Thursday, December 31, 2009

“ နောက်တော့ အကျင့်တွေက တို့ကိုပြန်လုပ်...”


တစ်ခါတုန်းက မွန်ပြည်နယ်က တောရွာတစ်ခုမှာ

မူလတန်းကျောင်းတစ်ကျောင်းရှိတယ်။

အဲဒီကျောင်းက စတုတ္ထတန်းမှာ အလွန်ချစ်ကြတဲ့ မသန်း နဲ့မအေး

သူငယ်ချင်းနှစ်ယောက်ရှိတယ်။

မသန်း နဲ့မအေး နှစ်ယောက်ဟာအတန်းထဲမှာ အရမ်းတွဲကြသူများဖြစ်တယ်။

ကျောင်းတက်လာတော့လည်းအတူတူ၊ အစားစားတော့လည်း အတူတူ၊ စာကျက်တော့လည်း အတူတူ၊

သူတို့နှစ်ယောက်စလုံးဟာ စာလည်းတော်ကြတယ်။

သူတို့ရဲ့အဆင့်တွေကတော့ အတော်ဆုံးငါးယောက်ထဲမှာ အမြဲပါနေတယ်။

စတုတ္ထတန်းအောင်တော့ ရွာမှာက မူလတန်းကျောင်းပဲရှိတော့

ကျောင်းဆက်မတက်ဖြစ်တော့ပါဘူး။

အရွယ်ရောက်လာကြတော့ မသန်းက အခြားရွာကတံငါသည်တစ်ဦးနဲ့အိမ်ထောင်ကြသွားပါတယ်။

မအေးကတော့ တစ်ရွာတည်းနေတဲ့ ဥယျာဉ်မှူးတစ်ဦးနဲ့အိမ်ထောင်ကြပါတယ်။

လင်ယောကျာ်းပေါ်မူတည်ပြီးချစ်ကြတဲ့သူငယ်ချင်းတွေဟာ တစ်ရွာစီဖြစ်သွားကြပါတယ်။

မသန်းက လင်ယောကျာ်းရှာလာတဲ့ ငါးတွေကို လည်ရောင်းရတဲ့ ငါးစိမ်းသည်ဖြစ်လာပါတယ်။

မအေးကတော့ လင်ယောကျာ်းစိုက်ပျိုးတဲ့ ပန်းမျိုးစုံကိုသီကုံးပြီးရောင်းရပါတယ်။

တစ်နေ့မှာတော့ မသန်းက ငါးလည်ရောင်းရင်းမကုန်နိုင်တာမို့

မအေးတို့ရဲ့ရွာဘက်ကိုရောက်လာပြီးရောင်းပါတယ်။

အချိန်လွန်သွားတဲ့အထိ ငါးတွေကလည်း ရောင်းမကုန်ဘူး။

ရွာဘက်ကိုပြန်ဖို့လည်း အချိန်မရှိတော့တာနဲ့ မအေးအိမ်ကို

ညအိပ်ဖို့ရောက်လာပါတယ်။

မမျှော်လင့်ဘဲ မသန်းရောက်လာတော့ မအေးက အလွန်ဝမ်းသာတယ်။

မတွေ့ရတာလည်းကြာပြီဖြစ်တော့ စကားတွေလည်း ပြောမကုန်ဘူး။

ငယ်အကြောင်းဟာအလွန်ပြောလို့မြိန်တဲ့အကြောင်းအရာတွေပါပဲ။

ထမင်းစားချိန်မှာ သူငယ်ချင်းနှစ်ယောက် အတူတူထမင်းစားကြတယ်။

စကားကပြောလို့ကောင်းတုန်းပါပဲ။

ဒါနဲ့ပဲ ညဥ့်နက်လာတော့ မသန်းက တစ်နေကုန် ငါးလည်ရောင်းလာတာမို့ ပင်ပန်းပြီးသန်းလာတယ်။

အိမ်ရှင်ဖြစ်တဲ့ မအေးက ဒီတော့မှ သူငယ်ချင်းဖြစ်သူကို အိမ်ရှေ့ခန်းက

ပန်းတွေထားတဲ့အခန်းမှာ အိပ်ယာခင်းပေးလိုက်တယ်။

ပန်းရနံ့ကမွှေးကြိုင်နေပါတယ်။

စကားပြောနေတုန်းက အိပ်ချင်ပေမယ့် တကယ်တန်းအိပ်တော့ အိပ်လို့မရဘူးဖြစ်နေတယ်။

မအေးကလည်း ဝမ်းသာပြီးအိပ်မရပါဘူး။သူငယ်ချင်းမသန်းအိပ်မပျော်တာကိုလည်း သိနေတာပေါ့။

အချိန်တွေလွန်တဲ့အထိ တလူးလူး၊တလှိမ့်လှိမ့်နဲ့မို့မအေးကထလာပြီးမေးပါတယ်။

“သူငယ်ချင်းမသန်းရယ်….ဘာဖြစ်လို့အိပ်မပျော်တာလဲ? ဟင်”

မသန်းက “ဘာဖြစ်လို့အိပ်မပျော်တာလည်းဆိုတာ တိတိကျကျတော့ ငါလည်းမပြောတတ်ပါဘူး၊”

“ဒီလိုဆို…ငါဘာလုပ်ပေးရမလဲ? ပြောလေ”

“ ဖြစ်နိုင်မယ်ဆိုရင် ငါ့ရဲ့ငါးတောင်းကို ငါ့ရဲ့အနားမှာထားပေးပါလား၊

ပန်းအနံ့ကိုငါမခံနိုင်လို့အိပ်မရတာလားမသိဘူး။”

မအေးက အိမ်နောက်ဘက်မှာချထားတဲ့ ငါးတောင်းကိုယူပေးလိုက်ပါတယ်။

မသန်းမှာ ငါးတောင်းကို အနားမှာထားလိုက်လေတော့မှ

ငါးညှီနံ့နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့သတည်း။

..................................................................................................................................

အတွေးတစ်ခုစိုက်၊ အပြုအမူတစ်ခုရိတ်...

အပြုအမူတစ်ခုစိုက်၊ အကျင့်တစ်ခုရိတ်...

အကျင့်တစ်ခုစိုက်၊ စရိုက်တစ်ခုရိတ်......

စရိုက်တစ်ခုစိုက်၊ ကံကြမ္မာတစ်ခုရိတ်….။

( စာရေးဆရာကြီး ဆင်မျူရယ် စမိုင်း)

...................................................................................

*အစကတော့

ငါတို့က အကျင့်တွေ လုပ်၊

နောက်တော့

အကျင့်တွေက ငါတို့ကို ပြန်လုပ်။

“ ဥဒါန်းတွင်ရစ်ခဲ့တဲ့ စကားတစ်ခွန်း...”



တစ်နေ့မှာ ရဟန်းလူထွက်ဖြစ်တဲ့ သတိုးမင်းကြီး(အမတ်ကြီး)ဟာ
မှူးမတ်အဆောင်အရွက် အခင်းအကျင်းတွေနဲ့ နန်းကျောင်းကိုရောက်လာပါတယ်။
တကယ်တော့ နန်းကျောင်းဆရာတော်ဟာလည်း
ပြည်မင်းအမတ် နေမျိုးနော်ရထာရဲ့သားဖြစ်လို့ အမတ်အမျိုးအနွယ်ထဲကပါ။
သတိုးမင်းကြီးက နန်းကျောင်းဆရာတော်နဲ့စကားတွေပြောရင်း ပြန်ခါနီးကျတော့
သူ့ရဲ့အခင်းအကျင်း အခြွေအရံတွေကိုပြပြီး
“အရှင်ဘုရား လူသာဖြစ်ရင် ဤမျှလောက်သော စည်းစိမ်ကို ရလိမ့်မည်”လို့လျှောက်ပါတယ်။
ဒီတော့ နန်းကျောင်းဆရာတော်က-
“ဤမျှလောက်သောစည်းစိမ်သည် ငါတို့ ရေအိမ်(အိမ်သာ) တစ်ခါတက်ကိုမျှမတန်ပါလေ၊
ရေအိမ်တစ်ခါတက်လျှင်ပင် အသုဘကမ္မဋ္ဌာန်းကို များစွာပွားရသည် မဟုတ်တုံလော”
လို့ ပြန်မိန့်လိုက်ပါတယ်။
သာသနာမှာ ဒီနေ့အထိ ဥဒါန်းတွင်ရစ်ခဲ့တဲ့စကားတစ်ခွန်းပါ။
ဆရာတော်ရဲ့မိန့်ကြားစကားကို တစ်ဆင့်စကားနဲ့ပြည်ဘုရင် ကြားသိရတော့
နန်းကျောင်းဆရာတော်ကို ကြည်ညိုလို့မဆုံးဖြစ်ပါသတဲ့။
“ငါ့ဘဝမှာ ဒီလိုဆရာတော်မျိုးရှိပါလား”ဆိုပြီးအသက်ထက်ဆုံး ကြည်ညိုသွားပါသတဲ့။
နန်းကျောင်းဆရာတော်ရဲ့စကားတစ်ခွန်းဟာ
ပြည်ဘုရင်အတွက်တွေးမိတိုင်း ကုသိုလ်ဇောတွေ စောဖြစ်ခဲ့ပါတယ်။
ဘာပဲပြောပြော ကိုယ့်ဘဝမှာ ကုသိုလ်ဇောတွေ စောဖြစ်ဖို့
ဝန်းကျင်ကောင်းတစ်ခုတော့ ရှိသင့်တာ အမှန်ပါပဲ။

ရဝေနွယ်(အင်းမ)..............
ရွှေစကားတို့ရဲ့မြစ်ဖျား စာအုပ်မှ……..

နန်းကျောင်းဆရာတော်ကလည်း ပညာရှိသူတော်ကောင်းဖြစ်တာရယ်၊
ပြည်ဘုရင်ကလည်း သဘောထားကြီးပြီး ခံယူတတ်သူဖြစ်တာရယ်
ကြောင့် အလွန်ကြည်နူးစရာကောင်းတဲ့
အကြောင်းအရာ တစ်ခုဖြစ်သွားခဲ့ရပါတယ်။

Wednesday, December 30, 2009

“ အပိုတွေပြောလို့အချိန်ပိုကုန်နေတာပါ...”



ဆော့ခရတ္တိ(socrates)ကို ပညာဉာဏ်ကြီးသူအဖြစ် လူသိများကြတယ်။

ဆော့ခရတ္တိကတော့

“လောကကြီးမှာ ငါသိတာတစ်ခုတည်းပဲရှိတယ်။

ဘာလဲဆိုတော့ ငါဘာမှ မသိဘူးဆိုတာပါပဲ”

လို့ပြောတတ်တယ်။

သူဟာရိုးသားဖြောင့်စင်းတဲ့စိတ်ရှိသူဖြစ်လို့လည်း သူ့ရဲ့ဂုဏ်သတင်းက

ပိုပြီးကျော်စောတာလည်းဖြစ်နိုင်ပါတယ်။

တစ်နေ့မှာတော့ ဆော့ခရတ္တိကို သိပ်တွေ့ချင်၊မြင်ချင်၊စကားပြောဆိုချင်နေတဲ့

လူတစ်ယောက်ဟာ တောကနေပြီး မြို့ကိုတက်လာတယ်။

ဆော့ခရတ္တိရဲ့အိမ်ကိုလိုက်စုံစမ်းတယ်။

လူစည်ကားတဲ့ဈေးကိုသွားတဲ့လမ်းတစ်ခုအရောက်မှာ

အဲဒီလူဟာသူ့ရှေ့ကလျှောက်လာတဲ့ လူကြီးတစ်ဦးကို

“ဆော့ခရတ္တိရဲ့အိမ်ကို သိပါသလား?”လို့မေးတယ်။

အဲဒီလူကြီးကသိတယ်ဆိုတဲ့သဘောနဲ့ဦးခေါင်းညိတ်ပြလိုက်တယ်။

အဲဒီလူက “ကျေးဇူးပြုပြီးဆရာကြီး ဆော့ခရတ္တိအိမ်ကိုဘယ်လိုသွားရပါသလဲ?လို့ထပ်မေးတယ်။

ဒါနဲ့ လူကြီးက ဆော့ခရတ္တိရဲ့အိမ်ကို သေသေချာချာညွှန်းပြလိုက်တယ်။

အဲဒီလူဟာ ကျေးဇူးတင်စကားပြောပြီး ဝမ်းသာစွာနဲ့ ဆော့ခရတ္တိရဲ့အိမ်ကိုထွက်သွားပါတယ်။

အိမ်ရောက်တော့ ဆော့ခရတ္တိမရှိတာနဲ့ထိုင်စောင့်နေပါတယ်။

အတန်ကြာတော့ ဆော့ခရတ္တိကပြန်လာပါတယ်။

စောင့်နေတဲ့လူကို “အခုဝင်လာတာက ဆော့ခရတ္တိပါပဲ”လို့

အိမ်မှာရှိတဲ့အမျိုးသမီးကမိတ်ဆက်ပေးပါတယ်။

ဒီတော့ စောင့်နေတဲ့လူက သူအရမ်းတွေ့ချင်တဲ့ ဆော့ခရတ္တိဟာ

သူလမ်းမှာတုန်းက ဆော့ခရတ္တိအိမ်ကိုလမ်းညွှန်ပေးလိုက်တဲ့လူကြီးဖြစ်ကြောင်းသိလိုက်ရတယ်။

ဒီတော့ အဲဒီလူက“ဆရာကြီးရယ်…လမ်းမှာတွေ့တုန်းကတည်းက

ငါဟာ ဆော့ခရတ္တိပါလို့ပြောလိုက်ရောပေါ့”လို့ပြောတော့…

ဆော့ခရတ္တိက

“မင်းက ဆော့ခရတ္တိရဲ့အိမ်အကြောင်းပဲမေးနေတယ်။

ဆော့ခရတ္တိအကြောင်းကိုတော့ မမေးဘူး၊

ဒီတော့ ငါကလည်း အိမ်အကြောင်းပဲပြောရတာပေါ့။”

လို့ပြန်ပြောလိုက်ပါတယ်။

ဆော့ခရတ္တိဟာမေးသလောက်ပဲဖြေတယ်။

လိုသလောက်ပဲပြောတတ်သူဖြစ်တယ်။

အပိုတွေမဖြေဘူး။ အပိုတွေမပြောဘူး။

မပြောသင့်တာကိုမပြောဘူး။

လို့သိလိုက်ရပါတယ်။

ဒါကိုဖတ်လိုက်မိတော့မှ

ကျနော်တို့ဟာ အပိုတွေသိပ်ပြောတာကို သတိထားမိလိုက်ပါတယ်။

အပိုတွေနဲ့ပဲ အချိန်တွေကုန်နေတာက်ိုလည်းထပ်ဆင့်သိလိုက်ရပါတယ်။

Tuesday, December 29, 2009

“ နီးတိုင်းသာ သိရမယ်ဆိုရင်...”



“ ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့၊ ဘုရားမကဲ့ရဲ့ အောင်နေ”

(ဆရာတော် ဦးဗုဓ်)


တစ်နေ့မှာပေါ့…အမတ်ကြီးဦးပေါ်ဦးဟာ ဆရာတော် ဦးဗုဓ်ကို ဖူးမြော်ကန်တော့ဖို့

ဆရာတော်ကျောင်းကိုရောက်လာပါတယ်။

အမတ်ကြီးဦးပေါ်ဦးဆိုတာ စကားအလွန်တတ်တဲ့ ပညာရှိအမတ်ကြီးဖြစ်ပါတယ်။

အမတ်ကြီးဦးပေါ်ဦးရောက်လာတဲ့အချိန်မှာ ဆရာတော်က ရေကန်အနီးမှာ တံမြက်လှည်းနေပါတယ်။

အဲဒီတော့အမတ်ကြီးက ကျောင်းတလင်းပြင်ပေါ်မှာပဲ ဦးချကန်တော့ရတယ်။

ဦးချပြီးတော့ ဆရာတော်နဲ့အမတ်ကြီး အပြန်အလှန် စကားပြောကြတယ်။


ဦးပေါ်ဦး -ရေကန်ကြီးက အလွန်ကောင်းပါတယ်ဘုရား။

ဆရာတော် -အေး … ကောင်းတယ်။

ဦးပေါ်ဦး -ရေကလည်း အလွန်ကြည်ပါတယ်ဘုရား။

ဆရာတော် -အေး … ကြည်တယ်။

ဦးပေါ်ဦး -ရေကန်ကြီး ဘယ်လောက်နက်ပါသလဲဘုရား။

ဆရာတော် -ငါမသိဘူး။

ဦးပေါ်ဦး -ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းမှာ ဖြစ်လို့

နီးတဲ့အတွက်သိလိမ့်မယ်ထင်မှတ်ပြီး လျှောက်ထားမိပါတယ် ဘုရား။

ဆရာတော် -နီးတိုင်းသာသိရမယ်ဆိုရင် သင့်ရဲ့နူတ်ခမ်းမွေး ဘယ်နှစ်ပင်ရှိသလဲ?

ဦးပေါ်ဦး -သတိမထားမိလို့ ဘယ်နှစ်ပင်ရှိကြောင်းမသိပါဘုရား။


ဆရာတော် -သင့်နူတ်ခမ်းမွေးကိုမှ ဘယ်နှစ်ပင်ရှိကြောင်း မသိဘဲ

ဒီရေကန်ရဲ့ အတိမ်အနက်ကိုရော

ငါ သိနိုင်မှာလား?


ဆရာတော်ပြောလိုက်တဲ့စကားကြောင့် အမတ်ကြီး ဦးပေါ်ဦး

လည်း ရှေ့ကိုစကားမဆက်နိုင်တော့ပါဘူး။

ဦးချပြီး ခပ်ကုတ်ကုတ်နဲ့ပြန်သွားရပါတော့တယ်။


ရဝေနွယ်(အင်းမ)............................

“ ရွှေစကားတို့ရဲ့မြစ်ဖျား” စာအုပ်မှ…..

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com