Saturday, August 22, 2015

“ပြည်သူပြည်သားကိုမုန်းတဲ့ မင်းအစိုးရ…”




တစ်မြို့လုံး မီဟုန်းဟုန်းတောက် လောင်နေတယ်။
မီးလုံးကြီးက တစ်အိမ်ကနောက်တစ်အိမ်ကို ကူးသွားတယ်။
တစ်လမ်းက နောက်တစ်လမ်းကို မြန်မြန်ဆန်ဆန် ကူးသွားတယ်။
လောင်စာကို ရသွားတဲ့မီးလို အရှိန်ပြင်းသထက်ပြင်းနဲ့လောင်ကျွမ်းနေတယ်။
လူတွေရဲ့အော်ဟစ်သံကလည်း ဆူညံနေတယ်။
အသက်ဘေးလုပြီးပြေးတဲ့သူကပြေး၊
အော်ဟစ်အကူအညီတောင်းသူကတောင်း၊
ကိုယ်ပိုင်ပစ္စည်းကို သယ်ပိုးသူက သယ်၊
အချို့က တစ်ပိုင်တစ်နိုင်သယ်၊
အချို့က လောဘနဲ့မနိုင်မနင်းသယ်၊
လမ်းတိုင်းမှာ လူတွေနဲ့ပြည့်နေတယ်။
လူအချင်းချင်း တိုးဝှေ့နေကြတယ်။တိုက်ခိုက်မိကြတယ်။
လှဲသူလှဲတယ်။ လှဲသူကို နင်းသူကနင်းကြတယ်။
သေသူကသေကြတယ်။
အချို့က တက်နင်းမိလို့သေ၊
အချို့က မီးလောင်လို့သေ၊
မီးအရှိန်ပြင်းပြင်းနဲ့လောင်ကျွမ်းသံထက် ပြည်သူပြည်သားတွေရဲ့အော်ဟစ်
အကူအညီတောင်းသံက ပိုကျယ်လောင်နေတယ်။
အဲဒီအချိန်မှာ စစ်သည်တော်တစ်ယောက်က မင်းအစိုးရ ဆီကို သွားရောက်
သတင်းပို့တယ်။ အဲဒီမင်းအစိုးရဟာ သတင်းကိုကြားတာနဲ့နန်းရင်ပြင်ကိုဖြတ်ပြီး
လေသာပြူတင်းပေါက်ကနေ မီးလောင်နေတဲ့မြို့တော်ကို အပေါ်ဆီကနေ
လှမ်းကြည့်တယ်။ မီးလောင်နေတဲ့မြင်ကွင်းကိုလည်းတွေ့တယ်။
အော်ဟစ်အကူအညီတောင်းနေတဲ့ပြည်သူပြည်သားကိုတွေ့တယ်။
ပြုံးတော်မူတယ်။ပြီးတော့ အပါးတော်မြဲတစ်ယောက်ကိုလှမ်းပြောလိုက်တယ်။
“ငါ့ရဲ့ဘင်ချိုတစ်လက်ကို အမြန်ယူခဲ့စမ်း”
အပါးတော်မြဲက ဘင်ချိုကို ဆက်လိုက်တော့
ဘင်ချိုကို တီးခတ်ပြီး ရောမမြို့ကြီးမီးလောင်နေတာကို အရသာခံပြီး ရှုစားတော်မူသတဲ့။

+++++++++++++++

ရောမမြို့ကြီးကောင်းစားစဉ်အခါက တကယ်ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုဖြစ်ပါတယ်။
အဲဒီမင်းအစိုးရရဲ့ထူးခြားချက်တစ်ခုက မိခင်ကို မိဖုရားမြှောက်ထားတဲ့အချက်ပါပဲ။
အဲဒီမင်းအစိုးရရဲ့ဝါသနာက ကျွန်တွေကို အထူးလေ့ကျင့်ပေးပြီး အချင်းချင်း သတ်ပုတ်တာကို
ကြည့်ရှုအရသာခံရတာကို ဝါသနာပါတယ်။
ကျွန်တစ်ယောက်ချင်းသတ်ပုတ်တာ၊ အဖွဲ့လိုက်သတ်ပုတ်တာကိုအမြဲလိုလို ပြုလုပ်လေ့ရှိတယ်။
မင်းအစိုးရရဲ့လက်မကို အောက်ကို စိုက်ချလိုက်ရင် သတ်စေ ဆိုတဲ့အမိန့်တစ်ခုလို့အားလုံးက
သဘောပေါက်ကြတယ်။ လက်မကိုအောက်ကို စိုက်ချတဲ့အလုပ်ကို လုပ်ရတာလည်း ဝါသနာပါသတဲ့။
ပြည်သူပြည်သားတွေဟာ မခံမရပ်နိုင်တဲ့အဆုံးတစ်နေ့မှာ နန်းတော်ထဲကို အင်နဲ့အားနဲ့ဝင်ရောက်သွားတယ်။
အဲဒီတော့ မင်းအစိုးရဟာ လွတ်ရာလွတ်ကြောင်းပြေးတော့တာပါပဲ။
နန်းတွင်းအဆောင်ထဲရောက်တော့ သူ့လွတ်မြောက်မှုအတွက် မိဖုရားကို ပြောခိုင်းသတဲ့။
မိဖုရားက မပြောနိုင်ကြောင်းလျှောက်ထားတော့ သူ့အသက်ကို မကာကွယ်ရကောင်းလားဆိုပြီး
မိခင်-မိဖုရားကို လည်ပင်းညှစ်သတ်လိုက်သတဲ့။
နောက်ဆုံးပြေးလို့မလွတ်မြောက်မှန်းသိတော့
ပြည်သူပြည်သားရဲ့လက်ချက်နဲ့ဆိုရင်အသေလှမှာမဟုတ်ဘူးဆိုတာ သိတဲ့အတွက်
သူ့ကိုယ်သူ အဆုံးစီရင်လိုက်သတဲ့။

+++++++++++++++++++++

ကမ္ဘာ့သမိုင်းမှာတော့ ပြည်သူပြည်သားကိုမုန်းတဲ့ မင်းအစိုးရ ရှိခဲ့တယ်။
မြန်မာ့သမိုင်းမှာရော ပြည်သူပြည်သားကိုမုန်းတဲ့ မင်းအစိုးရ ရှိပါသလား။
မီးဘေး၊ရေဘေး၊လေဘေးတွေကြုံတွေ့ရတဲ့အခါ
အဲဒီအဖြစ်အပျက်မျိုးက ပိုသိသာထင်ရှားလာတတ်ပါတယ်။

Tuesday, August 11, 2015

“စကားထာဝှက်တမ်း ကစားကြရအောင်…”





ကျနော်နေတဲ့အိမ်ရဲ့ရှေ့မှာ သစ်ရိပ်ကောင်းလှပါတယ်။
ကျောင်းပိတ်ရက်များမှာ ကလေးများနဲ့စည်းကားနေတတ်တယ်။
ကလေးများက အရွယ်စုံပါတယ်။
ကလေးများ ကစားနေကြချိန်တွင် အလွန်ဆူညံပေမယ့် ကျနော်ခံနိုင်တယ်။
များများကစားတဲ့ကလေးများ ဥာဏ်ရည်ကောင်းတယ်လို့ ကျနော်က သိထားတာမို့
ကလေးများကစားတာကို မတားဖြစ်ဘူးခဲ့ပါ။
တစ်နေ့မှာ ကလေးများကစားပြီးမောလာတာကြောင့်
ထိုင်ပြီးစကားထာဝှက်တမ်းကစားကြပါတယ်။
အကြီးဆုံးဖြစ်တဲ့ကလေးမလေးက တစ်ယောက်တစ်လှည့် စကားထာဝှက်ဖို့ပြောပါတယ်။
သူတို့လေးတွေ တစ်ယောက်တစ်လှည့် စကားထာဝှက်တာကို
ပက်လက်ကုလားထိုင်တွင် စာဖတ်ရင်း နားထောင်မိပါတယ်။
အငယ်များဖွဲ့သောစကားထာက အများအားဖြင့်ကြားနေကျစကားထာများသာဖြစ်တယ်။
သိသူများက စကားထာမဆုံးခင်မှာပင် အော်ဟစ်ပြီး အဖြေများပြောကြပါတယ်။
ပျော်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဟုခံစားမိပါတယ်။
နောက်ဆုံးအကြီးဆုံးဖြစ်တဲ့သူငယ်မရဲ့အလှည့်ကိုရောက်လာပါတယ်။

“သူ့ရဲ့ဦးခေါင်းထဲမှာ ဦးနှောက်မရှိဘူး။
သူ့ရဲ့ရင်ဘတ်ထဲမှာ နှလုံးသားမရှိဘူး။
ဒါပေမယ့် သူ့ရဲ့နားရွက်ကအရှည်ကြီး။
--- နားထောင်ရလွန်းလို့ကားနေတယ်။
သူ့ရဲ့ပါးစပ်ပေါက်က အကြီးကြီး၊
သွားတွေက လွှသွားလိုချွန်နေတယ်။
ဝါးလို့ရတာ အကုန်လုံးဝါးတယ်။
သူ့ရဲ့ဗိုက်က ပူပူဆူဆူ။အဆီတွေ အထပ်ထပ်။
စားလို့ရတာမှန်သမျှ အားလုံးစားတယ်။
ကဲ….အဲဒီအကောင် ဘာကောင်လဲ”

 ကျန်တဲ့ကလေးတွေက တစ်ယောက်တစ်လှည့်စီအော်ပြောကြတယ်။
 “စက်ရုပ်လူသား”
“မဟုတ်ဘူး”
“ဘီးလူး”
“မဟုတ်ဘူး”
“ပြိတ္တာ”
“မဟုတ်ဘူး”
“သရဲ”
“မဟုတ်ဘူး”
ကျနော်လည်း ပိုပြီးစိတ်ဝင်စားလာတယ်။
ဒီကောင်မလေး ဘာများပြောမလဲဆိုတာကိုလည်း အရမ်းသိချင်လာတယ်။
“တစ္ဆေ”
“မဟုတ်ဘူး”
“ငရဲသား”
“မဟုတ်ဘူး”
……………
“မဟုတ်ဘူး”
……………..
“မဟုတ်ဘူး”
ကဲ…ပန်းပေးပြီလားလို့ ကောင်မလေးကမေးလိုက်ပါတယ်။
အချို့က ပေးပြီးလို့အော်တယ်။
အချို့က မပေးသေးဘူးလို့အော်နေချိန်မှာ
ကောင်မလေးရဲ့အမေဟာ ဈေးကပြန်ရောက်လာပါတယ်။
“ဟဲ…နီနီ
ငါ ဈေးသွားတုန်း ကြက်သွန်နွှာထားပြီး ငရုတ်သီးထောင်းခိုင်းထားတာ
ဒီမှာလာဆော့နေတယ်။အဲဒါတွေ လုပ်ပြီးပြီလား” လို့အော်လိုက်တဲ့အတွက်
စိတ်ဝင်စားစရာကောင်းတဲ့စကားထာဝိုင်းဟာ ဖရိုဖရဲဖြစ်သွားပါတော့တယ်။
ကောင်းမလေးက ထပြီးပြေးပြန်သွားချိန်မှာ
“တီဗွီကြည့်၊ ကြည့်တတ်ရင် မြင်လိမ့်မယ်” လို့ အော်ပြောသွားလေရဲ့။
ကျနော်ဖတ်နေတဲ့ အာဏာရှင်ဟစ်တလာရဲ့အကြောင်းထက်
စကားထာရဲ့အဖြေကို ပိုပြီး စိတ်ဝင်စားလာမိတယ်။
အဖြေကတော့ ရှာနေဆဲ။
နီနီကိုတွေ့ရင် မေးကြည့်ရဦးမယ်။

Monday, August 3, 2015

"အမေ့ထံသို့ ပေးစာများ-၁၀၈..."



သို့
ချစ်တဲ့အမေ
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
ဗာဂျီးနီးယားပြည်နယ်မှာတော့ ရာသီဥတုက ပြင်းထန်တယ်လို့ပြောရမှာပဲ။
အခုနွေရာသီမှာ ပူလိုက်တာမပြောပါနဲ့တော့။
အပူချိန် +၁၁၀ ဒီဂရီဖာရင်ဟိုက်အထိတက်သွားတာကို ကြုံရတယ်။
အေးတဲ့အခါမှာလည်း အနှုတ်ဒီဂရီ -၁၈ ဖာရင်ဟိုက်အထိကျသွားတတ်တယ်။
ရေခဲမှတ်ကိုကျော်သွားပြီလေ။
အဲဒီအချိန်ဆိုရင်လည်း ချမ်းလိုက်တာမပြောပါနဲ့တော့။
အဲဒီလို အပူ၊အအေးကွာဟလွန်းတဲ့အရပ်ကို ဗာဂျီးနီးယားလို့ပြောရမလိုတောင်ဖြစ်နေတယ်။
ကံကောင်းတဲ့အချက်က အလုပ်ခွင်ထဲမှာလည်း အပူအအေးထိန်းညှိတဲ့စက်ရှိတယ်။
အိမ်မှာလည်း အပူအအေးထိန်းညှိတဲ့စက်ရှိတယ်။
ပူတဲ့အခါ အေးအောင်၊ အေးတဲ့အခါ ပူအောင်လုပ်ပေးနိုင်တယ်လေ။
လျှပ်စစ်မီးက မပြတ်တော့ အလုပ်ခွင်နဲ့အိမ်မှာနေတဲ့အခါ အစဉ်ပြေပါတယ်။
ဒါပေမယ့် အလုပ်ပြီးလို့အိမ်ပြန်တဲ့အခါ၊
အိမ်ကအလုပ်ကို သွားတဲ့အခါ ပူတာ၊အေးတာကို သိသိသာသာ ခံစားရတယ်။
ကားထဲရောက်ရင်တော့ အနည်းငယ်ခံသာပါတယ်။

++++++++++++++++++

ယုံယုံကမေးတယ်။
“နေခဲ့ဖူးတဲ့နေရာတွေထဲမှာ ဘယ်နေရာကို အကြိုက်ဆုံးလဲ” တဲ့။
ကျနော်က ပြန်ဖြေလိုက်တယ်။
နောက်ပြောင်းမယ့်နေရာလို့။
ကျနော်က မြန်မာနိုင်ငံနဲ့ရာသီဥတုဆင်တူတဲ့ ဖလော်ရီဒါပြည်နယ်ကို ပြောင်းချင်တယ်။
အဲဒီနေရာက တစ်နှစ်ကို နေရောင်ခြည်ကို ရက်ပေါင်း သုံးရာကျော်မြင်ရတဲ့နေရာလို့သိရတယ်။
ဒါကြောင့် sunshine state လို့ခေါ်တယ်။
အိမ်ဈေးတွေလည်းပေါတယ်။
အိမ်ခန်းငှားခတွေလည်းဈေးပေါတယ်လို့ကြားရတယ်။
အဲဒီနေရာမှာနေဖူး၊ရောက်ဖူးတဲ့မိတ်ဆွေတစ်ဦးကပြောတယ်။
“အိမ်ဈေးတွေပေါတယ်ဆိုတာမှန်တယ်။
ရာသီဥတုလည်း မျှတတယ်။
ဒါကြောင့် ပင်စင်စားတွေ၊ သက်ကြီးရွယ်အိုတွေ အနေများကြတယ်။
ဒါကြောင့်ထင်တယ်။ စီးပွားရေးတော့ မကောင်းလှဘူး။
ကျမရောက်ဖူးနေဖူးတဲ့နေရာတွေထဲမှာတော့ စီးပွားရေးလုပ်လို့ကောင်းတာ
ဒီနေရာလို့ထင်တယ်” တဲ့။
သူစကားအရ ပြောင်းဖို့စိတ်ကူးတောင် ဘယ်ပျောက်သွားမှန်းမသိဘူး။
ဘာလိုလိုနဲ့ဒီဗာဂျီးနီးယားပြည်နယ်မှာနေတာ တစ်နှစ်ကျော်သွားပြီ။
စီးပွားရေးကောင်းတော့လည်း နေဖြစ်သွားတဲ့သဘောပါပဲ။
ကျန်တဲ့နေရာတွေမှာတော့ ကယ်လီဖိုးနီးယားမှာ ကိုးလကျော်နေခဲ့ဖူးတယ်။
အင်ဒီယားနားပြည်နယ်မှာတော့ သုံးလနီးပါးနေဖူးတယ်။
မစ်ချီဂန်ပြည်နယ်မှာတော့ ဆယ်လကျော်နေခဲ့ဖူးတယ်။
မြောက်ပိုင်းကာရိုးလိုင်းနားမှာ နှစ်ခါနေဖူးတယ်။
နှစ်လကျော်ကျော်စီနေခဲ့ဖူးတော့ လေးလကျော်နေဖူးတယ်။
အမေရိကန်တစ်နံတစ်လျှားမှာ နေဖူးတဲ့သဘောဖြစ်သွားတာပေါ့။
ဒေသန္တရဗဟုသုတ အများကြီးရတယ်လို့ပြောနိုင်ပါတယ်။

+++++++++++++++

မြန်မာနိုင်ငံမှာ KFC ဆိုင်သစ် စဖွင့်တဲ့သတင်းကြားရတယ်။
တစ်ဆက်ထည်း လူတွေကြိတ်ကြိတ်တိုး ဝယ်စားကြတာကိုလည်း ကြားသိရတယ်။
အဲဒီသတင်းကြားရတော့မှ KFC ဆိုင်က ကြက်ကျော်ကို စားချင်စိတ်ပိုဖြစ်လာတယ်။
ကယ်လီဖိုးနီးယားမှာနေတုန်းက ကျနော်ရဲ့ပထမဦးဆုံးလခထုတ်ရက်မှာ
အိမ်ရှင်အဖွားအိုတစ်ဦးကို ဘာစားချင်လဲလို့မေးမိတယ်။
အဖွားအိုကလည်း KFC ဆိုင်က ကြက်ကျော်စားချင်တယ်ဆိုလို့
အဲဒီဆိုင်ကို မရမက ရှာပြီး ကြက်ကျော် ဝယ်ကျွေးဖူးတယ်။
အဲဒီတုန်းက မစားဖြစ်ဘူး။
နောက်တစ်ကြိမ် ဂျော်ဂျီယာမှာနေတော့
ည ၁၁နာရီကျော်မှာ ဆာလို့စားသောက်ဆိုင်တွေရှာရင်း
KFC ဆိုင်ကိုတွေ့တော့ဝင်စားဖူးတယ်။ ထူးထူးခြားခြားမခံစားမိဘူး။
နောက်တစ်ကြိမ် ခရီးဝေးသွားရင်း ဆာလာတာနဲ့KFC ဆိုင်တစ်ခုဝင်စားဖူးတယ်။
အဲဒီတုန်းက KFC ဘူးဗေးစားဖြစ်တယ်။
စားလို့ကောင်းသလိုလို တော့ရှိတယ်။
မစွဲဘူး။
အခုတော့ အိမ်နဲ့အနီးဆုံးဆိုင်တစ်ဆိုင်မှာ ဝင်စားလိုက်တယ်။
Family Meal ကို မှာစားဖြစ်တယ်။
အားပါ့… စားလို့ကောင်းလိုက်တာ။
ဒီလိုအရသာရှိတာမျိုးမကြုံဖူးဘူး။
ဟိုတုန်းက စားတာနဲ့အခုစားတာ ဘာကြောင့် အရသာ
ဒီလောက်ကွာခြားသွားရသလဲ။
တွေးကြည့်တော့ ဟိုတုန်းက မမှာတတ်လို့စားမကောင်းတာလည်း
ဖြစ်နိုင်ပါတယ်။
ခုတော့ မကြာခဏ သွားစားဖြစ်တယ်။
ဒီအရပ်ကလူတွေဟာ စနေ၊တနင်္ဂနွေနေ့တွေမှာ စားသောက်ဆိုင်တွေမှာ
မိသားစုတွေ သွားစားသောက်နေတာကို တွေ့ရတယ်။
အလေ့အကျင့်ဖြစ်နေပုံရတယ်။

+++++++++++++++++++

ဒီနိုင်ငံမှာ အပြီးနေခွင့်ရပေမယ့် ခုချိန်အထိတော့ နေဖို့ စိတ်ကူးလို့မရသေးဘူး။
အမေကမေးတယ်။ 
"ဒီမှာနေတာ ပျော်နေပြီလား" တဲ့။
အမှန်အတိုင်းဖြေရမယ်ဆိုရင် အမေ့အိမ်လောက် ကောင်းတဲ့နေရာ
ကျနော်ရှာမတွေ့သေးဘူး။
ကျနော်ကြီးပြင်းခဲ့တဲ့နေရာကို မမေ့နိုင်ဘူးအမေ။
ဒီမှာ အစားအသောက် ဘယ်လောက်ကောင်းတယ်ပြောပြော
မြန်မာမုန့်ဟင်းခါးကို မမေ့နိုင်ဘူး။
ဒီမှာ အဝတ်အစားတွေ ဘယ်လောက်ပေါတယ်ပြောပြော
အင်္ကျီလည်ကတုန်းနဲ့ပုဆိုးဝတ်ရတာ မမေ့နိုင်ဘူး။
ဒီမှာ နေစရာတွေဘယ်လောက်ကောင်းတယ်ပြောပြော
ကွပ်ပြစ်ပါတဲ့အမေ့ရဲ့ပျဉ်ထောင်အိမ်လေးကို မမေ့နိုင်ဘူးအမေ။
ကျနော်တို့မြန်မာနိုင်ငံဟာ စင်္ကာပူနိုင်ငံလောက်မချမ်းသာရင်တောင်မှ
ထိုင်းနိုင်ငံလောက်အဆင့်အတန်းရှိရင်
ကျနော်ဒီနိုင်ငံကို ထွက်မလာဘူးအမေ။
တိုးတက်တဲ့နိုင်ငံကြီးမှာ ရုပ်ဝတ္ထုတွေ အလျှံပယ်ပေါတယ်ဆိုတာမှန်ပေမယ့်
စိတ်ပိုင်းဆိုင်ရာ ကြွယ်ဝမှုတွေမှာတော့ ကျနော်တို့နိုင်ငံက
ပိုမယ်ထင်တယ်အမေ။
ဒီနိုင်ငံစရောက်တော့ မြန်မာနိုင်ငံကို ပြန်ပြေးချင်စိတ်အကြိမ်ကြိမ်ဖြစ်တယ်။
ယဉ်ကျေးမှု မတူဘူး။
အစားအသောက်မတူဘူး။
ဘာသာစကားမတူဘူး။
အနေအထိုင်မတူဘူး။
အဲဒီလို မတူမှုတွေ အများကြီးကြားမှာ အသာကျအောင် မနည်းကြိုးစားနေရတယ်။
နှစ်တွေကြာလာတော့ ပြန်ပြေးချင်စိတ်တွေနည်းလာတယ်ဆိုပေမယ့်
လွမ်းစိတ်ကတော့ များနေတုန်းပါ အမေ။
အမေနဲ့မြန်မာပြည်ကိုလွမ်းတယ်။

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့ (Ashburn)
ဗားဂျီးနီးယားပြည်နယ် (Virginia)
အမေရိကန်ပြည်ထောင်စု (USA)




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com