Wednesday, October 23, 2013

"အမေ့ထံသို့ ပေးစာများ-၈၄..."




သို့
ချစ်တဲ့အမေ
သား သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အခုစာရေးနေချိန်မှာတော့  ဗာဂျီးနီးယားသမုဒ္ဒရာကမ်းစပ်(Virginia Beach)ကိုရောက်နေတယ်။
အတ္တလန်တိတ်သမုဒ္ဒရာ (Atlantic Ocean)နဲ့ကပ်ရက်ဖြစ်နေတာကြောင့် သမုဒ္ဒရာ
ကမ်းစပ်လို့ပြောလိုက်တာပါ။
သာယာလိုက်တာ အမေရယ်။
ဇင်ယော်ငှက်တွေလည်း အများအပြား ပျံနေကြတယ်။
တောဘဲငန်းတွေလည်း အုပ်စုဖွဲ့ပြီး တစ်နေရာကို ဦးတည်ပြီး ပျံနေကြတယ်။
လေယာဉ်ကွင်းနဲ့နီးလို့ထင်တယ်။
လေယာဉ်သံတွေလည်း မကြာခဏကြားနေရတယ်။
နောက်တစ်ခုက အမေရိကန်ရေတပ်စခန်းနဲ့နီးပုံရတယ်။
စစ်လေယာဉ်တွေ တစ်ချိန်လုံး ပျံသန်းနေကြတယ်။
စစ်လေယာဉ်ရဲ့အင်ဂျင်သံက ပိုပြီး ကျယ်လောင်တယ်။
ဒေါလ်ဖင်း(Dolphin)လို့ခေါ်တဲ့ငါးကြီးတွေလည်း ခုန်ခုန်ပြီး သမုဒ္ဒရာကမ်းစပ်မှာ
အုပ်စုဖွဲ့ပြီးရေကူးနေတာကို မြင်နေရတယ်။
လာပြီးအနားယူနေကြတဲ့လူတွေလည်း ကမ်းစပ်မှာ အချို့က လမ်းလျှောက်နေကြတယ်။
အချို့က စက်ဘီးစီးနေကြတယ်။
အချို့က စကိတ်စီးနေကြတယ်။
အချို့က သူတို့မွေးထားတဲ့ ခွေးတွေနဲ့ဆော့နေကြတယ်။
အချို့က ကျန်းမာရေးအတွက် ပြေးနေကြတယ်။
တစ်ခါတစ်လေ ပင်လယ်ကူးသဘောင်္ကြီးတွေကို အခန်းထဲက မြင်နေရတယ်။
တစ်ခါတစ်လေ ကွန်တိန်နာ သဘောင်္တွေ၊
တစ်ခါတစ်လေ လူစီးသဘောင်္တွေ၊
ညဖက်မှာတော့ အဲဒီလူစီးသဘောင်္တွေ မီးထိန်ထိန် လင်းလို့။
တစ်ခါတစ်လေလည်း ရွက်လှေတွေကို တွေ့ရတတ်တယ်။
ပတ်ဝန်းကျင်ဟာ သာယာသလို သမုဒ္ဒရာဖက်က တိုက်လာတဲ့လေနုအေးတွေကို ရှုရှိုက်ရတာကိုက
စိတ်ချမ်းသာစရာကောင်းလိုက်တာ အမေရယ်။
တစ်နှစ်နီးပါးလောက် ပင်ပန်းထားသမျှ ပျောက်ကွယ်သွားတယ်လို့ ခံစားရတယ်။တန်တယ်အမေ။
မအားမလပ်လောက်အောင် အလုပ်များလှတဲ့အလုပ်ခွင်ထဲကနေ
ဘယ်လိုလုပ်ပြီး ဗာဂျီးနီးယား သမုဒ္ဒရာကမ်းစပ်ကို ရောက်သွားသလဲ
လို့ အမေ သိချင်လိမ့်မယ်လို့ ထင်တယ်။



ဖြစ်ပုံက ဒီလို အမေရေ့…။
တစ်နေ့မှာ ကုမ္ပဏီက ဒု-မန်နေဂျာတစ်ယောက်က ဖုံးဆက်တယ်။
“ဗာဂျီးနီးယားမှာ ဆိုင်သစ်ဖွင့်ဖို့ရှိတယ်။
နိုဝင်ဘာလ ပထမပတ်မှာ ဖွင့်မှာ။
ဒီလုပ်ငန်းရဲ့အကြီးအကဲက ဒီဆိုင်ဟာ သူတို့လင်မယားနဲ့သင့်တော်တယ်လို့
ထောက်ခံချက်ပေးတယ်။
စဉ်းစားပါ။ သုံးရက်အချိန်ပေးမယ်” တဲ့။
အဲဒီနေရာဟာ ဝါရှင်တန်ဒီစီရဲ့အနောက်ဖက်မှာလို့လည်းပြောတယ်။
နော်ဖေါ့ခ်(Norfork)နဲ့လည်း နီးတယ်လို့လည်း ပြောတယ်။
အဲဒီနော်ဖေါ့ခ်ဟာ အတ္တလန်တိတ်သမုဒ္ဒရာကမ်းစပ်နဲ့နီးတယ်လို့လည်းပြောတယ်။
သူပြောတာကတော့ ဒီလောက်ပါပဲ။
ကျနော်တို့က အတော့်ကို စဉ်းစားရတယ်။
ဘာကြောင့်ဆိုတော့ ကျနော်တို့အတွက် ဘဝအလှည့်အပြောင်းဖြစ်နိုင်တယ်လေ။
အခုလောလောဆယ်မှာ ဒီဆိုင်က တစ်နေ့ထက်တစ်နေ့ အရောင်းတွေ တက်လာတယ်။
ကျနော်တို့ဝင်ငွေလည်း ကောင်းလာတယ်။
မစ်ချီဂန်မှာ လုပ်တာထက်တောင် ဝင်ငွေက နှစ်ဆကျော်ကျော် တက်လာတယ်။
စားသုံးသူတွေရဲ့သဘောသဘာဝတွေကိုလည်း ပိုနားလည်လာတယ်။
စားသုံးသူအတော်များများနဲ့လည်း ရင်းနှီးလာတယ်။
သူတို့တွေ ဘာကြိုက်သလဲဆိုတာလည်း သိလာခဲ့တယ်။
ဝန်ထမ်းတွေအားလုံးနီးပါးနဲ့လည်း ရင်းနှီးလာတယ်။
အများစုကလည်း နာမူနာ(Sample)တွေ စားကြသလို
ကြိုက်လာလို့ ဝယ်စားသူတွေလည်း ဖြစ်လာတယ်။
အလုပ်နဲ့အိမ်နဲ့ နီးတယ်။
အိမ်လခကလည်း သင့်တော်တယ်။
နေတဲ့နေရာက ဘဏ်နှစ်ခုစလုံးနဲ့နီးတယ်။
စာတိုက်နဲ့လည်း နီးတယ်။
ဈေးနဲ့နီးတယ်။
ဖုံးဘီလ်ပေးတဲ့နေရာနဲ့နီးတယ်။
ပြောရရင် အစစအရာရာ အစဉ်ပြေနေတဲ့နေရာကို
ကျောခိုင်းပြီး ဘာမှ မသေချာတဲ့နေရာတစ်ခုကို ရွေးချယ်ဖို့ဆိုတာ
တော်တော်ခက်ခဲတယ်လို့ပြောရမယ်ထင်တယ်။
နှစ်ရက်လောက် ကြာတဲ့အထိ အတွေးကိုယ်စီနဲ့တစ်ယောက်နဲ့တစ်ယောက်
စကားမပြောဖြစ်ကြဘူး။
နှစ်ရက်မှာတော့ ယုံယုံကိုမေးဖြစ်တယ်။
ဘယ်လိုဆုံးဖြတ်သလဲ။
အလုပ်သစ်ကိုလက်ခံဖို့ ဆုံးဖြတ်တယ်။
ဘာကြောင့်လဲ။
တစ်နေရာထဲမှာ အကြာကြီး မနေချင်ဘူး။
တိုးတက်ဖို့ဆိုတာ ပြောင်းလဲမှဖြစ်မယ်ဆိုတာကိုလည်း သိထားတယ်။
အခုကိစ္စကလည်း အခွင့်အရေးလို့မြင်တယ်။
တောမြို့လေးမှာတောင် ဖြစ်အောင်လုပ်နိုင်ရင်
မြို့ကြီးမှာလည်း ဖြစ်နိုင်မယ်လို့ယုံကြည်တယ်” လို့ပြောတယ်။
အမေပြောဖူးတဲ့စကား၊
မသေချာတာက စိတ်ဝင်စားစရာကောင်းတယ်။
သေချာတဲ့အလုပ်ဟာ ဘာမှ စိတ်မလှုပ်ရှားရဘူး။
ရှေ့တိုးရမလား၊ နောက်ဆုတ်ရမလားလို့ မဆုံးဖြတ်နိုင်တိုင်း
ရှေ့ကို တိုးကြည့်လိုက်ပါ။
ရှေ့တိုးလို့ အောင်မြင်ရင် ကိုယ့်ကိုယ်ကို ပိုပိုပြီးယုံကြည်မှုတိုးစေတယ်။
မအောင်မြင်ရင် အတွေ့အကြုံတွေ အများကြီးကို ရစေတယ်။
နောက်ဆုတ်တာဟာ အရှုံးပေးတာနဲ့တူတယ်။
အရှုံးပေးတာဟာ အကျင့်ပါတတ်တယ်။
ဘယ်ဖက်ကို သွားရမလား၊
ညာဖက်ကို သွားရမလားလို့ မဝေခွဲနိုင်တိုင်း
ခက်ခဲတဲ့လမ်းကို ရွေး။
ခက်ခဲတဲ့လမ်းဟာ လူတိုင်းမသွားတတ်တာမို့
အခွင့်အရေး ပိုရနိုင်တယ်လို့ အမေပြောခဲ့ဖူးတယ်လေ။
အခုဟာလည်း ရောက်တဲ့လှေခါးထစ်မှာ ရပ်မနေချင်တာကြောင့်
အခွင့်အရေးပေးတာကို လက်ခံဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ဖြစ်တယ်။
နှစ်ရက်အကြာမှာပဲ ဆုံးဖြတ်ချက်ကို ဒုမန်နေဂျာကို အကြောင်းပြန်လိုက်တယ်။
ဒုမန်နေဂျာက ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်မယ်လို့သူမယူဆကြောင်းပြောပါတယ်။



မိတ်ဆွေတစ်ယောက်က မေးလို့ပြောပြလိုက်မိတယ်။
နေရာသစ်ဟာ အောင်မြင်ခဲတယ်။
ဒီဆုံးဖြတ်ချက်ဟာ မှားတယ်လို့ပြောတယ်။
နောက်မိတ်ဆွေတစ်ယောက်ကိုပြောပြတော့
သူဟာ ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်မယ်လို့ သူထင်ကြောင်းပြောပြတယ်။
အကြောင်းကတော့ ဒီမတ်ကတ်ကြီးဟာ သန်းပေါင်းများစွာရင်းနှီးမြှုပ်နှံပြီးမှ
ဆိုင်တစ်ဆိုင်ကိုဖွင့်တာဖြစ်တယ်။
သုတေသနအများကြီးလုပ်ပြီးမှ ဖွင့်ဖို့ဆုံးဖြတ်တာဖြစ်တယ်။
ကိုယ့်ရဲ့ဆိုင်ဟာ သူ့မတ်ကတ်ကြီးထဲက အစိတ်အပိုင်းသေးသေးလေးသာဖြစ်တယ်။
သူတောင်မှ အောင်မြင်မယ်ထင်လို့ ဆိုင်သစ်ကို အကုန်အကျအများကြီးခံပြီး
ဖွင့်တာဖြစ်တဲ့အတွက် ကိုယ်ဟာလည်း အောင်မြင်မယ်လို့ယူဆပါတယ်လို့ပြောပါတယ်။
ဘယ်စကားဟာ မှန်သလဲဆိုတာတော့ စောင့်ကြည့်ဖို့လိုမယ်။
ကျနော်တို့တော့ ရှေ့တိုးဖို့ဆုံးဖြတ်လိုက်တာကြောင့်
အခုလောလောဆယ်မှာ ဗာဂျီးနီးယားသမုဒ္ဒရာကမ်းခြေမှာ အေးအေးဆေးဆေး
အနားယူရောက်ရှိနေပါတယ်အမေ။

အမေရေ…ကျန်းမာရေးကို ဂရုစိုက်ပါနော်။

အမေ့ကို သတိရတဲ့သား
အောင်ဝင်းဟိန်း
ဗာဂျီးနီးယားကမ်းစပ်၊
ဗာဂျီးနီးယားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
၁၀-၂၃-၂၀၁၃





Monday, October 21, 2013

"အမေ့ထံသို့ ပေးစာများ-၈၃..."




သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အလုပ်ကတော့ လုပ်နေကျဖြစ်လာလို့ သိပ်ပင်ပန်းတာ မရှိသလောက်ပါပဲ။
အရမ်းပင်ပန်းတဲ့အလုပ်တွေကို လုပ်ခဲ့ဖူးတာမို့
အဲဒီအလုပ်တွေနဲ့ နှိုင်းယှဉ်ပြီး မပင်ပန်းတာလည်း ဖြစ်နိုင်ပါတယ်။
ဘာဘဲဖြစ်ဖြစ် အလုပ်က အစဉ်ပြေပါတယ်။
ပြောစရာ တစ်ခုတော့ ရှိတယ်။
အလုပ်ချိန်က များလှတယ်။
တစ်နေ့ကို ၁၂-နာရီကျော်ကျော် အလုပ်ခွင်ထဲမှာ ရှိနေတယ်။
ဝါသနာပါရာ အလုပ်ကို လုပ်ဖို့ အချိန်က မရှိသလောက် နည်းသွားတယ်။
စာဖတ်ဝါသနာပါတယ်။ စာ မဖတ်နိုင်ဘူး။
စာရေးချင်တယ်။ စာရေးချိန်လည်း မရှိသလောက်ဖြစ်နေတယ်။
စာကြည့်တိုက်က နီးနီးလေး။
စာကြည့်တိုက်ကို တစ်ပတ်တစ်ကြိမ်လောက် သွားရဖို့ကိုတောင် မနည်းအားထုတ်နေရတယ်။
မဖြစ်မနေတော့ တစ်ပတ်တစ်ကြိမ်တော့ စာကြည့်တိုက်ကို သွားဖြစ်အောင် ကြိုးစားရတယ်။
စာကြည့်တိုက်ထဲရောက်ရင်ပျော်တယ်။
ငယ်ငယ်တုန်းက ကစားကွင်းထဲရောက်တဲ့ပျော်ရွှင်မှုမျိုးနဲ့အတူတူပဲ။
အရာရာကို မေ့သွားသလိုပဲ။
ငယ်စဉ်တုန်းက အမေဝယ်ခိုင်းတဲ့ ဆီနဲ့ကြက်သွန်ကို ဝယ်ဖို့မေ့သွားလို့
အိမ်ပြန်ရောက်တော့ ရေလုံပြုတ်ဟင်းချို သောက်ခဲ့ရဖူးတာကိုလည်း သတိရမိပါသေးတယ်။
အမေက ဒီလိုဖြစ်ရကောင်းလားဆိုပြီး ရိုက်တာမျိုး၊ ဆူတာမျိုးလည်း မလုပ်ဘူး။
နောက်တစ်ခါမဖြစ်အောင်တော့ သတိပေးတယ်။
ဒီမြို့က သေးသေးလေးပါ။
ဒါပေမယ့် စာကြည့်တိုက်က မြို့နဲ့ယှဉ်ရင် ကြီးလွန်းနေသလိုပဲ။
အထပ်နှစ်ထပ်။   စာအုပ်တွေက အများကြီး။
ကွန်ပျူတာတွေကလည်း များလွန်းလှတယ်။
ရောက်လေတိုင်း ကွန်ပျူတာနေရာတွေက လူတွေအများအပြားဖြစ်နေတာကို တွေ့ရတတ်တယ်။
အောက်ထပ်မှာ ကလေးစာကြည့်တိုက် သီးခြားရှိတယ်။
အဲဒီမှာလည်း ကွန်ပျူတာတွေကို ကြိုက်သလို ကစားခွင့်ပြုထားတယ်။
ကလေးတွေအတွက် သီးခြား ကစားကွင်းလည်း လုပ်ထားတာကို တွေ့ရတယ်။
ဒီက ကလေးတွေ သိပ်ကံကောင်းတယ်လို့ပြောနိုင်တယ်။
နေရာတကာမှာ လွတ်လွတ်လပ်လပ် ကစားခွင့်ရှိတယ်။ကစားရင်းနဲ့ပညာတွေ သင်ကြားနိုင်တယ်။
ပညာသင်ကြားရင်းနဲ့လွတ်လွတ်လပ်လပ် ကစားနိုင်တယ်။
စာကြည့်တိုက်မှာ ကလေးတစ်ယောက် ကစားနေလို့၊အော်နေလို့
လာပြီးတားဆီးတဲ့လူကြီးတွေ မရှိဘူး။
တာဝန်ရှိသူတွေလည်း မတားဘူး။
မိဘတွေလည်း မတားဘူး။
ကဲ…ဘယ်လောက် ကံကောင်းလိုက်သလဲ။
ကျနော်တို့ ငယ်ငယ်တုန်းကတော့ လူကြီးတိုင်းကို ကြောက်ခဲ့တာမျိုး သူတို့တွေမှာ မရှိဘူး။
ဒါဟာလည်း သူ့ကံနဲ့သူဖြစ်လာတယ်လို့ပြောရမယ်ထင်ပါတယ်။
စာကြည့်တိုက်မှာ အချိန်တွေ အများကြီးမပေးနိုင်တာမို့ စာကြည့်တိုက်ကစာအုပ်တွေ၊သီချင်းခွေတွေ၊
ဗွီဒီယိုခွေတွေကို ငှားလာရတယ်။
အိမ်ရောက်မှ အချိန်ရရင် ရသလို စာဖတ်ရတယ်။ သီချင်းနားထောင်ရတယ်။
ရုပ်ရှင်ကားတွေကို ကြည့်ရတယ်။
ဒီမှာက အေးအေးဆေးဆေး လုပ်တာမျိုးတော့ မရှိသလောက် နည်းသွားတယ်။
အားလုံးလိုလို အမြန်လုပ်ချည်းပဲ ဖြစ်နေတယ်။
စားလည်း မြန်မြန်၊
သွားလည်း မြန်မြန်၊
လုပ်လည်း မြန်မြန်၊
အိပ်တာလည်း မြန်မြန်ပါပဲ။
စောစောအိပ်၊ စောစောထ။
ကျောင်းသားဘဝကလို အိပ်ချင်တဲ့အချိန်အိပ်ပြီး ထချင်တဲ့အချိန်ထတာမျိုးလုပ်လို့မရဘူး။
အချိန်နဲ့လုပ်မှ အစဉ်ပြေတဲ့အလုပ်မျိုးဖြစ်တာမို့ စောစောသွား၊ အလုပ်ပြီးအောင်လုပ်။
သူတို့တွေ စားချိန်မှာ ကိုယ့်ရဲ့စားစရာကို ဈေးကွက်တင်နိုင်မှ။
အချိန်မှီ ဈေးကွက်မတင်နိုင်ရင် အားလုံးအမှိုက်ပုံးထဲရောက်ပြီးသာမှတ်။
ဒီတော့ နောက်ကျလို့မရဘူး။
နှေးနှေးလုပ်နေလို့လည်း မရဘူး။
ဒါကြောင့် လက် ဆယ်ဖက်လောက် ရှိရင်ကောင်းမယ်လို့ ပြောတာပေါ့။


တစ်ခါတုန်းက ယုံယုံကို မေးကြည့်ဖူးတယ်။
“အခု အမေရိကားကိုရောက်လာတာ သုံးနှစ်နီးပါးရှိတော့မယ်။
နေရာတွေကလည်း တော်တော်စုံအောင်ရောက်ခဲ့ဖူးတယ်။
ပြည်နယ်တွေချည်းပြောရင်တောင်
မြောက်ပိုင်းကာရိုလိုင်းနား။
ကယ်လီဖိုးနီးယား၊
အင်ဒီယားနား၊
မစ်ချီဂန်၊
တောင်ပိုင်း ကာရိုလိုင်းနား၊
အခု ဂျော်ဂျီယာပြည်နယ်တွေမှာ ရောက်နေတယ်။
အဲဒီထဲမှာ ဘယ်နေရာမှာ အပျော်ဆုံးလဲ” လို့မေးကြည့်တဲ့အခါ
သူမ ဖြေတာက “အခု ဂျော်ဂျီယာ(အေသင်မြို့)လေးမှာ အပျော်ဆုံးပဲ” တဲ့။
ဘာကြောင့်လဲလို့ ဆက်မေးတဲ့အခါ သူမ က
“ကျန်တဲ့နေရာတွေက သူများဝန်ထမ်းဘဝနဲ့နေထိုင်ခဲ့ရတယ်။
သူများမျက်နှာကို ကြည့်ရတယ်။
ကိုယ်လုပ်ရင် လုပ်သလောက်လည်း အကျိုးမခံစားရဘူး။
ပြီးတော့ နေထိုင်တဲ့နေရာတွေမှာလည်း ချုပ်ချယ်မှုတွေ များလှတယ်။
လွတ်လပ်မှု မရှိဘူး။
ဒီနေရာက ကိုယ်ပိုင်အလုပ်တစ်ခုလိုလုပ်ရတယ်။
ကိုယ်လုပ်ရင် လုပ်သလောက် ခံစားခွင့်ရှိတယ်။
ကိုယ့်ကိုယ်ချုပ်ချယ်သူ မရှိဘူး။
ဒါကြောင့် ဒီနေရာမှာ နေရတာကို ပျော်တယ်လို့ပြောတာ”
သူပြောတာကို ကျနော် သဘောတူတယ်။
အေသင်မြို့လေးဟာ တောမြို့လေးဆိုပေမယ့် လွတ်လပ်ပျော်ရွှင်မှုကို အပြည့်အဝခံစားနိုင်တယ်။
ကောင်းကောင်းစားပြီး လှောင်အိမ်ထဲမှာ နေရတာနဲ့ယှဉ်ရင်
သင့်တာကို စားပြီး လွတ်လွတ်လပ်လပ် နေရတာကို ပိုကြိုက်နှစ်သက်မိတယ်။



နမူနာ(Sample)ပေးတာနဲ့ပတ်သက်ပြီး ပျော်စရာကောင်းတဲ့အကြောင်းကို ပြောရဦးမယ်။
နမူနာ(Sample)ပေးတာကိုတော့ ယုံယုံကတာဝန်ယူတယ်။
ရောက်စတုန်းက တစ်ဈေးလုံးကို ပတ်ပြီး နမူနာ(Sample)ကို လိုက်ပေးတယ်။
ဆူရှီး လိတ်တာကိုတော့ ကျနော်က တာဝန်ယူရတယ်။
တစ်နေ့ကို အလိတ် ၂၀အထိလိတ်ရတဲ့ရက်တွေတောင် ရှိတယ်။
အလှူကြီးမဟုတ်ပေမယ့် အလှူလေးတော့ နေ့တိုင်းဖြစ်နေတယ်။
ကိုယ်လိတ်တာကို စားသုံးသူတွေက အားရပါးရစားတာကိုတွေ့ရတော့ ပျော်စရာကောင်းလှပါတယ်။
အသက်ငယ်ရွယ်သူတွေက နမူနာ(Sample)ပေးလိုက်ရင် အားပါးတရပါးရ စားကြတယ်။
တစ်နေရာရာမှာ စားသုံးခဲ့ဖူးပုံပေါက်ပါတယ်။
အသက်ကြီးသူတွေက တွန့်ဆုတ်တွန့်ဆုတ်နဲ့စားတယ်။
ယုံယုံက စိတ်ရှည်လက်ရှည် ရှင်းပြတယ်။
သူတို့ကြိုက်သွားရင်လည်း ချက်ချင်းဝယ်သွားတတ်တယ်။
အသက်ငယ်သူတွေက စားပြီး ထွက်သွားတတ်တယ်။
အခြားဝယ်စရာတွေကို စိတ်တိုင်းမကျတော့မှ လာဝယ်တတ်တယ်။
ဘာဘဲဖြစ်ဖြစ် နမူနာ(Sample)ပေးတဲ့အတွက် မိတ်ဆွေသစ်တွေ နေ့တိုင်း တိုးတက်လာတယ်။
ဝန်ထမ်းတိုင်းလည်း နမူနာ(Sample)ကို စားရင်းနဲ့ ဝယ်စားကြတဲ့အတွက် ဈေးကွက်အသစ်တိုးလာတယ်။
တစ်နေ့မှာ အမေရိကန်သူတစ်ယောက်ဟာ သူ့မရဲ့ဈေးဝယ်တဲ့တွန်းလှည်းပေါ်မှာ
၁၁-လအရွယ်ကလေးတစ်ယောက်ပါလာတယ်။
နမူနာ(Sample) ပေးတာကိုတွေ့ပြီး တောင်းစားတယ်။
နမူနာ(Sample)ကို အများအားဖြင့် စပ်တဲ့အရည်တစ်မျိုးနဲ့ရောထားတာ များတော့ 
ကလေးတွေကို မပေးတတ်ဘူး။
သူတောင်းစားတော့ သူ့အမေကိုပြောပြလိုက်တယ်။
စပ်တဲ့အကြောင်း၊ကလေးတွေနဲ့မသင့်တော်တဲ့အကြောင်း။
သူ့အမေက ဒီသားငယ်က စပ်တာကို ကြိုက်တဲ့အကြောင်းပြောပြီး
သူ့မရဲ့သားကို နမူနာ(Sample)တစ်ခုပေးလိုက်တယ်။
ကလေးငယ်က စားပြီးထပ်တောင်းတယ်။
အစပ်ကို စားနိုင်တဲ့အတွက် အံသြသွားတယ်။
တောင်းစားရင်း ပေးရင်းနဲ့ နမူနာ(Sample)တွေ ဆယ်ခုမကကျော်သွားတယ်။
တစ်ဘူးနီးပါးလောက် ရှိလာတယ်။
ကလေးက လက်ညှိုးထိုးပြီးတောင်းနေတုန်းပဲ။
သူမရဲ့အမေက အားနာလာပုံရတယ်။
                                                   တစ်ဘူးဝယ်တယ်။
ပြီးတော့ ကလေးအကြောင်းပြောပြတယ်။
ကလေးနာမည်က အလိုင်ဂျာ။
ကလေးကို တရုပ်ပြည် ဘီးကျင်းမှာ မွေးတယ်။
အခု ၁၁-လပဲ ရှိသေးတယ်။
သူ့ရဲ့အဖေက တရုပ်ဖြစ်လို့ အစပ်ကြိုက်တာ ထင်တဲ့အကြောင်းပြောပြတယ်။
ကလေးရဲ့ရုပ်ကတော့ တရုပ်နဲ့အမေရိကန်စပ်ထားတဲ့ပုံပါပဲ။
၁၁-လအရွယ်က ဒီလောက်အစပ်ကိုစားတာကိုတော့ တစ်ခါမှ မတွေ့ဖူးတော့
အံသြမိတာ အမှန်ပါပဲ။
သူ့အမေနဲ့မိတ်ဆွေဖြစ်သွားတယ်။
လာတိုင်း သူ့သားအတွက် ဝယ်စားတဲ့ဖေါက်သည်တွေ ဖြစ်လာတယ်။
အဲဒီလိုမျိုးမိတ်ဆွေဖြစ်လာတဲ့သူတွေလည်း အများကြီးပါပဲ။
ဟော…စာလည်းရှည်သွားပြီး။
အမေလည်း ညောင်းရော့မယ်။
ဒီနေ့တော့ ဒီလောက်ပါပဲ။

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အေသင်မြို့၊
ဂျော်ဂျီယာပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။
၁၀-၂၁-၂၀၁၃


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com