Wednesday, November 14, 2012

"အမေ့ထံသို့ ပေးစာများ-၆၀..."






သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အမေ ကျန်းမာနေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဘာကြောင့်ဆိုတော့ အမေက အမြဲတန်း ကျန်းမာရေးကို ဂရုစိုက် နေလေ့
ရှိတတ်လို့ပါ။
အမေတို့ဆီမှာ အခုချိန် အေးနေပြီလား။
ရန်ကုန်ဆောင်းကတော့ ထင်သလောက်လည်း မအေးတတ်တာကို
နေစဉ်တုန်းက ကြုံဖူးပါတယ်။
ရာသီဆိုတာ တစ်နှစ်နဲ့တစ်နှစ် မတူတတ်တော့
ဘယ်လို နေသလဲလို့ သိချင်မိတယ်။
ဒီမှာတော့ တစ်နေ့ထက်တစ်နေ့ အေးသထက်အေးလို့လာတယ်အမေ။
တစ်နေ့တုန်းက ဆီးနှင်းတွေ ကျတာကို ပထမဆုံး ကြုံဖူးလိုက်တယ်။
အလုပ်က ည ၉၀၀-နာရီကျော်မှ ပြန်လာတော့ အပြင်မှာ ဆီးနှင်းတွေ တဖွဲဖွဲ
ကျလာတာကိုတွေ့ရတော့ ယုံယုံက ကလေးလေးတစ်ယောက်လို
ဆီးနှင်းကို ကြည့်ပြီး ပျော်နေလေရဲ့။
ပထမဆုံးအတွေ့အကြုံဆိုတော့ ပျော်စရာ ကောင်းပါတယ်။
အေးလည်းအတော်အေးတာပဲ။
လေတိုက်ရင် ပိုလို့တောင် အေးလာတယ်။
ကားတွေကို ကားပါကင်မှာ ထားတယ်ဆိုပေမယ့်
အမိုးအကာတော့ မရှိဘူး။
ကားတွေက များလွန်းလှတာမို့ အပါတ်မန့်က အားလုံးကို
အမိုးအကာ လုပ်မပေးနိုင်ဘူးလေ။
ကျနော်တို့ကားကိုလည်း အမိုးအကာမရှိတဲ့ ကောင်းကင်ရဲ့အောက်မှာ
ဒီအတိုင်းထားရတာပါပဲ။
နံနက်မိုးလင်းလာလို့ အလုပ်ကို သွားတဲ့အခါ ကားမှန်ပေါ်မှာ၊ 
ကားအမိုးပေါ်မှာ ရေတွေခဲနေတာကို တွေ့နေရပြီ။
ဒေသခံတွေကတော့ အခုမှ ဆောင်းဝင်ရုံလေး ရှိသေးတယ်လို့ပြောတာပဲ။
ဆောင်းရဲ့အရသာကို ပြည့်ပြည့်ဝဝ ခံစားရဦးမယ်လို့ ဆိုလားဆိုရဲ့။
ကျနော့်အဖို့တော့ အတွေ့အကြုံသစ်ရတယ်လို့ သဘောထားပါတယ်။
ဒီမှာနေတဲ့လူတွေလည်း လူတွေမို့ သူတို့ခံနိုင်ရည်ရှိတဲ့ဆောင်းရာသီကို
ကိုယ်က မခံနိုင်စရာတော့ မရှိပါဘူး။
တစ်ခုတော့ ရှိတယ်။ ဆောင်းအဝင်မှာပဲ ယုံယုံ Fluလို့ပြောပြောနေကြတဲ့
တုတ်ကွေး ဖြစ်တယ်။
ချောင်းတွေဆိုးတယ်။ နေ့မှာထက် ညမှာ ပိုဆိုးတယ်။
ညဆိုရင် ချောင်းဆိုးလွန်းလို့ အိပ်လို့မရဘူး။
ချောင်းဆိုးလိုက်တိုင်းလည်း ချွဲ သလိပ်တွေ ထွက်တယ်။
ဖြစ်နေတာတော့ တစ်ပတ်လောက်ရှိတော့မယ်။
ဖျားလို့ နားလို့လည်း မရဘူး။
အစားထိုး အလုပ်ဆင်းပေးမယ့်သူမရှိတော့ သူပဲ
ကြိတ်မှိတ်ပြီး အလုပ်ဆင်းနေရတယ်။
သူက အလုပ်ကြိုးစားသူဖြစ်နေလေတော့ သူဋ္ဌေးကလည်း
သူ့ကို မနားစေချင်ဘူး။
လူ့အခွင့်အရေးက နေရာတကာမှာ အကျိုးသက်ရောက်မှု မရှိသလိုပါပဲ။
နေမကောင်းတော့ သူက မြန်မာပြည် ကိုလွမ်းကြောင်းပြောလာတယ်။
မြန်မာပြည်ကို ပြန်ချင်ကြောင်း ထူးထူးခြားခြား ပြောလာတယ်။
မြန်မာပြည်က ထွက်လာခါနီးမှာ အမေပြောတဲ့စကားကို သတိရမိပါတယ်။
“အမေတို့အနေနဲ့ အသက်အရွယ်ရလာတော့ အားကိုးယုံကြည်ရတဲ့သားသမီးတွေကို
အနားမှာရှိစေချင်တယ်။
ဒါပေမယ့် သားသမီးတွေရဲ့တိုးတက်မှုကိုလည်း မပိတ်ပင်ချင်ဘူး။
အခွင့်အရေးဆိုတာ အမြဲတမ်း ရနေတတ်တဲ့အရာမဟုတ်တော့
တားဆီလို့ကလည်း မသင့်တော်ဘူး။
ဟိုရောက်ရင် အခက်အခဲတွေ တွေ့ပါလိမ့်မယ်။
ဘာဖြစ်လို့ဆိုတော့ အခက်အခဲဆိုတာ ရှောင်လို့မရတဲ့အရာတွေ ဖြစ်လို့ပဲ။
အခက်အခဲတွေတွေ့တဲ့အခါ ရင်ဆိုင်နိုင်အောင် ကြိုးစား။
ကိုယ်ရွေးချယ်တဲ့လမ်း ကိုယ်လျှောက်ရတယ်ဆိုတာ မမေ့နဲ့။
တက်နိုင်ရင် အဖျားထိရောက်အောင် တက်၊
ငုပ်ပြီးဆိုရင်လည်း သဲထိရောက်အောင် ငုပ်၊
ဟိုမရောက်၊ဒီမရောက်တော့မလုပ်နဲ့။
ကိုယ့်ရဲ့မျိုးရိုးရဲ့ဂုဏ်သိက္ခာကို ထိမ်းသိမ်းပါ”  ဆိုတဲ့စကား။
သား မမေ့ပါဘူးအမေ။

 

+++++++++++++++++++++++++++


 အမေရိကန်သမ္မတ အိုဘာမားဟာ ဒီနိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရတယ်အမေ။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ
ကျင်းပမယ့် ၂၁ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံညီလာခံ ကို
တက်ရောက်မယ့် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်။

သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို ဦးဆုံးဝင်ရောက်ပြီး၊
နိုဝင်ဘာ ၁၇ ရက် နဲ့ ၁၈ ရက် နှစ်ရက်တာ မြန်မာနိုင်ငံမှာ နေထိုင်မှာဖြစ်ပါတယ်။
 မြန်မာနိုင်ငံမှ တဆင့် ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံညီလာခံကို တက်ရောက်မှာပါ။
ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်အနေနဲ့ မြန်မာပြည်ကိုလာတာဟာ
ဒါ ပထမဆုံးအကြိမ်ပဲလို့ သိရတယ်။
ဒါဟာ မြန်မာပြည်အတွက် ဂုဏ်ယူရမယ့် ကိစ္စလို့ ကျနော်ထင်တယ်။
ဒီကိစ္စကို တချို့က အကောင်းပြောတယ်။
တချို့က အဆိုးပြောတယ်။
အကောင်းမြင်သမားကတော့
 မြန်မာပြည်တိုးတက်ရေးအတွက် ဒါဟာ အင်မတန်အရေးပါတဲ့ ခရီးစဉ်ဖြစ်ပါတယ်” လို့ပြောကြတယ်။
အဆိုးမြင်သမားကတော့
 “လူ့အခွင့်အရေးတွေ အပြည့်အဝမရသေးခင်မှာ အမေရိကန်သမ္မတအနေနဲ့
မြန်မာပြည်ကို သွားတာဟာ စောလွန်းသေးတယ်” လို့ ပြောကြတယ်။
ကျနော်ကတော့ အဆိုးမြင်သမားတွေထဲမှာ မပါချင်ပါဘူး။
အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လာတာ
နှစ်ပေါင်း နှစ်ရာပတ်ဝန်ကျင် ရှိတော့မယ်။
လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်တဲ့ သူရဲကောင်းတွေက ပေါ်နေတုန်းပဲ ရှိသေးတယ်။
ဒီတော့ အမေရိကန်နိုင်ငံမှာလည်း လူ့အခွင့်အရေးအပြည့်အဝရှိတယ်လို့ မဆိုနိုင်သေးပါဘူး။
ဒါကြောင့် ဘာဘဲဖြစ်ဖြစ် အမေရိကန်သမ္မတရဲ့ခရီးစဉ်ကို အကောင်းမြင်စိတ်နဲ့ ကြိုဆိုမိပါတယ်။
နှစ်နိုင်ငံစလုံးအတွက် ထူးခြားတဲ့ သမိုင်းဝင်မှတ်တိုင် တစ်ခုလို့ မှတ်ယူမိပါတယ်အမေ။
၁၉၅၃ ခုနှစ်က အမေရိကန် သမ္မတ အိုက်ဆင်ဟောင်ဝါ လက်ထက်မှာ
 ဒုတိယသမ္မတ ဖြစ်တဲ့ မစ္စတာ ရစ်ချတ်နစ်ဆင် 
 မြန်မာပြည်ကို သွားရောက်ခဲ့ဖူးပါတယ်လို့ သိရတယ်။
အဲဒီအချိန်တုန်းက ကျနော်တောင် မမွေးသေးဘူး။
မနှစ်(၂၀၁၁)က ဒီဇင်ဘာလ ၁ ရက်နေ့ကတော့ နှစ် ၅၀ အတွင်း 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးအဖြစ် 
ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် သွားရောက်ခဲ့ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားနဲ့အတူ
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါလာမယ်လို့ သိရတယ်။
အမေရေ…
မြန်မာနိုင်ငံရဲ့ သန်ခေါင်းယံကာလဟာ တော်တော်ကြာခဲ့တယ်အမေ။
အမှောင်ဆုံးကာလကတော့ ကျော်လွန်စပြုနေပြီလို့ ထင်ပါတယ်။
အာရုဏ်ဦးရဲ့အလှတရားတွေကို ခံစားနိုင်ဖို့ အမေ ကျန်းမာနေဖို့လိုမယ်နော်။
ကျန်းမာရေးကို ဂရုစိုက်ပါလို့ သားထပ်ပြောလိုက်ပါရစေ။
အမေနဲ့တကွ မြန်မာပြည်သူပြည်သားတွေအားလုံး ကျန်းမာကြပါစေ။

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။ 
၁၁-၁၄-၂၀၁၂





No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com