သို့
ချစ်တဲ့အမေ
သားသတိတရ
စာရေးလိုက်ပါတယ်။
အမေ
နေကောင်းလား။
ဒီ
အေသင်မြို့ကို ရောက်လာကတည်းက
စာမရေးဖြစ်တာတောင်
တော်တော်ကြာပြီ။
အမေ့ဆီကို
စိတ်က စာတွေ အစောင်စောင်ရေးဖြစ်ပေမယ့်
တကယ့်လက်တွေ့ကျတော့
မရေးနိုင်ခဲ့ဘူး။
အမေ
မကြာခဏပြောတဲ့စကားကို သတိရမိတယ်။
“တကယ်အလုပ်များလာပြီဆိုရင်
ယားလို့တောင် မကုတ်အားပါဘူးကွယ်”
ငယ်ငယ်တုန်းက
နားမလည်ခဲ့ဘူး။
လက်လှမ်းမီတဲ့နေရာဆိုရင်
လှမ်းကုတ်တာများ၊
ဘာခက်တာမှတ်လို့။
လက်လှမ်းမမီရင်လည်း
ထိုင်ပြီးကုတ်လိုက်ရုံလေးကို အမေတို့များ
စကားလုပ်ပြောတယ်လို့ထင်ခဲ့မိတယ်။
လက်နှစ်ဖက်စလုံး
မအားခဲ့တာကို မတွေးဖြစ်ခဲ့ဘူး။
အခုလုပ်တဲ့အစားအစာလုပ်ငန်းက
လက်အိတ်စွတ်ပြီး တစ်ချိန်လုံးလုပ်ရတဲ့အလုပ်ဖြစ်တော့
ယားချိန်မှာ
ကုတ်ချိန်မရဘူး။
ကုတ်ချိန်ရပြန်တော့
ယားတာက ပျောက်သွားပြီ။
ဘာမှမမြဲဘူးဆိုတာ
ဒီမှာလည်း မှန်နေပြန်တယ်။
တချိန်လုံးမတ်တတ်ရပ်ပြီးလုပ်နေတော့
ဒူးဆစ်အောက်ပိုင်းယားလို့က
မကုတ်နိုင်ပြန်ဘူး။
ပြောရင်ပိုတယ်ထင်စရာပါပဲ။
မြန်မာပြည်မှာသာ
ဒီလောက်အလုပ်များများလုပ်ခဲ့ရင် သန်းကြွယ်သူဋ္ဌေးဖြစ်လောက်တယ်။
မြန်မာပြည်မှာတော့
ထိုင်ပြီးအလုပ်လုပ်ရတာ များပါတယ်။
သိပ်လည်း
မပင်ပန်းလှဘူး။
ဒါတောင်
ဒီဇင်ဘာလဆိုရင် အနားမယူလိုက်ရင် လူဖြစ်ကျိုးရှုံးတယ်လို့
အောင်းမေ့မိသေးတယ်။
တစ်နှစ်မှာ
တစ်လလောက်တော့ နားသင့်တယ်လို့ တွေ့တဲ့သူကို
အမှန်တရားတစ်ခုလို
ပြောမိသေးတယ်။
အခုတော့
အဲဒီအမှန်တရားလည်း မမှန်နိုင်တော့ပါဘူး။
“လူကို
ဘာကမောင်းနှင်နေသလဲ” လို့အမေကမေးလာခဲ့ရင်
ပြောစရာစကားက
တစ်လုံးထဲရယ်ပါ။
ငွေပေါ့အမေ။
ငွေက
ကုတ်ပေါ်ခွပြီး လူကို မောင်းနှင်နေတာလေ။
ဒီမှာရှိတဲ့လူတိုင်းပါပဲ။
အထူးသဖြင့်
အကြွေးရှိတဲ့လူတွေကိုပေါ့။
အကြွေးထဲမှာ
အဆိုးဆုံးက အိမ်ကြွေးပေါ့။
အိမ်ကြွေးက
အများအားဖြင့် နှစ်သုံးဆယ်အကြွေးလေ။
အိမ်ကို
အကြွေးနဲ့ဝယ်ထားတဲ့လူတွေဆိုရင် မောလွန်းလို့လျှာထွက်နေတာတောင်
ပြေးနေရတုန်းပါပဲ။
မြင်းတစ်ကောင်က
အမောဆို့ပြီး ပြုန်းကနဲလည်း သေသွားရင် လွတ်ကျွတ်သွားပေမယ့်
ဒီမှာရှိတဲ့လူက
မကျွတ်ဘူးအမေရဲ့။
ဘဏ်က
အကြွေးမဆပ်ဘူးဆိုတာနဲ့ ဝယ်ထားတဲ့အိမ်ကို လာသိမ်းသွားရော။
သေသွားတာတောင်
အကြွေးဆပ်ဖို့တာဝန်က မသေဘူး။
ကျန်တဲ့မိသားစုတွေရှိရင်
အဲဒီအကြွေးကို ဆပ်ပေတော့။
အသိမိတ်ဆွေတစ်ယောက်ဆိုရင်
နှစ်ရှည်အကြွေးယူထားတာ
သူ့အသက်
ရှစ်ဆယ်ပြည့်မှ အကြွေးကကျေနိုင်တယ်။
သူကလည်း
အကြွေးကို ဆပ်နိုင်မယ်ထင်လို့ယူတာပဲ။
နှစ်ရှစ်ဆယ်အထိ
နေရမယ်လို့ သူထင်ထားပုံရပါတယ်။
ဘဏ်ကလည်း
သူ့ရဲ့ခရစ်တစ်ကဒ်ရဲ့အလားအလာကို ကြည့်ပြီး ချေးငှားတာပါ။
ဘဏ်က
သေချာမှ ပေးတာများပါတယ်။
မမြဲတဲ့လောကကြီးမှာ
အမေရိကန်ဆိုတဲ့နေရာမှာတော့
ငွေကို အခြေခံပြီး မြဲတယ်လို့ ထင်နေကြပုံရတယ်။
ကျနော်တို့အခုရောက်နေတဲ့နေရာ
ဂျော်ဂျီယာပြည်နယ်က မြို့တစ်မြို့ဖြစ်တဲ့ အေသင်မြို့လေးပါ။
ရာသီဥတုက
ဖါးကန့်မြို့ရဲ့ရာသီဥတုနဲ့တူတယ်။
မိုးများပြီး
အေးတယ်။
ဖါးကန့်ကတော့
တောင်ပတ်ပတ်လည်တွေ ဝိုင်းပြီး မိုးများပြီးအေးတယ်။
အေးတာကို
နယ်ခံတစ်ဦးက အောက်က ကျောက်စိမ်းတွေကြောင့်လို့ပြောတာပဲ။
ဒီမှာက
သမုဒ္ဒရာနဲ့နီးလို့ မိုးများပြီးအေးတယ်။
ဒီမှာတော့
နှင်းကျတာ မကြုံဘူးသေးဘူး။
အလုပ်အကိုင်ရှိတော့
နေလို့ကောင်းတယ်လို့ပြောရမယ်ထင်တယ်။
အလုပ်အကိုင်ရှိတော့
ငွေရှိတယ်။
ငွေရှိရင်
အမေရိကန်ဟာ နတ်ဘုံနတ်နန်းပါပဲ။
လိုတိုင်းရတယ်လေ။
ငွေမရှိတဲ့အခါဆိုရင်
နေချင်းညချင်း ငရဲပြည်ဖြစ်သွားတဲ့နေရာလို့ပြောရရင်
မလွန်ဘူးထင်တာပဲ။
ဒါဟာ အေသင်မြို့ရဲ့မြင်ကွင်းတစ်ခုပါ... |
မြို့လေးက
သေးသေးလေး။
ကားလမ်းတွေက
ကျဉ်းကျဉ်းလေး။
ကားတွေက
များလွန်းတော့ ကားတွေကို လုယက်မောင်းနေကြသလိုပဲ။
အမေရိကန်တစ်နံတလျားကို
မောင်းခဲ့ပေမယ့် ဒီနေရာရောက်တော့
ကားမောင်းရမှာ
ခပ်ကြောက်ကြောက်ပဲ။
အဝင်အထွက်က
အမြဲတမ်းအရင်လိုနေကြပုံပဲ။
မှန်မှန်မောင်းတဲ့သူ
မရှိသလောက်ပဲ။
ခပ်ကြမ်းကြမ်းမောင်းပြီဆိုရင်
လှမ်းကြည့်လိုက်၊
မိန်းမငယ်တွေဖြစ်နေတာကို
အများအားဖြင့် တွေ့ရတယ်။
သူတို့တွေ
အမောင်းကြမ်းသလောက် ကျွမ်းကျင်ကြတယ်။
အသက်ရှစ်ဆယ်ကျော်
အဖွားတွေလည်း ကားမောင်းလို့ကောင်းတုန်းပဲ။
အဖွားတွေဟာ
ကိုယ့်ဘာသာကိုယ် ကားမောင်းတယ်။
ဈေးဝယ်ထွက်တယ်။
လိုချင်တာ၊
စားချင်တာကို ဝယ်တယ်။
ဘယ်သူ့ကိုမှ
အားမကိုးတာကို တွေ့ရတယ်။
ကိုယ့်အားကိုယ်ကိုးပြီး
နေကြဖို့ သက်သေပြနေတာလားလို့တောင် တွေးမိတယ်။
သူတို့ကို
သူတို့ အိုတယ်လို့ထင်ပုံမရကြဘူး။
ကျနော်တို့
ဂျော်ဂျီယာပြည်နယ်က ဒီမြို့ကိုရောက်လာပုံကို ပြောရအုန်းမယ်။
မစ်ချီဂန်ပြည်နယ်မှာ
တစ်နှစ်နီးပါးလောက် အလုပ်လုပ်ခဲ့တယ်။
စုဆောင်းငွေ
အနည်းအကျဉ်းရလာတော့ ဝန်ထမ်းလုပ်ရတာ ငြီးငွေ့လာတာနဲ့
အလုပ်က
ထွက်လိုက်တယ်။
ပြီးတော့
သူငယ်ချင်းကခေါ်တာနဲ့ မြောက်ပိုင်းကာရိုးလိုင်းနားကို ရောက်သွားတယ်။
ကာရီမြို့မှာ
အိမ်ငှားပြီးနေတယ်။
တစ်လအကြာမှာပဲ
တောင်ပိုင်းကာရိုးလိုင်းနားပြည်နယ်မှာ သင်တန်းတက်ဖို့ဖြစ်လာတယ်။
သူငယ်ချင်းက
သတင်းပေးတာပါ။
တကယ်တန်း
နှစ်ယောက်စလုံးသင်တန်းတက်ဖို့လုပ်တော့ သူငယ်ချင်းက
နှစ်ယောက်စလုံး
သင်တန်းတက်ဖို့မလိုပါဘူးဆိုပြီး တားပြန်တယ်။
ကျနော်ရဲ့ဇနီးသည်
ယုံယုံသာ တက်ပြီး ကျနော်က ကားမောင်းအကြိုအပို့လုပ်ပေးဖို့
ပြောလာပြန်တယ်။
သူ့ရဲ့အကြောင်းပြချက်က ငွေပိုကုန်တယ်ဆိုတယ်။
ကျနော့်ငွေပိုကုန်မှာကို
သူစိုးရိမ်တာကို ကျေးဇူးတင်ပါတယ်။
ပညာသင်ဖို့ငွေကို
သုံးတာဟာ ဖြုန်းတာမဟုတ်တဲ့အတွက်
ကျနော်ဘယ်တုန်းကမှ
နှမြောတွန့်တို မဖြစ်ခဲ့ဘူးဘူး။
မရှိလို့သာ
မသုံးနိုင်ခဲ့တာ ရှိရမယ်။
ငွေရှိလို့ကတော့
ပညာကို
ငွေနဲ့လှဲလှယ်ရတာကို တန်တယ်လို့ အမြဲတမ်းထင်ခဲ့တယ်။
ကမ္ဘာပေါ်မှာ
ဒုတိယအချမ်းသာဆုံးဖြစ်တဲ့သူဋ္ဌေးကြီး ဝါရမ် ဘတ်ဖက်(Warren Buffett)ပြောခဲ့တဲ့စကားကိုပြေးသတိရမိတယ်။
“သူများတွေ ပြောတိုင်း လိုက်မလုပ်ပါနဲ့။
နားတော့ ထောင်ပါ။
ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာ လုပ်ပါ။
ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ဘဝပါပဲ။
ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့်ပေးရမှာလဲ”
သူဋ္ဌေးကြီးရဲ့အကြံပေးစကားကြောင့်
ကျနော်သင်တန်းတက်ဖြစ်သွားတယ်။
သင်တန်းမပြီးခင်မှာပဲ
အလုပ်ရလိုက်တာကြောင့် ကျနော့်ရဲ့ရွေးချယ်မှု မှန်တယ်လို့
ပြောနိုင်တယ်။
သင်တန်းမပြီးခင်မှာ
အလုပ်ရတာကကိုက ထူးခြားမှုတစ်ခုပဲ။
အဲဒီအကြောင်းကို
နောက်တော့မှ ပြောပြတော့မယ်နော်။
ကျနော့်စာကို
အမေမျက်မှန်ထူထူတပ်ပြီး ဖတ်ရလို့ ညောင်းနေမှာ စိုးမိပါတယ်။
ဒါပါပဲ။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
အေသင်မြို့၊ (Athens)
ဂျော်ဂျီယာပြည်နယ်၊ (Georgia)
အမေရိကန်ပြည်ထောင်စု။ (USA)
၎-၃-၂၀၁၃
၎-၃-၂၀၁၃
No comments:
Post a Comment