Sunday, February 15, 2015

"အမေ့ထံသို့ ပေးစာများ-၁၀၃..."



သို့
ချစ်တဲ့အမေ
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
စာမရေးဖြစ်တာတောင် တော်တော်ကြာပြီ။
မအားတာလည်းပါတယ်။ အလုပ်ပင်ပန်းတာလည်းပါတယ်။
အလုပ်ပင်ပန်းတော့ အိမ်ပြန်ရောက်ရင် ခြေကုန်လက်ပန်းကျပြီ။
နားချင်လို့နားလိုက်ပြန်ရင်လည်း အိပ်ပျော်သွားတာများလာတယ်။
တစ်ခါတစ်လေ ဆိုရင် မစားပဲ အိပ်ပျော်သွားတဲ့ရက်တောင် ရှိလာတယ်။
နိုးနေတဲ့အချိန်မှာ ရှိသမျှခွန်းအားကို အားလုံးအသုံးပြုရတဲ့အလုပ်ကိုလုပ်နေရပါလား
ဆိုတာတဖြည်းဖြည်း သိလာတယ်။
တစ်နှစ်မှာ သုံးရက်ပဲ ပိတ်ရက်ရတယ်။
ဧပြီလမှာ တစ်ရက်၊ အီစတာပိတ်ရက် (Easter Day)
နိုဝင်ဘာလမှာ တစ်ရက်၊ ကျေးဇူးတော်နေ့ (Thanksgiving Day)
ဒီဇင်ဘာလမှာ တစ်ရက်၊ ခရစ်စမတ်ပိတ်ရက် (Christmas Day)

+++++++++++++++++++

တစ်သက်လုံး ပေါင်မုန့်စားနေတဲ့အမေရိကန်နိုင်ငံမှာ ထမင်းရောင်းဖို့ကြိုးစားတာဟာ
အတော် ရဲတင်းတဲ့လုပ်ဆောင်ချက်လို့ပြောရမယ်။
ဟမ်ဘာဂါကို ကြိုက်နှစ်သက်နေတဲ့နိုင်ငံမှာ ဆူရှီးလာရောင်းတာဟာ
အတော်ကို အတွေးရဲတာပဲ။
ဆူရှီးဟာ ထမင်းနဲ့လုပ်တဲ့စားစရာလေ။
အမေရိကန်နိုင်ငံသားအတော်များများဟာလည်း အခုဆိုရင် ဆူရှီးကို ကြိုက်နှစ်သက်နေကြပြီလေ။
အဲဒီအတွေးရဲသူဟာ အခု သန်းကြွယ်သူဌေးဖြစ်နေပြီ။
အမေရိကန်နိုင်ငံမှာ တွေးရဲဖို့လိုတယ်၊ လုပ်ရဲဖို့လိုတယ်။
စွန့်မှ စားရတဲ့စကား(စွန့်စား)ဟာ ဒီနေရာမှာ ပိုမှန်တယ်။

++++++++++++++

ဆူရှီးဟာ ထမင်းနဲ့လုပ်တယ်ဆိုပေမယ့် ရိုးရိုးထမင်းမဟုတ်ဘူး။
အကောင်းစားဆန်တစ်မျိုးကို ချက်ထားတဲ့ထမင်း၊
ပြီးတော့ အဲဒီထမင်းကို အချဉ်ဖေါက်ထားတယ်။
Rice Vinegar (ဆန်နဲ့လုပ်ထားတဲ့ဗင်နီကာ)
လို့ခေါ်တဲ့အချဉ်ရည်နဲ့ဖေါက်ထားတာပါ။
ထမင်းချဉ်ပေါ့။ ဒါပေမယ့် လုံးဝချဉ်နေတာတော့ မဟုတ်ဘူး။
အဲဒီ Rice Vinegar(ဆန်နဲ့လုပ်ထားတဲ့ဗင်နီကာ)ကို သကြားရယ်၊ဆားရယ်ကို အချိုးအစားမျှမျှတတ
ထည့်ထားတော့ ထမင်းက ချဉ်ပေမယ့် စားလို့ကောင်းနေတယ်။
ထမင်းချဉ်ဆိုပြီးအထင်တော့ မသေးလိုက်နဲ့ဦး။
တစ်လုတ်စာ အတုံး ရှစ်တုံးက ဆယ့်ငါးတုံးရှိတဲ့ထမင်းဘူးတစ်ဘူးဟာ
အနည်းဆုံး မြန်မာငွေနဲ့ ငါးထောင်ကျပ်ကနေ တစ်သောင်းသုံးထောင်ကျပ်အထိ ရှိတယ်။
အဲဒါတစ်ခါစားပဲရှိတယ်။
ဈေးကြီးတယ်လို့ပြောလို့မရပါဘူး။
တစ်ခါတုန်းက အမေရိကန်နိုင်ငံသားတစ်ယောက်က ပြောလေရဲ့။
“ငါ ဂျပန်ရောက်တုန်းက ဆူရှီးကို စားချင်ပေမယ့် ဈေးကြီးတာကြောင့် ဝယ်မစားဖြစ်ခဲ့ဖူး။
အခု ဒီက ဆူရှီးတွေက ဈေးသက်သာတုန်း ဝယ်စားလိုက်ဦးမယ်”
ဆိုပြီး ဝယ်သွားလေရဲ့။
သူ့စကားအရဆိုရင် အမေရိကန်မှာထက် ဂျပန်မှာ ဆူရှီးတွေ ဈေးပိုကြီးတဲ့သဘောဖြစ်နေတယ်။

+++++++++++++

ဆူရှီးအတော်များများမှာ ထောပတ်သီး(Avocado)ထည့်လေ့ရှိတယ်။
ထောပတ်သီး(Avocado) ဟာ ချိုဆိမ့်တဲ့အရသာရှိတယ်။
အသားအရည်ကိုလှစေတယ်လို့ ကြားဖူးတယ်။
မြန်မာပြည်မှာတော့ ထောပတ်သီး(Avocado) ကို အတုံးလေးတွေတုံး။
သကြားနဲ့ဆားအနည်းငယ်ထည့်၊
အချို့ကတော့ နို့်ဆီနဲနဲတောင် ထည့်လိုက်သေးတယ်။
အဲဒါကို လက်နဲ့ဖြစ်ဖြစ်၊ စက်နဲ့ဖြစ်ဖြစ် မွှေ၊
အရသာရှိတဲ့ထောပတ်သီးဖျော်ရည်တစ်ခွက်ရပြီ။
ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်ဝင်းအတွင်းက ဦးရမ်းဘီးလူးဆိုင်က ထောပတ်သီးဖျော်ရည်ကိုတော့
အကြိုက်နှစ်သက်ဆုံးပဲ။
အဲဒီကထဲက ကြိုက်လာတာ အခုထိပါပဲ။
မြန်မာပြည်မှာ နာမည်ကျော်ဆရာတော်တစ်ပါးဆိုရင် ထောပတ်သီးဖျော်ရည်ကို
နေ့စဉ်ဘုန်းပေးတယ်လို့ တရားတစ်ပုဒ်မှာဟောခဲ့ဖူးတယ်။
အဲဒီဆရာတော်ကလည်း အသားအရည်လှပနေတော့ ထောပတ်သီး(Avocado)ဖျော်ရည်ဟာ
အသားအရည်ကိုလှပစေတယ်ဆိုတာ ဖြစ်နိုင်စရာရှိတယ်။
ထောပတ်သီး(Avocado)ဟာ သောက်လို့အရသာနဲ့ပြည့်စုံပေမယ့် တာရှည်အထားမခံဘူး။
အချို့ ထောပတ်သီးကို မှည့်လို့ခွဲလိုက်ရင် လေနဲ့ထိတာနဲ့ အစက်အပြောက်တွေ ဖြစ်လာတယ်။
၂၄-နာရီလောက်အထားခံရင် တော်တော်ကောင်းတဲ့ထောပတ်သီးလို့ပြောရမယ်။
အချို့ထောပတ်သီးက နာရီပိုင်းလောက်တော့ လှနေတယ်။
အချို့ထောပတ်သီးကတော့ မိနစ်ပိုင်းလောက်ပဲ လှနေတယ်။
အချို့ဆိုရင်လေနဲ့ထိတာနဲ့ကို အရောင်ပြောင်းသွားပြီ။
စားသုံးသူတွေကလည်း မလတ်ဆတ်တဲ့အစားအစာလို့ ထင်သွားတတ်တယ်။
ထောပတ်သီးကို အလှပြ ရောင်းရတဲ့ဆူရှီးတွေဆိုရင်
မလှတော့တဲ့အတွက် ရောင်းဗန်းမလှတော့ဘူး။
ဆူရှီးအများစုကလည်း ထောပတ်သီးပါနေတတ်တော့ နေ့တိုင်းထောပတ်သီးနဲ့
အလုပ်ရူတ်နေရတယ်။ စိတ်ရူတ်နေရတယ်။

++++++++++++++++++++

စားစရာဖြစ်တဲ့ ဆူရှီးကို
မလှရင်      အခုမဝယ်ဘူး။
အရသာမရှိရင် နောက်မဝယ်တော့ဘူး။
အခု ဝယ်ရလေအောင် လှအောင်ပြင်ဆင်ရတယ်။
နောက်လည်း ဝယ်ရလေအောင် အရသာရှိအောင်လုပ်ရတယ်။
အရသာရှိအောင် ပါဝင်ပစ္စည်းတွေကို မခိုမကပ်ထည့်ရတယ်။
ဒါ့အပြင် စေတနာနဲ့သဒ္ဒါတရားပါ အဆစ်ထည့်ပေးလိုက်သေးတယ်။
လတ်တလော အမြတ်ကျန်နည်းနိုင်တယ်ဆိုတာ သိပေမယ့်
အဝယ်များလာရင် တွက်ခြေကိုက်နိုင်တယ်လေ။
အခုလောလောဆယ်တော့ လူ ပိုပင်ပန်းတာပေါ့။
ဘဲနဲ့တတ်နိုင်မလဲလေ။
ကိုယ်ရွေးတဲ့လမ်းကို ကိုယ်လျှောက်ဖို့ တာဝန်ရှိတယ်။
စိတ်ပါလက်ပါလျှောက်တော့ ခရီးမြန်မြန်ရောက်နိုင်တာပေါ့။

+++++++++++++++++++++++


အမေရိကန်နိုင်ငံရဲ့ပညာရေးကတော့ အမေရိကန်နိုင်ငံသားတိုင်း
အထက်တန်းပညာအထိ အခမဲ့ပညာသင်ကြားခွင့်ရှိတယ်။
တက္ကသိုလ်ရောက်မှသာလျှင် ကြိုက်နှစ်သက်တဲ့ဘာသာရပ်ဆိုင်ရာ အသက်မွေးတက္ကသိုလ်ကို
ရွေးချယ်နိုင်တယ်။ အစိုးရပိုင်မဟုတ်တဲ့တက္ကသိုလ်တွေအများအပြားရှိတယ်။
အမေရိကန်နိုင်ငံအတွင်း ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်အများအပြားရှိတယ်။
မိမိရဲ့ငွေကြေးတတ်နိုင်မှုပေါ်မူတည်ပြီးလည်း တက္ကသိုလ်ကို ရွေးချယ်နိုင်တယ်။
ငွေကြေးမတတ်နိုင်တဲ့ကျောင်းသူကျောင်းသားတွေကို ဘဏ်တွေက ငွေချေးပေးတယ်။
အလုပ်ရလာတဲ့အခါ ပြန်ဆပ်ပေါ့လေ။
အခုသမ္မတ အိုဘားမားလက်ထက်မှာ အခမဲ့သင်ကြားနိုင်တဲ့ကွန်မျူနီတီကောလိပ်တွေ
ဖွင့်လာတာ တွေ့ရတယ်။
ဒါဟာ တက္ကသိုလ်အထိ အခမဲ့ပညာသင်ကြားနိုင်တဲ့အခွင့်အလမ်းတွေပေါ်ပေါက်လာတဲ့သဘော
ပါပဲ။
အမေရိကန်နိုင်ငံဟာ ပညာရေးကို တော်တော်အားပေးတဲ့နိုင်ငံဆိုတာ
ရောက်လာတော့မှ ပိုသိလာတယ်။
ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံတွေထဲမှာ ထိပ်တန်းနိုင်ငံဖြစ်လာတာပေါ့လေ။

ဒီနေ့အဖို့တော့ ဒီလောက်ပါပဲ အမေရယ်။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဗန်းမြို့(Ash-burn)
ဗားဂျီးနီးယားပြည်နယ်(Virginia)
အမေရိကန်ပြည်ထောင်စု(USA)




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com