Monday, March 2, 2015

"အမေ့ထံသို့ ပေးစာများ-၁၀၄..."





သို့
ချစ်တဲ့အမေ
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
ဆောင်းရာသီကို သိသိသာသာကို ဝင်ရောက်လာတယ်။
အေးလိုက်တာ မပြောပါနဲ့တော့။
ဆောင်းဦးမှာကထဲက အနောက်ဖက်ကမ်းခြေဒေသတွေမှာ နှင်းမုန်းတိုင်း အကြိမ်ကြိမ်
ဝင်မွှေသွားတယ်။ နှင်းထုက လူတစ်ရပ်လောက်ကို မြင့်တက်လာတယ်။
ကျနော်တို့နေတဲ့အရပ်နဲ့ဆိုရင် မနီးမဝေးဖြစ်တဲ့ ဘောစတွန်မြို့မှာဆိုရင်
သုံးကြိမ်ဝင်မွှေသွားတာ သမိုင်းမှာတော့ နှင်းထုအများဆုံးလို့တောင်ဆိုတယ်။
ပြည်သူတွေလည်း သုံးပတ်လောက်အပြင်မထွက်နိုင်ဘူး။
ကျောင်းတွေ၊ရုံးတွေ အားလုံးပိတ်ထားကြတယ်။
လေယာဉ်ခရီးစဉ်တွေလည်း အများကြီးကို ဖျက်ပစ်ရတယ်။
စားစရာတွေ ပြတ်လပ်သွားကြတယ်။
ကျနော်တို့နေရာမှာတော့ အဲဒီလောက်မဆိုးပါဘူး။
ဒါပေမယ့် အဖျားတော့ခတ်သွားတယ်။
နှင်းကျတယ်။ မြင်မြင်သမျှအားလုံးဖြူဖွေးသွားတယ်။
ရေခဲမိုးရွာတယ်။လမ်းတွေပေါ် စကိတ်စီးလို့ရလောက်တယ်။
လေတိုက်တယ်။ ရေခဲလေလို့ဆိုရလောက်အောင် အသည်းထဲအထိ အေးချမ်းသွားတယ်။
နေခြည်လာလည်း မနွေးပါဘူး။
ရေခဲအမှတ် အောက် - ၁၈အထိကျသွားတယ်။
ရေခဲသေတ္တာရဲ့အပေါ်ထပ်တောင် ရေခဲမှတ် ၀ ပဲရှိတယ်လေ။
မြန်မာပြည်မှာ မကြုံခဲ့ဖူးတဲ့ရာသီဥတုမျိုး။
ပိတ်ရက်လိုချင်တာကြောင့် နှင်းထု သုံးပေလောက်ကျရင်သိပ်ကောင်းမှာပဲလို့တော့
ဆုတောင်းမိသေးတယ်။ ဒါပေမယ့် နှင်းထုက သုံးလက္မနဲ့ရပ်ရပ်သွားလို့
အခုထိတော့ ပိတ်ရက်တစ်ရက်မှ မရသေးပါဘူး။
ငယ်ငယ်တုန်း ကျောင်းသားဘဝက အကြောင်းကို တွေးမိသေးတယ်။
အတန်းပိုင်ဆရာမ ကျောင်းမလာတဲ့ရက်ဆိုရင် သိပ်ပျော်တာပဲ။
သူငယ်ချင်းတွေစုပြီး ဆရာမကျောင်းမလာအောင်လို့ ဝိုင်းပြီးဆုတောင်းကြတာလဲအမောပါပဲ။
အခုလည်း အဲဒီလိုဖြစ်နေတယ်။
နှင်းတွေကျကာစမှာ အရမ်းကြည့်လို့ကောင်းတယ်။
ကောင်ကင်ပေါ်က ဂွမ်ဖတ်လေးတွေ ကျလာသလိုပဲ။
ပြီးတော့ နှင်းပွင့်ဖြူတွေဟာ သစ်ပင်တွေပေါ်လဲ တွဲလွဲခိုလို့။
ခရီးမထွက်ရပဲနဲ့ မြင်ကွင်းအသစ်ပြောင်းသွားတယ်။
မြန်မာပြည်မှာ နှင်းကျတာမရှိတော့ နှင်းကျတာကို သဘောကျမိပါရဲ့။
ဒါပေမယ့် အအေးလွန်ကဲတာကိုတော့ မကြိုက်ဘူး။
ကျနော်တို့အိမ်ရှေ့က ရေကန်လည်း
လှိုင်းကြက်ခွပ်တွေ မမြင်တော့ဘူး။ ရေခဲနေပြီ။
ရေလာကူးနေကျ ဂူးစီ (Goose)တွေလည်း  လမ်းလျှောက်နေတာကိုတွေ့နေရတယ်။
ရေခဲပေါ်နှင်းထုက ထပ်ကျလာတော့ တစ်ကန်လုံး ဖွေးဖွေးကိုဖြူနေတယ်။
စကိတ်စီးလို့ရမလားမသိဘူး။
ဒီလိုအရပ်ဒေသကိုရောက်လာပြီးနေရမယ်လို့ တစ်ခါမှတောင်စိတ်ကူးမယဉ်မိခဲ့ပါဘူး။
အခုတော့ …

++++++++++++++++++++++++++++++++

အမေရိကန်နိုင်ငံမှာ တရားမဝင်လာရောက်နေသူပေါင်း ဆယ့်တစ်သန်း(၁၁-သန်း)ပတ်ဝန်ကျင်ရှိတယ်လို့သိရတယ်။
အမေရိကန်က ချမ်းသာတဲ့နိုင်ငံဆိုတော့ ဆင်းရဲတဲ့နိုင်ငံအများအပြားကလူတွေလာကြတာပေါ့။
အထူးသဖြင့် စပိန်စကားပြောကြတဲ့အမေရိကတိုက်အလယ်ပိုင်းကလာကြသူတွေများတယ်။
အချို့က ဝပ်ပါမစ်( Work Permit ) နဲ့လာပြီးအလုပ်လုပ်တယ်။
ပါမစ်သက်တမ်းကုန်ပြီး မပြန်ပဲ ဆက်နေထိုင်သူတွေလည်း အများအပြားရှိတယ်။
အချို့ကလည်း ကျောင်းတက်ဖို့ ပါမစ်နဲ့လာပြီးကျောင်းပြီးပေမယ့်
မပြန်ပဲဆက်နေထိုင်သူတွေလည်း အများအပြားရှိတယ်။
ကျနော့်အသိမိတ်ဆွေအချို့ကတော့ နိုင်ငံခြားသဘောင်္လိုက်ကြတယ်။
အမေရိကန်ဆိပ်ကမ်းတစ်ခုရောက်လာတဲ့အခါ
သဘောင်္ပေါ်က ခုန်ချပြီး အမေရိကန်မှာနေထိုင်ကြတယ်။
အမေရိကန်မှာက တရားမဝင်နေထိုင်သူတွေကို လိုက်ဖမ်းတာတော့ မတွေ့ရဘူး။
ပြစ်မှုတစ်စုံတစ်ရာ မကျူးလွန်သရွေ့နေထိုင်လို့ရတဲ့သဘောဖြစ်နေတယ်။
အဲဒီလို တရားမဝင် ဝင်ရောက်နေထိုင်သူနဲ့ပတ်သက်ပြီး လွှတ်တော်မှာတော့
အလုပ်များနေလေရဲ့။
သမ္မတ အိုဘားမားက အဲဒီတရားမဝင်နေထိုင်သူတွေထဲက
ပြစ်မှုတစ်စုံတစ်ရာမကျူးလွန်ဖူးတဲ့သူ၊
အနည်းဆုံးငါးနှစ်ကျော် ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့သူတွေကို
နိုင်ငံသားအဖြစ်လက်ခံဖို့လူဝင်မှုကြီးကြတ်ရေးဥပဒေကို ပြင်ချင်တယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မဲဆွယ်စည်းရုံးရေးလုပ်တုန်းကလည်း ကတိပေးခဲ့ဟန်တူတယ်။
ပေးထားတဲ့ကတိအတိုင်း လုပ်ဆောင်ဖို့ကြိုးစားတယ်။
ဒါပေမယ့် အတိုက်အခံပါတီဖြစ်တဲ့ရီပတ်ပလိကင်တွေကြီးစိုးနေတဲ့အထက်လွှတ်တော်၊
အောက်လွှတ်တော်နှစ်ရပ်စလုံးက သမ္မတရဲ့ဥပဒေကို အတိုက်အခံလုပ်နေတယ်။
အဲဒီကိစ္စလည်း ရှေ့မတိုး၊နောက်မဆုတ်ဖြစ်နေတယ်။
အမေရိကန်မှာ တရားဝင်နေထိုင်သူပေါင်းက သန်းလေးဆယ်(၄၀-သန်း)ကျော်ရှိတယ်လို့သိရတယ်။
ရောက်စမှာတော့ ဂရင်းကဒ်(Green card )ကို ထုတ်ပေးတယ်။
ငါးနှစ်ကျော်ရင်တော့ အမေရိကန်နိုင်ငံသားလျှောက်ခွင့်ရှိတယ်။
နိုင်ငံသားဖြစ်ပြီးမှ မဲပေးခွင့်ရှိတယ်။
ဂရင်းကဒ်ကိုင်ဆောင်ထားချိန်မှာတော့ မဲပေးခွင့်မရှိပါ။
အမေရိကန်သမ္မတကို မဲပေးနိုင်သူပြည်သူတွေက တိုက်ရိုက်ရွေးချယ်နိုင်တဲ့အ
ခွင့်အရေးရှိတယ်။ဒါကြောင့် လွှတ်တော်ကိုယ်စလှယ်နဲ့သမ္မတတွေက ပြည်သူတွေကို
အထူးအလေးထားတာကို တွေ့ရတယ်။
မဲဆွယ်ပွဲမှာ ကတိပေးထားပြီးရင်လည်း အဲဒီကတိကို
ဖြစ်အောင်အကောင်အထည်ဖော်ဆောင်တာကို တွေ့ရတယ်။

++++++++++++++++++++++

အမေရိကန်မှာ နှစ်စဉ် DV ကံစမ်းမဲကို ပြုလုပ်တယ်။
အဲဒီမဲစံနစ်ကနေ ကမ္ဘာ့နိုင်ငံအသီးသီးက လူပေါင်း
ငါးသောင်းကို အမေရိကန်ပြည်ထောင်စုက နှစ်စဉ် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးနေတယ်။ ဒီလိုလုပ်လာတာတောင် နှစ်ပေါင်းအတန်ကြာခဲ့ပြီ။
အဓိက ရည်ရွယ်ချက်ကတော့
ပညာရေးမှာဖြစ်စေ၊ စီးပွားရေးမှာဖြစ်စေ အတော်ဆုံး၊အကောင်းဆုံးပုဂ္ဂိုလ်တွေကို
စုဆောင်းနေတာလို့သိရတယ်။အဲဒီရွယ်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်ကြောင့်လည်း
အမေရိကန်ဟာ ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်တယ်။
ထင်ရှားတဲ့ဥပမာပြောရရင် အိုင်စတိုင်းလို ပုဂ္ဂိုလ်ကို ပြောနိုင်တယ်။
အိုင်စတိုင်းဟာ ဂျူးလူမျိုးဖြစ်တယ်။ နာဇီတွေကို ကြောက်လို့ အမေရိကန်နိုင်ငံကိုရောက်လာတယ်။
အမေရိကန်ကပြည်ဝင်ခွင့်လည်းပေးတယ်။ ထိုက်တန်တဲ့နေရာမှာလည်း ထားတယ်။
အိုင်စတိုင်းရဲ့ကျေးဇူးကြောင့် အမေရိကန်ဟာ အနုမြူဗုံးပိုင်ဆိုင်တဲ့ဦးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာတယ်။
အဲဒီအနုမြူဗုံးကို အသုံးပြုပြီး ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်နိုင်ခဲ့တယ်။
အဲဒီလိုပြည်ပကဝင်ရောက်လာတဲ့ ထူးခြားတဲ့ပညာရှင်တွေ အမေရိကန်မှာ အများအပြားရှိတယ်။
အဲဒီလို အမေရိကန်ရဲ့ထူးခြားတဲ့လုပ်ရပ်ကြောင့်လည်း အမေရိကန်ဟာ
အင်အားအကြီးဆုံးနိုင်ငံအဖြစ်ရပ်တည်ခဲ့တယ်။
အမေရိကန်ဟာ နိုင်ငံအတွက် ကောင်းမွန်တဲ့တိုးတက်မှုဖြစ်မယ်ဆိုရင်
ဘာမဆို စံနစ်တကျလုပ်ဆောင်တတ်တဲ့ခေါင်းဆောင်တွေလည်း အများအပြားရှိခဲ့တယ်။
အမေရိကန်သမ္မတအများစုဟာ ပညာတတ်ကြတယ်။ ပြီးတော့ သဘောထားကြီးကြတယ်။
အဝေဖန်ကိုလည်း ခံနိုင်ရည်ရှိကြတယ်။
ဒါဟာ အတုယူအားကျသင့်တဲ့ကိစ္စဖြစ်တယ်လို့ထင်တယ်အမေ။
စာလည်းရှည်သွားပြီ။
နောက်များမှ ဆက်ရေးပါဦးမယ်။
အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့ (Ash-burn)
ဗားဂျီးနီးယားပြည်နယ် (Virginia)
အမေရိကန်ပြည်ထောင်စု (USA)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com