Tuesday, April 30, 2013

"အမေ့ထံသို့ ပေးစာများ-၇၆..."



သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
နွေဦးရောက်တုန်းက အိမ်နားက ချယ်ရီပင်က ချယ်ရီပန်းတွေ
ပွင့်တာ သိပ်လှတာပဲ။
ကျနော်တို့နေတဲ့အိမ်ခန်းနားမှာ ရေကူးကန်ရှိတယ်။ အဲဒီရေကူးကန်ရဲ့ထောင့်မှာ ချယ်ရီပင်တစ်ပင်ရှိတယ်။ အဲဒီချယ်ရီပင်က ချယ်ရီပန်းပွင့်ချိန်ဟာ လှလိုက်တာအမေရယ်။
ပြီးတော့ အခုနေတဲ့အိမ်နားမှာ စာကြည့်တိုက်တစ်ခုရှိတယ်။
အဲဒီစာကြည့်တိုက်ရဲ့ပတ်ပတ်လည်မှာ ချယ်ရီပင်တွေကို အများအပြား
စိုက်ထားတယ်။ ချယ်ရီပန်းတွေ ပွင့်တော့လည်း အရောင်အသွေးစုံလှတယ်။
အချို့က ပန်းရောင်၊
အချို့က ခရမ်းရောင်၊
အချို့က အဖြူရောင်။
ဂျပန်ပြည်ကိုရောက်နေသလားလို့တောင် ထင်မိတယ်။
အခုကျနော်တို့ရောက်နေတဲ့ဒေသက မိုးများလှတယ်။
အပတ်စဉ် ရွာနေသလိုပဲ။ မိုးရွာပြီးရင်
အေးလာတယ်။ နှင်းကျတာတော့ တစ်ခါမှ မကြုံဖူးသေးဘူး။
ဒီမှာနေတဲ့လူတွေရဲ့ဝတ်စားဆင်ယဉ်မှုကို ကြည့်ရတာ
နွေရာသီဆိုရင် တော်တော်ပူမယ့်သဘောလို့ ခန့်မှန်းမိတယ်။
လူအတော်များများဟာ ပါးပါးနဲ့တိုတိုကို အဝတ်များကြတယ်။
ကျနော်တို့တွေက ပူတဲ့နိုင်ငံက လာကြတော့ ပူတာကိုတော့ မကြောက်ပါဘူး။
ဘယ်လောက်ပူပူ ခံနိုင်ပါတယ်။
အေးလွန်းတာကိုသာ နည်းနည်းလန့်မိတယ်။
ဒါပေမယ့်လည်း အလွန်အေးတဲ့ မစ်ချီဂန်ပြည်နယ်က ပြန်လာပြီဆိုတော့
တော်တော်တော့ ခံနိုင်ရည်ရှိနေပါပြီ။




ကျနော်တို့ ဖေဖေါ်ဝါရီလတုန်းက တောင်ပိုင်းကာရိုလိုင်းနားပြည်နယ်မှာ သင်တန်းတက်ဖြစ်တယ်။
ဒီနိုင်ငံမှာကလည်း သင်တန်းမတက်ရင် အလုပ်လုပ်လို့မရသလိုဖြစ်နေတယ်။
သင်တန်းကြေးကတစ်ယောက်ကို ၆၂၅ ဒေါ်လာပေးရတယ်။
နှစ်ယောက်စလုံးတက်တော့ နှစ်ဆပေးရတာပေါ့။
ကျနော်တို့လိုပဲ သင်တန်းလာတက်ကြသူတွေ စုစုပေါင်း ၉-ယောက်ရှိတယ်။
အားလုံး မြန်မာတိုင်းရင်းသားတွေချည်းပဲ။
အမျိုးသမီးက သုံးယောက်၊
အမျိုးသားတွေက ခြောက်ယောက်။
မွန်တိုင်းရင်းသားက နှစ်ယောက်၊
ရခိုင်တိုင်းရင်းသားက နှစ်ယောက်၊
ဗမာက နှစ်ယောက်
ချင်းက တစ်ယောက်၊
ကချင်က တစ်ယောက်၊
ကရင်က တစ်ယောက်။
တိုင်းရင်းသား ပေါင်းစုံပါပဲ။
သင်တန်းဆရာကလည်း မြန်မာတိုင်းရင်းသား။
အားလုံးက အစဉ်ပြေလို့။
သင်တန်းကာလက တစ်ပတ်ထဲပါ။
သင်တန်းက ဂျပန်စားသောက်ကုန်လုပ်ငန်းပါ။
ဆူရှီးလို့ခေါ်တယ်။
တကယ်တန်းကျတော့ ဂျပန်းထမင်းချဉ်ရောင်းတဲ့လုပ်ငန်းပါ။
ထမင်းရောင်းတော့ ထမင်းကောင်းကောင်း စားရတာပေါ့။
နိုင်ငံခြားမှာ ထမင်းကောင်းကောင်းစားရဖို့ဆိုတာ လွယ်လှတယ်တော့မဟုတ်ဘူး။
ဒီမှာက အလုပ်ရှိနေဖို့နဲ့ ဝင်ငွေကောင်းဖို့က အဓိက ကျနေတယ်လေ။
သင်တန်းဆရာပြောတဲ့စကားလေးက မှတ်သားစရာကောင်းပါတယ်။
“ကျနော်တို့အလုပ်က ထမင်းရောင်းတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်
မနပ်တဲ့ထမင်း၊ မကောင်းတဲ့အစားအစာကို စားသုံးသူတွေရဲ့ပါးစပ်ထဲကို
မထည့်လိုက်ဖို့ မှာချင်ပါတယ်။
စားသုံးသူတွေဆိုတာကလည်း ကြီးကျယ်တဲ့ အမေရိကန်နိုင်ငံသူ/သားတွေဆိုတာ
မမေ့လိုက်ပါနဲ့”တဲ့။
ဒီကုမ္ပဏီရဲ့ပိုင်ရှင်တွေက အမေရိကန်နိုင်ငံသားနဲ့ဂျပန်တွေ ဖက်စပ်လုပ်ကြတယ်။
သင်တန်းဆရာက ပြောတယ်။
“ပိုင်ရှင်တွေက နိုင်ငံခြားသားတွေဟာ ဖြစ်ကြတော့
သူတို့က အချက်အလက်ကိုပဲ ယုံကြည်ကြတယ်။
အကျိုးအမြတ်ကို စာရွက်စာတမ်းကိုကြည့်ပြီး ဆုံးဖြတ်ကြတယ်။
အပြောတွေကို ယုံကြည်ကြသူတွေ မဟုတ်ဘူး။
ဒါကြောင့် အပြောကိုလျော့ပြီး အလုပ်များများလုပ်ဖို့ ကျနော်
တိုက်တွန်းချင်ပါတယ်”တဲ့။
ကျနော်တို့ သင်တန်းတက်တဲ့ သုံးရက်မြောက်နေ့(ဗုဒ္ဓဟူးနေ့)မှာ
ကုမ္ပဏီရဲ့ဒု-မန်နေဂျာဖြစ်တဲ့အမျိုးသမီးက ကျနော်တို့လင်မယားနှစ်ယောက်ကို
ခေါ်ပြီး လင်မယားနှစ်ယောက်လုပ်နိုင်တဲ့ဆိုင်တစ်ဆိုင် ရှိတယ်။
အဲဒီဆိုင်မှာ လုပ်နေတဲ့လင်မယားနှစ်ယောက်က အရေးပေါ်ကိစ္စပေါ်ပေါက်လာတဲ့အတွက်
မြန်မာပြည်ပြန်ဖို့ ဆိုင်ကိုပြန်အပ်တယ်။
ဆိုင်က အေသင်မြို့၊ ဂျော်ဂျီယာပြည်နယ်မှာ ရှိတယ်။
လုပ်ဖို့ အဆင်သင့်ဖြစ်ရင် ကျမ စီစဉ်လိုက်ရမလားလို့ မေးပါတယ်။
ယုံယုံက “တိုင်ပင်ဖို့အချိန်နည်းနည်းပေးပါ” လို့ခွင့်တောင်းပြီး ရုံးခန်းထဲက ပြန်ထွက်လာခဲ့ပါတယ်။
ဆိုင်လိုချင်လို့ လာလုပ်တယ်။ ချက်ချင်း ဆိုင်က ရလာတယ်။ သင်တန်းတောင် မပြီးသေးဘူး။
တိတိကျကျ မဆုံးဖြတ်ခင်မှာပဲ တိုင်ပင်စရာကို ရှာကြည့်တော့ ဒီလုပ်ငန်းမှာ နှစ်ပေါင်းများစွာ
လုပ်နေတဲ့ သူငယ်ချင်းကို သတိရမိတယ်။ သူငယ်ချင်းကို တိုင်ပင်ကြည့်တယ်။
သူ့ရဲ့သဘောထားက သူနေတဲ့နေရာနဲ့ မိုင်ပေါင်း လေးရာကျော်တဲ့နေရာမှာ ဖြစ်တာမို့
သူ ဘာမှ မကူညီနိုင်ဘူးလို့ ပြောတယ်။ အလုပ်ကို အကြောင်းပြပြီး ငြင်းလိုက်ဖို့လည်း ပြောတယ်။
သူ့စကားတွေက အကျိုးအကြောင်း ဆီလျှော်မှု မရှိဘူး။ တိုင်ပင်မိကာမှ စိတ်ရှုတ်ထွေးမှု ပိုဖြစ်ရတယ်။
တကယ်ဖြစ်သင့်တာက လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာကို အကျိုးသင့်၊ အကြောင်းသင့်
ရှင်းပြစေချင်တယ်။ အခုတော့ ကျနော်တို့အလုပ်ရတာကိုပဲ သူက စိတ်တိုနေတဲ့ပုံစံဖြစ်နေတယ်။
တစ်ခုခုတော့ မှားနေသလိုပဲလို့ ခံစားမိတယ်။
နောက်တစ်နေ့မှာ အဖြေပေးရမှာမို့ မိန်းမကို ပြောလိုက်တယ်။
ကိုယ့်ဘဝဟာ ကိုယ်နဲ့ဆိုင်တာမို့ ကိုယ်ကြိုက်နှစ်သက်သလို ဆုံးဖြတ်တာ
အကောင်းဆုံးပါပဲလို့။
အမျိုးသမီးဖြစ်တဲ့ယုံယုံက
“ဒါဟာ အခွင့်အရေးပေးတာမို့ အဲဒီအခွင့်အရေးကို လက်လွှတ်မခံချင်ဘူး” လို့ပြောတယ်။
ကျနော်က “ဘယ်သူတွေ ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ
ကိုယ့်ဘဝကို ကိုယ်တည်ဆောက်ရတာမို့ ကိုယ်ကြိုက်နှစ်သက်သလို လုပ်နိုင်တာပဲ။
ကိုယ်လုပ်လို့ မှားသွားရင်လည်း ကိုယ့်သဘောနဲ့ကိုယ်လုပ်တာမို့ ကိုယ်ခံနိုင်တယ်။ ခံသာတယ်။
ကိုယ်လုပ်လို့ မှန်သွားရင် ပိုပြီးကျေနပ်စရာကောင်းဖို့ ရှိတယ်။
စိတ်ချမ်းသာချင်ရင် လွတ်လပ်တဲ့စိတ်နဲ့ ဆုံးဖြတ်ပေါ့။
သူများအကူအညီမပါတဲ့အတွက် စိတ်လွတ်လပ်မှု ပိုရတာပေါ့” လို့ ပြန်ပြောလိုက်မိတယ်။
ဒါနဲ့ပဲ နောက်ဆုံးမှာ နှစ်ဦးသဘောတူ အလုပ်ကို လက်ခံလိုက်တယ်။
အခုလာမယ့်တနဂ်နွေနေ့(Sunday) မှာ အလုပ်လက်ခံရမှာမို့
မြောက်ပိုင်းကာရိုလိုင်းနားမှာ ရှိတဲ့ အထုပ်အပိုးကို
ပြန်သိမ်းဖို့လုပ်ရပြီ။
အခုသင်တန်းကျောင်းနဲ့အိမ်နဲ့က မိုင်ပေါင်းသုံးရာပတ်ဝန်ကျင်ရှိတယ်။
သင်တန်းကာလက သောကြာနေ့မှ ပြီးမယ်ဆိုပေမယ့်
သောကြာနေ့ တက်ဖို့မဖြစ်နိုင်ကြောင်း သင်တန်းဆရာကိုပြောပြတော့
သင်တန်းဆရာကလည်း ကုမ္ပဏီက စီစဉ်တာမို့
မတက်လည်း ကိစ္စမရှိဘူးလို့ ခွင့်ပြုပါတယ်။
ဒါနဲ့ပဲ သောကြာနေ့နံနက်မှာ တောင်ပိုင်းကာရိုလိုင်းနားကနေ
မြောက်ပိုင်းကာရိုလိုင်းနားကိုပြန်ခဲ့တယ်။
ကားကိုတော့ လေးနာရီကျော်ကျော် မောင်းရပါတယ်။
အလုပ်တစ်ခုကို ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်တာမို့
လွတ်လပ်တဲ့စိတ်နဲ့ ပျော်ရွှင်မိပါတယ်။
ပစ္စည်းတွေ သိမ်း၊ အခန်းပြန်အပ်၊
နောက်တစ်နေ့နံနက်မှာ မြောက်ပိုင်းကာရိုလိုင်းနားကနေ
တောင်ပိုင်းကာရိုလိုင်းနားကို ပြန်မောင်းခဲ့တယ်။
ပစ္စည်းတွေကတော့ ကားတစ်စီးနဲ့အပြည့်ပါပဲ။
နောက်ကြည့်မှန်ကို အသုံးမပြုနိုင်အောင်ကို ကားတစ်စီးနဲ့ပြည့်သွားပါတယ်။
ဒါကြောင့်အမေ့ကို ပြောလိုက်တာပါ။ သင်တန်းမပြီးခင်မှာကို အလုပ်ရသွားတယ်လို့။
သင်တန်းတက်ဖက် မိတ်ဆွေတွေက ဒီအကြောင်းကြားတော့ အံသြကြတယ်။
အရမ်းကံကောင်းတယ်လို့ပြောကြတယ်။
တနဂ်နွေနေ့ နံနက်မှာပဲ ကုမ္ပဏီက
တာဝန်ခံတစ်ယောက်ကို တာဝန်လွှဲပြောင်းယူဖို့နဲ့ လက်လွှဲဖို့ စေလွှတ်ပေးပါတယ်။
တောင်ပိုင်းကာရိုလိုင်းနားကနေ ဂျော်ဂျီယာပြည်နယ် အေသင်မြို့
ကို ကားမောင်းထွက်ခဲ့တယ်။ ကားမောင်းချိန်က နှစ်နာရီကျော်ကျော်မောင်းရပါတယ်။
အေသင်မြို့ရောက်ခါနီးမှာ နွားမွေးတဲ့နေရာနဲ့လယ်ကွင်းတွေဖြတ်ရတော့
စည်ကားတဲ့လူနေရပ်ကွက်ကို မမြင်မိတဲ့အတွက်
ဒီနေရာကို ရွေးချယ်မိတာ မှားများမှားလေပြီလားလို့
ယုံယုံက စိတ်ပျက်လက်ပျက် ပြောသံကြားရတယ်။
ဒါနဲ့ပဲ လယ်ကွင်းတွေကို ဖြတ်ပြီး မြို့ကိုရောက်လာတယ်။
အလုပ်လက်ခံတဲ့ ဈေးကြီးရောက်တော့ အရှေ့မှာ ရပ်ထားတဲ့ကားတွေက
ရပ်စရာနေရာ မရှိလောက်အောင် ပြည့်နေပါပေါ့လား။
ဒီတော့မှ  ယုံယုံရဲ့ရီမောသံကို ပြန်ကြားရတယ်။
ဒီတစ်ခါလည်း မှန်သွားပြန်ပြီတဲ့။
ကိုယ့်ကံကို ကိုယ်ယုံကြည်ရင်
ဘာဘဲလုပ်လုပ်၊ဘယ်နေရာပဲသွားသွား၊ နောက်ဆံတင်းစရာ မလိုပါဘူး” လို့
အမေပြောခဲ့တဲ့စကားကို ပြန်ပြောလိုက်မိတယ်။
အလုပ်ကို လက်ခံပြီးတဲ့နောက်မှာတော့ ပိုင်ရှင်ဟောင်းနဲ့စကားပြောဖြစ်တယ်။
သူပြောတာကတော့ အမွေကိစ္စကြောင့် မြန်မာပြည်ကို အရေးပေါ်ပြန်စရာ
ပေါ်လာတယ်လို့ဆိုပါတယ်။
ဘာဘဲဖြစ်ဖြစ် သူ့အကြောင်းက သူနဲ့ဆိုင်ပါတယ်။
ဒီအလုပ်ကိုလက်ခံလိုက်တဲ့အတွက်
အမေရိကန်နိုင်ငံမှာ ရပ်စရာ နေရာတစ်ခုရလိုက်သလို
ခံစားမိပါတယ်။
ဒါပါပဲအမေ။
ကျန်းမာရေးကို ဂရုစိုက်ပါလို့ မှာချင်ပါတယ်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အေသင်မြို့၊
ဂျော်ဂျီယာပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
၎-၃၀-၂၀၁၃



Wednesday, April 3, 2013

"အမေ့ထံသို့ ပေးစာများ-၇၅..."



သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အမေ နေကောင်းလား။
ဒီ အေသင်မြို့ကို ရောက်လာကတည်းက
စာမရေးဖြစ်တာတောင် တော်တော်ကြာပြီ။
အမေ့ဆီကို စိတ်က စာတွေ အစောင်စောင်ရေးဖြစ်ပေမယ့်
တကယ့်လက်တွေ့ကျတော့ မရေးနိုင်ခဲ့ဘူး။
အမေ မကြာခဏပြောတဲ့စကားကို သတိရမိတယ်။
“တကယ်အလုပ်များလာပြီဆိုရင် ယားလို့တောင် မကုတ်အားပါဘူးကွယ်”
ငယ်ငယ်တုန်းက နားမလည်ခဲ့ဘူး။
လက်လှမ်းမီတဲ့နေရာဆိုရင် လှမ်းကုတ်တာများ၊
ဘာခက်တာမှတ်လို့။
လက်လှမ်းမမီရင်လည်း ထိုင်ပြီးကုတ်လိုက်ရုံလေးကို အမေတို့များ
စကားလုပ်ပြောတယ်လို့ထင်ခဲ့မိတယ်။
လက်နှစ်ဖက်စလုံး မအားခဲ့တာကို မတွေးဖြစ်ခဲ့ဘူး။
အခုလုပ်တဲ့အစားအစာလုပ်ငန်းက လက်အိတ်စွတ်ပြီး တစ်ချိန်လုံးလုပ်ရတဲ့အလုပ်ဖြစ်တော့
ယားချိန်မှာ ကုတ်ချိန်မရဘူး။
ကုတ်ချိန်ရပြန်တော့ ယားတာက ပျောက်သွားပြီ။
ဘာမှမမြဲဘူးဆိုတာ ဒီမှာလည်း မှန်နေပြန်တယ်။
တချိန်လုံးမတ်တတ်ရပ်ပြီးလုပ်နေတော့ ဒူးဆစ်အောက်ပိုင်းယားလို့က
မကုတ်နိုင်ပြန်ဘူး။
ပြောရင်ပိုတယ်ထင်စရာပါပဲ။
မြန်မာပြည်မှာသာ ဒီလောက်အလုပ်များများလုပ်ခဲ့ရင် သန်းကြွယ်သူဋ္ဌေးဖြစ်လောက်တယ်။
မြန်မာပြည်မှာတော့ ထိုင်ပြီးအလုပ်လုပ်ရတာ များပါတယ်။
သိပ်လည်း မပင်ပန်းလှဘူး။
ဒါတောင် ဒီဇင်ဘာလဆိုရင် အနားမယူလိုက်ရင် လူဖြစ်ကျိုးရှုံးတယ်လို့
အောင်းမေ့မိသေးတယ်။
တစ်နှစ်မှာ တစ်လလောက်တော့ နားသင့်တယ်လို့ တွေ့တဲ့သူကို
အမှန်တရားတစ်ခုလို ပြောမိသေးတယ်။
အခုတော့ အဲဒီအမှန်တရားလည်း မမှန်နိုင်တော့ပါဘူး။
“လူကို ဘာကမောင်းနှင်နေသလဲ” လို့အမေကမေးလာခဲ့ရင်
ပြောစရာစကားက တစ်လုံးထဲရယ်ပါ။
ငွေပေါ့အမေ။
ငွေက ကုတ်ပေါ်ခွပြီး လူကို မောင်းနှင်နေတာလေ။
ဒီမှာရှိတဲ့လူတိုင်းပါပဲ။
အထူးသဖြင့် အကြွေးရှိတဲ့လူတွေကိုပေါ့။
အကြွေးထဲမှာ အဆိုးဆုံးက အိမ်ကြွေးပေါ့။
အိမ်ကြွေးက အများအားဖြင့် နှစ်သုံးဆယ်အကြွေးလေ။
အိမ်ကို အကြွေးနဲ့ဝယ်ထားတဲ့လူတွေဆိုရင် မောလွန်းလို့လျှာထွက်နေတာတောင်
ပြေးနေရတုန်းပါပဲ။
မြင်းတစ်ကောင်က အမောဆို့ပြီး ပြုန်းကနဲလည်း သေသွားရင် လွတ်ကျွတ်သွားပေမယ့်
ဒီမှာရှိတဲ့လူက မကျွတ်ဘူးအမေရဲ့။
ဘဏ်က အကြွေးမဆပ်ဘူးဆိုတာနဲ့ ဝယ်ထားတဲ့အိမ်ကို လာသိမ်းသွားရော။
သေသွားတာတောင် အကြွေးဆပ်ဖို့တာဝန်က မသေဘူး။
ကျန်တဲ့မိသားစုတွေရှိရင် အဲဒီအကြွေးကို ဆပ်ပေတော့။
အသိမိတ်ဆွေတစ်ယောက်ဆိုရင် နှစ်ရှည်အကြွေးယူထားတာ
သူ့အသက် ရှစ်ဆယ်ပြည့်မှ အကြွေးကကျေနိုင်တယ်။
သူကလည်း အကြွေးကို ဆပ်နိုင်မယ်ထင်လို့ယူတာပဲ။
နှစ်ရှစ်ဆယ်အထိ နေရမယ်လို့ သူထင်ထားပုံရပါတယ်။
ဘဏ်ကလည်း သူ့ရဲ့ခရစ်တစ်ကဒ်ရဲ့အလားအလာကို ကြည့်ပြီး ချေးငှားတာပါ။
ဘဏ်က သေချာမှ ပေးတာများပါတယ်။
မမြဲတဲ့လောကကြီးမှာ အမေရိကန်ဆိုတဲ့နေရာမှာတော့
 ငွေကို အခြေခံပြီး မြဲတယ်လို့ ထင်နေကြပုံရတယ်။



ကျနော်တို့အခုရောက်နေတဲ့နေရာ ဂျော်ဂျီယာပြည်နယ်က မြို့တစ်မြို့ဖြစ်တဲ့ အေသင်မြို့လေးပါ။
ရာသီဥတုက ဖါးကန့်မြို့ရဲ့ရာသီဥတုနဲ့တူတယ်။
မိုးများပြီး အေးတယ်။
ဖါးကန့်ကတော့ တောင်ပတ်ပတ်လည်တွေ ဝိုင်းပြီး မိုးများပြီးအေးတယ်။
အေးတာကို နယ်ခံတစ်ဦးက အောက်က ကျောက်စိမ်းတွေကြောင့်လို့ပြောတာပဲ။
ဒီမှာက သမုဒ္ဒရာနဲ့နီးလို့ မိုးများပြီးအေးတယ်။
ဒီမှာတော့ နှင်းကျတာ မကြုံဘူးသေးဘူး။
အလုပ်အကိုင်ရှိတော့ နေလို့ကောင်းတယ်လို့ပြောရမယ်ထင်တယ်။
အလုပ်အကိုင်ရှိတော့ ငွေရှိတယ်။
ငွေရှိရင် အမေရိကန်ဟာ နတ်ဘုံနတ်နန်းပါပဲ။
လိုတိုင်းရတယ်လေ။
ငွေမရှိတဲ့အခါဆိုရင် နေချင်းညချင်း ငရဲပြည်ဖြစ်သွားတဲ့နေရာလို့ပြောရရင်
မလွန်ဘူးထင်တာပဲ။

ဒါဟာ အေသင်မြို့ရဲ့မြင်ကွင်းတစ်ခုပါ...

မြို့လေးက သေးသေးလေး။
ကားလမ်းတွေက ကျဉ်းကျဉ်းလေး။
ကားတွေက များလွန်းတော့ ကားတွေကို လုယက်မောင်းနေကြသလိုပဲ။
အမေရိကန်တစ်နံတလျားကို မောင်းခဲ့ပေမယ့် ဒီနေရာရောက်တော့
ကားမောင်းရမှာ ခပ်ကြောက်ကြောက်ပဲ။
အဝင်အထွက်က အမြဲတမ်းအရင်လိုနေကြပုံပဲ။
မှန်မှန်မောင်းတဲ့သူ မရှိသလောက်ပဲ။
ခပ်ကြမ်းကြမ်းမောင်းပြီဆိုရင် လှမ်းကြည့်လိုက်၊
မိန်းမငယ်တွေဖြစ်နေတာကို အများအားဖြင့် တွေ့ရတယ်။
သူတို့တွေ အမောင်းကြမ်းသလောက် ကျွမ်းကျင်ကြတယ်။
အသက်ရှစ်ဆယ်ကျော် အဖွားတွေလည်း ကားမောင်းလို့ကောင်းတုန်းပဲ။
အဖွားတွေဟာ ကိုယ့်ဘာသာကိုယ် ကားမောင်းတယ်။
ဈေးဝယ်ထွက်တယ်။
လိုချင်တာ၊ စားချင်တာကို ဝယ်တယ်။
ဘယ်သူ့ကိုမှ အားမကိုးတာကို တွေ့ရတယ်။
ကိုယ့်အားကိုယ်ကိုးပြီး နေကြဖို့ သက်သေပြနေတာလားလို့တောင် တွေးမိတယ်။
သူတို့ကို သူတို့ အိုတယ်လို့ထင်ပုံမရကြဘူး။



ကျနော်တို့ ဂျော်ဂျီယာပြည်နယ်က ဒီမြို့ကိုရောက်လာပုံကို ပြောရအုန်းမယ်။
မစ်ချီဂန်ပြည်နယ်မှာ တစ်နှစ်နီးပါးလောက် အလုပ်လုပ်ခဲ့တယ်။
စုဆောင်းငွေ အနည်းအကျဉ်းရလာတော့ ဝန်ထမ်းလုပ်ရတာ ငြီးငွေ့လာတာနဲ့
အလုပ်က ထွက်လိုက်တယ်။
ပြီးတော့ သူငယ်ချင်းကခေါ်တာနဲ့ မြောက်ပိုင်းကာရိုးလိုင်းနားကို ရောက်သွားတယ်။
ကာရီမြို့မှာ အိမ်ငှားပြီးနေတယ်။
တစ်လအကြာမှာပဲ တောင်ပိုင်းကာရိုးလိုင်းနားပြည်နယ်မှာ သင်တန်းတက်ဖို့ဖြစ်လာတယ်။
သူငယ်ချင်းက သတင်းပေးတာပါ။
တကယ်တန်း နှစ်ယောက်စလုံးသင်တန်းတက်ဖို့လုပ်တော့ သူငယ်ချင်းက
နှစ်ယောက်စလုံး သင်တန်းတက်ဖို့မလိုပါဘူးဆိုပြီး တားပြန်တယ်။
ကျနော်ရဲ့ဇနီးသည် ယုံယုံသာ တက်ပြီး ကျနော်က ကားမောင်းအကြိုအပို့လုပ်ပေးဖို့
ပြောလာပြန်တယ်။ သူ့ရဲ့အကြောင်းပြချက်က ငွေပိုကုန်တယ်ဆိုတယ်။
ကျနော့်ငွေပိုကုန်မှာကို သူစိုးရိမ်တာကို ကျေးဇူးတင်ပါတယ်။
ပညာသင်ဖို့ငွေကို သုံးတာဟာ ဖြုန်းတာမဟုတ်တဲ့အတွက်
ကျနော်ဘယ်တုန်းကမှ နှမြောတွန့်တို မဖြစ်ခဲ့ဘူးဘူး။
မရှိလို့သာ မသုံးနိုင်ခဲ့တာ ရှိရမယ်။
 ငွေရှိလို့ကတော့
ပညာကို ငွေနဲ့လှဲလှယ်ရတာကို တန်တယ်လို့ အမြဲတမ်းထင်ခဲ့တယ်။

ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံးဖြစ်တဲ့သူဋ္ဌေးကြီး ဝါရမ် ဘတ်ဖက်(Warren Buffett)ပြောခဲ့တဲ့စကားကိုပြေးသတိရမိတယ်။
“သူများတွေ ပြောတိုင်း လိုက်မလုပ်ပါနဲ့။
နားတော့ ထောင်ပါ။
ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာ လုပ်ပါ။
ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ဘဝပါပဲ။
ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့်ပေးရမှာလဲ”
သူဋ္ဌေးကြီးရဲ့အကြံပေးစကားကြောင့် ကျနော်သင်တန်းတက်ဖြစ်သွားတယ်။
သင်တန်းမပြီးခင်မှာပဲ အလုပ်ရလိုက်တာကြောင့် ကျနော့်ရဲ့ရွေးချယ်မှု မှန်တယ်လို့
ပြောနိုင်တယ်။
သင်တန်းမပြီးခင်မှာ အလုပ်ရတာကကိုက ထူးခြားမှုတစ်ခုပဲ။
အဲဒီအကြောင်းကို နောက်တော့မှ ပြောပြတော့မယ်နော်။
ကျနော့်စာကို အမေမျက်မှန်ထူထူတပ်ပြီး ဖတ်ရလို့ ညောင်းနေမှာ စိုးမိပါတယ်။

ဒါပါပဲ။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
အေသင်မြို့၊ (Athens)
ဂျော်ဂျီယာပြည်နယ်၊ (Georgia)
အမေရိကန်ပြည်ထောင်စု။ (USA)
၎-၃-၂၀၁၃




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com