Monday, December 7, 2009

“နေရာကောင်း၊အဖော်ကောင်းရဖို့...”



လူသားတို့ အမြဲတစေလိုလားတောင့်တလျက်ရှိသော အရာများအနက်

နေရာသည် ရှေ့တန်းမှပါဝင်လေသည်။

နေရာရရှိရေး၊ ထိုမှတစ်ဆင့် နေရာကောင်းရရှိရေး အတွက်

ရုန်းကန်လှုပ်ရှား ကြိုးစားနေကြသည်။

ရုပ်ရှင် ပွဲလမ်းသဘင်တို့၌ စိတ်ကြိုက်နေရာရရှိရန် အားထုတ်ကြ၏။

ဈေးရောင်းရာ၌လည်း အလားတူပင်။

ကုန်းလမ်း၊ရေလမ်း၊ လေယာဉ်တို့ဖြင့် ခရီးသွားရာ၌လည်း နေရာအတွက်

အားထုတ်ကြသည်မှာကား ပို၍ပင် မြင်သာ သိသာနိုင်လေသည်။

ခဏတာ အချိန်ပိုင်းကလေးအတွက်၊

ထို့ထက်လွန်လျှင် တစ်ဘဝတာအချိန်ပိုင်းမျှအတွက်

နေရာရရှိရန် ရုန်းကန်လှုပ်ရှားကြိုးစားနေကြသည်။

အချို့ကရှေ့တန်းနေရာအတွက်၊

အချို့ကနောက်တန်းနေရာအတွက်

မိမိတို့ငွေကြေးအလိုက် ကြိုးကြိုးစားစား ရယူနေကြသည်။

အချို့ကအထူးရထား၊အထူးတွဲ၊ အထူးတန်းနေရာ

ရယူနိုင်ရေးအတွက် ကြိုးစားနေကြသည်။

(နေရာရသော်လည်း မိမိအနားက စိတ်ချရသော အဖော်ကောင်းမရက စိတ်ဆင်းရဲရဦးမည်။)

ယင်းသို့ တစ်ခဏ တစ်ဘဝစား နေရာအတွက်

ကြိုးကြိုးပမ်းပမ်း ခြေလှမ်းကျဲကျဲဖြင့် အားခဲနေကြသော်လည်း၊

ဘဝအသင်္ချေ သံသရာကြီးထဲ၌ ရှည်လျားဝေးလံလွန်းလှသော ခရီးလမ်းကြောင်းအတွက်

နေရာရရှိရန် အားထုတ်သူကား နည်းပါးလွန်းလှ၏။

ခရီးတိုကလေးအတွက် နေရာကောင်းရရန်

အလုအယက်တိုးဝှေ့ပြီး ကြိုးစားသလောက်

နောက်ဘဝ၌ နေရာကောင်း၊ အဖော်ကောင်းရအောင် မကြိုးစားဘဲ

အေးစက်စက်နေခြင်းသည် ထိုင်းမှိုင်းတွေဝေ အရှည်ကို မျှော်တတ်သော အသိဉာဏ်ကင်း၍

ဖျင်းလွန်းညံ့လွန်းပေစွတကား။

ဘဝဧည့်သည်တို့၏ သံသရာခရီးရှည် ဘယ်ညာခြေလှမ်းများသည်

လောကကြေးမုံပြင်ဝယ် တရိပ်ရိပ် ရှုပ်ထွေးလျက်ပေတကား။

(စာဖတ်သူများ လေးလေးနက်နက် စဉ်းစား၍ နေရာကောင်း၊အဖော်ကောင်းရရန်

မိမိလက်လှမ်းမီသော တရားရအောင်၊နေမဝင်မှီ ကြိုးစားအားထုတ်သင့်ပါသည်။


အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံ) သြဝါဒ၊ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှ………..

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com