Thursday, June 21, 2012

" စိတ်ညစ်ပျောက်ချင်ရင် ရေချိုးပါ..."



တစ်ခါတုန်းက သားအဖ နှစ်ယောက် ရှိပါတယ်။
တစ်နေ့တော့ သားအဖနှစ်ယောက်ဟာ ခရီးထွက်ဖို့ ပြင်ကြပါတယ်။
သူတို့ ထွက်မယ့်ခရီးစဉ်မှာ တောအုပ်တစ်ခုကို ဖြတ်သန်းသွားရမှာပါ။
အဲဒီတောအုပ်ထဲမှာ ဓားပြသူခိုးတွေကလည်း ရှိနေပါတယ်။
အဲဒီဓားပြ သူခိုးတွေရဲ့လုပ်ထုံးအစဉ်အလာ တစ်ခုက သားအဖနှစ်ယောက်လာရင်
သားကို ဖမ်းထားပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။
ဆရာ တပည့်လာရင်လည်း ဆရာကို ဖမ်းထားပြီး တပည့်ကို အိမ်ပြန်ငွေယူစေပါတယ်။
ဒီလုပ်ထုံးအစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက်က
ခရီးမထွက်ခင် အဖေလုပ်တဲ့သူက...
" ငါ့သား၊ ဓားပြသူခိုးတွေနဲ့တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖ တော်တယ်လို့ မပြောနဲ့။
ဘာမှ မတော်ဘူးလို့ပြော " လို့မှာပါတယ်။
ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ။
ဓားပြ သူခိုးတွေနဲ့တွေ့ပါတယ်။ တွေ့တော့ သားအဖနှစ်ယောက်ကို ဖမ်းပြီး
'သင်တို့ ဘာတော်သလဲ' လို့မေးတော့ သားလုပ်တဲ့သူက
'ဘာမှ မတော်ဘူး' လို့ပြန်ဖြေလိုက်ပါတယ်။
ဒီတော့ သားအဖနှစ်ယောက် တောအုပ်က ထွက်ခွင့်ရပြီး ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။
နားရမယ့်နေရာမှာ နားပြီး ညချမ်းရောက်တော့ ရေချိုးပါတယ်။
ရေချိုးပြီးတော့ စိတ်ရော၊စိတ်ရော ကြည်နေတဲ့အတွက်
သားဖြစ်သူက မိမိရဲ့တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ
နံနက်က မုသားပြောခဲ့တာကို ပြန်သတိရပါတယ်။
ထိတ်လန့်သံဝေဂဖြစ်ပြီး...
"ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ" ဆိုပြီး ရပ်လျက်
ဝိပဿနာပွားလိုက်တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ဖြစ်သွားပါတယ်။
ပစ္စေကဗုဒ္ဓါဖြစ်သွားတော့ ဖခင်ကို တရားဟောပြီး နန္ဒမူလိုဏ်ဂူကို
ကြွသွားပါတော့တယ်။
(ငါးရာ့ငါးဆယ်၊ ပါနီယဇာတ်)

++++++++++++++++++++++++++++++++++++

အတိတ်ပါရမီကြောင့် တရားထူးရသွားတာမှန်ပေမယ့်
ရေချိုးလိုက်တဲ့အတွက် တရားထူးရဖို့ အထောက်အပံ့တစ်ခုဖြစ်သွားတာကို
ပြောချင်တာပါ။
ရေချိုးလိုက်တဲ့အတွက် စိတ်ရော၊ ရုပ်ရော ကြည်လင်နေတယ်။
စိတ်ရုပ် ကြည်လင်နေတဲ့အတွက်တရားအားထုတ်လိုက်တဲ့အခါ
တရားထူးတရားမြတ်ကို လျှင်မြန်စွာ ရသွားတယ်ဆိုတဲ့အချက်က
သတိပြုစရာ အချက်တစ်ခုဖြစ်တယ်။

++++++++++++++++++++++++++++++++++++

ပညာပွားကြောင်း အချက်-၇ ပါးမှာ ဒုတိယ အင်္ဂါက
"ဥာဏ်ပညာ ပွားဖို့အတွက် ကိုယ်တွင်းကိုယ်ပ နှစ်ဋ္ဌာနကို
သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပါ" တဲ့။

++++++++++++++++++++++++++++++++++++

ဒါကြောင့် ကိုယ်တွင်းကိုယ်ပ နှစ်ဋ္ဌာန ကို သန့်ရှင်းအောင်
မကြာခဏ လုပ်ပေးနေရပါမယ်။
စိတ်ချမ်းသာနေရင် တရားအလုပ်ပဲ လုပ်လုပ်၊
စီးပွားရေးပဲ လုပ်လုပ်၊
စာပဲကျက်ကျက်၊
ဘာဘဲလုပ်လုပ် အဆင်ပြေနေပါလိမ့်မယ်။

++++++++++++++++++++++++++++++++++++

တကယ်လို့ စိတ်ညစ်လာပြီဆိုရင် ကိုယ်နေတဲ့အခန်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။
အိပ်ရာ၊ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီး အသစ်နဲ့လဲလိုက်ပါ။
ပြီးတော့ ရေချိုးလိုက်ပါ။
ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွတ်ပြီးသား အဝတ်လေးကို ဝတ်လိုက်ပါ။
အားလုံး ပြီးတာနဲ့ အသသ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့သပ္ပာယ ဖြစ်သလို
ထိုင်ပြီး  ခါးကိုဖြောင့်ဖြောင့်ထား၊
မျက်လုံးလေးမှိတ်၊
လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။
အားလုံးပြီးရင်...
အရဟံဂုဏ်တော်ကို ငါးမိနစ်ပွားပါ။
မေတ္တာကို ငါးမိနစ် ပို့လိုက်ပါ။
ဝိပဿနာကို ငါးမိနစ်ပွားနေလိုက်ပါ။
ဒါဆိုရင် စိတ်ချမ်းသာလာပါလိမ့်မယ်။
မယုံရင် စမ်းကြည့်လိုက်ပါ။

++++++++++++++++++++++++++++++++++++

အဓိကကတော့ ဘယ်လိုအာရုံပဲ ကြုံလာကြုံလာ၊
ကြုံလာတဲ့အာရုံကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်သွားဖို့ပါ။
ဒါကို ကိုယ်က အလေ့အကျင့်ဖြစ်အောင် လေ့ကျင့်ထားဖို့ပါ။
လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။
ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။

++++++++++++++++++++++++++++++++++++

ကျမ်းကိုး
စိတ်ညစ်ရင် ရေချိုးပါ (ရဝေနွယ် [အင်းမ] )


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com