမယ့် တစ်ရက်၊နှစ်ရက်အတွင်းမှာတော့ ဈေးနှုန်းတက်သွားတဲ့အတွက်
စားသုံးသူတွေကို ရှင်းပြရတာတွေ ရှိခဲ့ပါတယ်။
နောက်ပိုင်းမှာ ပိုရောင်းကောင်းလာပါတယ်။
ပိုရောင်းကောင်းတဲ့အတွက် ဝင်ငွေလည်း သိသိသာသာ တက်လာပါတယ်။
ဝင်ငွေကောင်းလာတဲ့အတွက် ပျော်စရာလည်းကောင်းလာပါတယ်။
ဈေးနှုန်းကတော့ တစ်ခုကို အနည်းဆုံး ငါးရာကျပ်စီတော့ တက်သွားပါတယ်။
ဆူရှီးဘူးတစ်ဘူးရဲ့အနည်းဆုံးတန်ဖိုးက
ကျပ် ငါးထောင်ကနေ တစ်သောင်းသုံးထောင်ကျပ်အထိ အသီးသီးရှိပါတယ်။
ဈေးနှုန်းကြီးတယ်လို့ပြောနိုင်ပေမယ့် ဝယ်လိုအားကလည်း တက်သထက်တက်လာပါတယ်။
ဒီဒေသမှာ ရှိတဲ့လူတွေဟာ စားကောင်းမယ်ဆိုရင်
ဈေးနှုန်းကောင်းတာကို မကြောက်တဲ့သဘောမှာ ရှိတာကို တွေ့ရပါတယ်။

+++++++++++++++++++++++++

မြန်မာပြည်မှာတော့ ဖုံးခွန်တွေ ကောက်လာတဲ့အတွက် ဆူညံသံတွေကြားရပါတယ်။
ကျနော်တို့ဆီမှာတော့ ဘာဘဲဝယ်ဝယ် ဝယ်တာမှန်သမျှ အခွန်ကောက်ပါတယ်။
ရေသန့်ဖူးတစ်ဖူးကအစ ကား၊အိမ်အဆုံး အားလုံး အခွန်ဆောင်ရပါတယ်။
အခွန်ဘယ်လောက်ဆောင်ရသလဲဆိုတာလည်း လက်ခံဖြတ်ပိုင်းမှာ တိတိကျကျ ဖော်ပြထားပါတယ်။
အဲဒီအခွန်တွေအားလုံးဟာ အစိုးရရဲ့အုပ်ချုပ်မှုအောက်ကို ရောက်သွားပါတယ်။
အစိုးရက လိုအပ်သလို ပညာရေး၊ကျန်းမာရေးနဲ့
နိုင်ငံအတွက် လိုအပ်တဲ့ဌာနတွေဆီကို ပို့ပေးပါတယ်။
ကြားမှာ ဖြတ်စား၊လပ်စားလုပ်လို့မရပါ။
လုပ်ရင် ထုတ်ဖော်မယ့် သတင်းသမားတွေ ရှိတယ်။
တော်တည့်မှန်ကန်တဲ့သတင်းသမားတွေဟာ မဟုတ်တရုတ်လုပ်တဲ့သမ္မတကို
ဖြုတ်ချနိုင်တဲ့အစွမ်းရှိတာကိုတွေ့ရတယ်။
ထင်ရှားတဲ့အဖြစ်အပျက်တစ်ခုကတော့
ဒုတိယ သမ္မတသက်တမ်းအတွက် မဲတွေခိုးတဲ့သမ္မတ ရစ်ချက် နစ်ဆင်ဟာ
သတင်းသမားတွေရဲ့ထုတ်ဖော်မှုကြောင့် သမ္မတတာဝန်က ရပ်ဆိုင်းတာ ခံခဲ့ရပါတယ်။
အခွန်ကိစ္စနဲ့ပတ်သက်ပြီး အစိုးရက ပွင့်ပွင့်လင်းလင်းသတင်းထုတ်ပြန်တာတွေလည်း
ရှိတဲ့အတွက် ပြည်သူတွေက လက်ခံကြပါတယ်။
အခွန်ကိစ္စကို ပြည်သူတွေအားလုံးလိုလိုလားလား လက်ခံကြတာဟာ
ပြည်သူတွေက အစိုးရအပေါ်ယုံကြည်မှုရှိတဲ့အတွက်ကြောင့်လို့ထင်ပါတယ်။
အစိုးရက သမာသမတ်ကျတဲ့အခါ အခွန်ကိစ္စဟာ ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်တော့ပါ။
ဒီမိုကရေစီနိုင်ငံမှာ အနေကြာလာတော့ အခွန်ဆောင်ရတာဟာ အကျင့်ဖြစ်လာပါတယ်။
အခွန်ဆောင်ရတာဟာ ဝန်ထုပ်ဝန်ပိုးမဟုတ်တော့ပဲ အလှူဒါနတစ်ခုလိုဖြစ်လာပါတယ်။
ရှိတဲ့နေရာကနေ မရှိတဲ့နေရာကို မှန်မှန်ကန်ကန်စီးဆင်းသွားတာကြောင့်
အစိုးရကို ကျေးဇူးတင်မိတယ်လို့ အမေရိကန်နိုင်ငံသားတစ်ဦးကပြောပါတယ်။

+++++++++++++++++++++++

Deli (ဒေးလီ)ဟာ ဒီမတ်ကက်ရဲ့အလယ်ဗဟိုမှာ ရှိတယ်။
Deli ဆိုတာ အသင့်လုပ်အစားအစာတွေကို လုပ်ရောင်းတဲ့ဌာနတစ်ခု။
ကျနော်တို့လည်း အဲဒီအဝိုက်အဝန်းထဲမှာ အလုပ်လုပ်နေတယ်။
Deli ဟာအလုပ်လည်းများတယ်။ ပင်ပန်းလှတဲ့ ဌာနဖြစ်တဲ့အတွက်
ဝန်ထမ်းတွေဟာ အရွေ့အပြောင်းက များလွန်းလှတယ်။
တစ်နေ့တော့ လစ်လပ်သွားတဲ့ လက်ထောက်မန်နေဂျာနေရာကို အမျိုးသမီးတစ်ဦးဝင်လာတယ်။
ဝန်ထမ်းအသစ်ဆိုတော့ စိတ်ဝင်စားမိတယ်။
အမျိုးသမီးက ပိန်ပိန်ပါးပါး။
ထောင်ထောင်မောင်းမောင်းမဟုတ်သလို ပုပုကွကွလည်း မဟုတ်ဘူး။
အသားက ညိုတဲ့အတွက် အမေရိကန်မဟုတ်မှန်းတော့သိတယ်။
ပြောတဲ့စကားက စပိန်ဘာသာစကားကို ပြောနေတာကြားတော့
စပိန်ကိုလိုနီနိုင်ငံတစ်ခုကလာမှန်း သိရတယ်။
ဘာလူမျိုးဆိုတာတော့ သေသေချာချာ မသိဘူး။
နောက်ခင်မင်တော့မှ မေးကြည့်မိတယ်။
အမေရိကားတိုက်အလယ်ပိုင်း တိုင်းပြည်က လာတာ။
ပီရူးနိုင်ငံနဲ့နီးတဲ့နိုင်ငံတစ်ခုလို့တော့ပြောတယ်။
သေသေချာချာတော့ မမှတ်မိတော့ဘူး။
ပီးရူးနိုင်ငံဆိုတာတောင် ဘောလုံးနဲ့နီးစပ်တဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့် မှတ်မိနေတာ။
မိဘနှစ်ပါးနဲ့အတူပြောင်းရွေ့လာတယ်ဆိုတာကို သိရပြန်တယ်။
သူမရဲ့အပြုအမူ၊အပြောအဆို၊ရုပ်လက္ခဏာတွေကတော့ ဘာမှမထူးခြားပါဘူး။
ထူးခြားတာက သူမရဲ့နာမည်။
နာမည်မေးကြည့်တော့ သူမက “အာဏာ” တဲ့။
သူမပြခဲ့ဖူးတဲ့ဓာတ်ပုံအရတော့ အဖေနဲ့အမေနဲ့တွဲရိုက်ထားတဲ့ပုံတော့တွေ့ဖူးတယ်။
သူမနဲ့သုံးလေးလလောက် တွဲပြီးအလုပ်လုပ်တော့ သူမဟာ အလုပ်ကို ကြိုးစားတယ်။
ရိုးသားတယ်ဆိုတာတော့ သိရပြန်တယ်။
ဒါဟာ ဒီနိုင်ငံမှာတော့ အရည်အချင်းကောင်းလို့ပြောရမယ်။
(အင်း…ကာလကြာလာတော့ ရိုးသားတယ်ဆိုတာထက် ရိုးအတယ်လို့ပြောရမယ်ထင်တယ်။)
သူမရောက်ပြီး သုံးလေးလမှာ Deliရဲ့မန်နေဂျာအရွေ့အပြောင်းဖြစ်ပြန်တယ်။
Deliရဲ့အမျိုးသမီးမန်နေဂျာနေရာကို အမျိုးသားမန်နေဂျာဝင်လာတယ်။
နှစ်ယောက်စလုံးက အာဖရိကန်-အမေရိကန်လူမျိုးတွေပါပဲ။
အသစ်ရောက်လာတဲ့မန်နေဂျာက သူရဲ့လက်အောက်ဝန်ထမ်းဖြစ်တဲ့ အာဏာကို
မိတ်ဆက်ပြီး စကားပြောကြတော့ အာဏာဆီက ထူးဆန်းတဲ့စကားကို ကြားရတယ်။
“ကျမမှာ ကိုယ်ဝန်ရှိနေတယ်။
ယောကျာ်းမရှိပါဘူး။
ကလေးကိုအရင်ယူတဲ့သဘောပါ။
နောက်အစဉ်ပြေတော့မှ ယောကျာ်းကို စဉ်းစားတာပေါ့။
အခုတော့ မိဘနဲ့နေပါတယ်။
အကုန်လုံး အစဉ်ပြေပါတယ်”တဲ့။
အဲဒီစကားကိုပြောတဲ့အချိန်မှာ အာဏာရဲ့ပုံပန်းသဏ္ဍာန်ဟာ ကိုယ်ဝန်ရှိတဲ့အရိပ်အယောင်မတွေ့ရသေးဘူး။
သူမပြောပြတော့မှ သိရတာပါ။
အချိန်တွေကြာလာနဲ့အမျှ
ခုဆိုရင် အာဏာ ဟာ
ဗိုက်ကြီးတကားကားနဲ့ပင်ပန်းတဲ့အလုပ်တွေကို
ပြေးပြေးလွှားလွှား လုပ်နေလေရဲ့။
ပညာအရည်အချင်းလည်း ရှိလို့သာ ဒု-မန်နေဂျာဖြစ်နေတာပေါ့လေ။
ပြီးတော့  သူမရဲ့မျက်နှာမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့။
လုပ်ချင်တာအတွက် ဘာကိုမှ မမှုဘူးဆိုတဲ့ပုံစံကိုလည်း တွေ့ရပါတယ်။

++++++++++++++++++++++++++++++

ကျနော်တွေးဖြစ်တာကတော့
ယောကျာ်းမရှိပဲ ကလေးတစ်ယောက်ကို ထင်ထင်ပေါ်ပေါ် မွေးဖို့ဆိုတာ
လွယ်တဲ့အလုပ်တစ်ခုတော့ မဟုတ်ဘူး။
မြန်မာအမျိုးသမီးတစ်ဦးဆိုရင်
ဒီလိုအဖြစ်မျိုးကို ကြံ့ခိုင်တဲ့စိတ်ထားနဲ့ရင်ဆိုင်နိုင်ပါ့မလား။
ယဉ်ကျေးမှုမတူတဲ့အတွက် ရင်မဆိုင်ရဲဘူးလို့ပြောရင်
ယဉ်ကျေးမှုမတူကြပေမယ့် လူချင်းတော့တူကြတယ်လေလို့ပြောရမယ်ထင်တယ်။
သေသေချာချာစဉ်းစားကြည့်ရင် ကလေးမှာ ဘာများအပြစ်ရှိလို့လဲ။



+++++++++++++++++++++++++

စာလည်းရှည်သွားပြီအမေ။
အမေကျန်းမာတာကြားရတဲ့အတွက် ဝမ်းသာရပါတယ်။
အမေနဲ့တကွ မြန်မာပြည်ကို သတိရနေတယ်။

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့ (Ashburn)
ဗားဂျီးနီးယားပြည်နယ် (Virginia)
အမေရိကန်ပြည်ထောင်စု (USA)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com