ကိုတင်ဝင်းဟာ ကျနော်နဲ့ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်ဖြစ်တယ်။
ငယ်စဉ်တုန်းက သူနှစ်သက်တဲ့အမျိုးသမီးများဆိုရင်
ရဲရဲတင်းတင်း ရီးစားစာ လိုက်ပေးသူလည်း ဖြစ်တယ်။
ရီးစားစာတစ်မျိုးကို မိတ္တူများကူးပြီး တစ်နေ့ထဲကို တစ်ယောက်ပြီး
တစ်ယောက်
လိုက်ပေးတာကိုလည်း တွေ့ခဲ့ဖူးပါတယ်။
တစ်ရံတစ်ခါတွင် လောင်းကြေးစားကြေးသဘောမျိုးနဲ့
လိုက်ပြီး ရီးစားစကားကို လိုက်ပြောတာလည်းတွေ့ခဲ့ဖူးပါတယ်။
ကျနော်တို့ သူငယ်ချင်းအဖွဲ့တွင် သူဟာ ဟီရိုးတစ်ယောက်
ဖြစ်နေပါတယ်။
သူနဲ့နှစ်ပေါင်းများစွာ ကွဲကွာသွားပြီးနောက် သူဟာ
လူပျိုကြီးဖြစ်နေတာကို တစ်အံ့တသြတွေ့ရပါတယ်။
တစ်နေ့တော့ ကျနော်တို့သူငယ်ချင်းတစ်စု စုံဖြစ်ကြပါတယ်။
လူပျိုကြီး ကိုတင်ဝင်းကို သူငယ်ချင်းဖြစ်သူ
မအေးအေးပြုံးကမေးတယ်။
“ ကိုတင်ဝင်း၊
ဘာဖြစ်လို့ အခုချိန်ထိ မိန်းမ မယူသေးတာလဲရှင့် ”
ကိုတင်ဝင်းက
“ ဒီလိုဗျာ၊
တစ်ခါတုန်းက လမ်းမှာ မိန်းမတစ်ယောက်နဲ့
မတော်တဆ တိုက်မိတယ်။
သူက ချက်ချင်း ကက်ကက်လန် ရန်တွေ့တယ်။
ရိုက်လား၊ ပုတ်လား လုပ်တယ်။
ကျနော့်မျက်နှာကို လက်သည်းချွန်နဲ့
ကုတ်တယ်။
ပြီးတော့မှ
သူ့ဟာသူ သတိရသွားသလားမသိဘူး၊
ပြုံးစစနဲ့ပြောတယ်။
“ မကြောက်ပါနဲ့၊
ရှင့်ကို ကျမ မကိုက်စားပါဘူး၊
ကျမ လူမှားသွားလို့ပါ။
ရှင့်ကို ကျမရဲ့ယောက်ျား ထင်လို့ ”တဲ့ဗျာ။
ကောင်းရော၊
အဲဒီအချိန်ကစပြီး ကျနော့်မှာ မိန်းမကို
ကြောက်တတ်တဲ့
ဝေဒနာတစ်ခုဖြစ်လာသလို ခံစားရတယ်ဗျာ၊
အဲဒီနောက် ကျနော် ဆုံးဖြတ်ချက်ချလိုက်တယ်။
ဘယ်တော့မှ မိန်းမ မယူတော့ဘူးလို့ ”
No comments:
Post a Comment