“ ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့၊ ဘုရားမကဲ့ရဲ့ အောင်နေ”
(ဆရာတော် ဦးဗုဓ်)
တစ်နေ့မှာပေါ့…အမတ်ကြီးဦးပေါ်ဦးဟာ ဆရာတော် ဦးဗုဓ်ကို ဖူးမြော်ကန်တော့ဖို့
ဆရာတော်ကျောင်းကိုရောက်လာပါတယ်။
အမတ်ကြီးဦးပေါ်ဦးဆိုတာ စကားအလွန်တတ်တဲ့ ပညာရှိအမတ်ကြီးဖြစ်ပါတယ်။ 
အမတ်ကြီးဦးပေါ်ဦးရောက်လာတဲ့အချိန်မှာ ဆရာတော်က ရေကန်အနီးမှာ တံမြက်လှည်းနေပါတယ်။
အဲဒီတော့အမတ်ကြီးက ကျောင်းတလင်းပြင်ပေါ်မှာပဲ ဦးချကန်တော့ရတယ်။
 ဦးချပြီးတော့ ဆရာတော်နဲ့အမတ်ကြီး အပြန်အလှန် စကားပြောကြတယ်။
ဦးပေါ်ဦး                           -ရေကန်ကြီးက အလွန်ကောင်းပါတယ်ဘုရား။
ဆရာတော်          -အေး … ကောင်းတယ်။
ဦးပေါ်ဦး         -ရေကလည်း အလွန်ကြည်ပါတယ်ဘုရား။ 
ဆရာတော်          -အေး … ကြည်တယ်။
ဦးပေါ်ဦး                            -ရေကန်ကြီး ဘယ်လောက်နက်ပါသလဲဘုရား။ 
ဆရာတော်           -ငါမသိဘူး။ 
ဦးပေါ်ဦး                           -ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းမှာ ဖြစ်လို့
                        နီးတဲ့အတွက်သိလိမ့်မယ်ထင်မှတ်ပြီး လျှောက်ထားမိပါတယ် ဘုရား။ 
ဆရာတော်          -နီးတိုင်းသာသိရမယ်ဆိုရင် သင့်ရဲ့နူတ်ခမ်းမွေး ဘယ်နှစ်ပင်ရှိသလဲ?
ဦးပေါ်ဦး -သတိမထားမိလို့ ဘယ်နှစ်ပင်ရှိကြောင်းမသိပါဘုရား။
ဆရာတော်           -သင့်နူတ်ခမ်းမွေးကိုမှ ဘယ်နှစ်ပင်ရှိကြောင်း မသိဘဲ
ဒီရေကန်ရဲ့ အတိမ်အနက်ကိုရော
ငါ သိနိုင်မှာလား?
ဆရာတော်ပြောလိုက်တဲ့စကားကြောင့် အမတ်ကြီး ဦးပေါ်ဦး         
လည်း ရှေ့ကိုစကားမဆက်နိုင်တော့ပါဘူး။
ဦးချပြီး ခပ်ကုတ်ကုတ်နဲ့ပြန်သွားရပါတော့တယ်။
ရဝေနွယ်(အင်းမ)............................
“ ရွှေစကားတို့ရဲ့မြစ်ဖျား” စာအုပ်မှ…..

 
 

No comments:
Post a Comment