Wednesday, December 9, 2009

“ တစ်လုတ်စားဖူး...သူ့ကျေးဇူး...”



အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ မြတ်စွာဘုရားရဲ့လက်ယာရံအဂ္ဂသာဝကဖြစ်သလို

ဉာဏ်ပညာအရာမှာ ဧတဒဂ်ရ မထေရ်မြတ်လည်းဖြစ်ပါတယ်။

တစ်ချိန်တုန်းက သာဝတ္တိမြို့မှာ “ရာဓ”အမည်ရတဲ့ ပုဏ္ဏားအိုကြီးတစ်ဦးဟာ အထီးကျန်လူမွဲ၊

သူဆင်းရဲဖြစ်တာမို့ ဇေတဝန်ကျောင်းတော်မှာ ရဟန်းတော်တွေကို မှီပြီးနေထိုင်ရပါတယ်။

ပုဏ္ဏားအိုကြီးက ရဟန်းဝတ်ချင်ပေမယ့်

ရဟန်းတော်တွေက“ပုဏ္ဏားအိုကြီးဟာအသက်အရွယ်ကြီးပြီး၊

ဝိနည်းသိက္ခာပုဒ်တွေကို ထိန်းသိမ်းနိုင်မယ် မထင်တာနဲ့”

စားစရာ၊နေစရာနဲ့။

ဝတ်စရာတွေသာပေးကြပေမယ့် ရဟန်းမပြုပေးပါဘူး။

ပုဏ္ဏားအိုကြီးဟာရဟန်းပြုချင်ပေမယ့် ပြုခွင့်မရတဲ့အတွက်

တစ်နေ့တစ်ခြားကြုံလှီပိန်ချုံးလာပါတယ်။

တစ်နေ့မှာတော့ မြတ်စွာဘုရားနဲ့တွေ့တော်မူလို့ ပုဏ္ဏားအိုကြီးရဲ့အဖြစ်ကို

စုံစမ်းမေးမြန်းသိတော်မူတဲ့အခါ သံဃာအားလုံးကို ကျောင်းဆောင်ထဲမှာ စုဝေးစေပြီး

မြတ်စွာဘုရားက

“ဘယ်သူဟာ ဒီရာဓ ပုဏ္ဏားကြီး ပြုခဲ့တဲ့ကျေးဇူးကို

အမှတ်ရကြသလဲ?” လို့မေးတော်မူပါတယ်။

အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က

“ တပည့်တော် ရာဓ ပုဏ္ဏားကြီးရဲ့ကျေးဇူးကို သတိရပါကြောင်း”

လျှောက်ထားတော်မူပါတယ်။

မြတ်စွာဘုရားက“ ဘယ်လို ကျေးဇူးပြုဖူးသလဲ?

လို့ထပ်ဆင့်မေးတော်မူတဲ့အခါ

အရှင် သာရိပုတ္တရာမထေရ်က “တပည့်တော်တစ်ချိန်က သူ့အိမ်ရှေ့မှာ ဆွမ်းခံရပ်တော့

ဆွမ်းတစ်ဇွန်းလောင်းလှူဖူးပါတယ်။

အဲဒီကျေးဇူးကို တပည့်တော်မမေ့ပါဘုရား”

လို့ပြန်လည်းလျှောက်ထားတော်မူပါတယ်။

မြတ်စွာဘုရားက “အေး…ချစ်သားလို ကျေးဇူးသိတတ်တဲ့ ပုဂ္ဂိုလ်ရှိပါလျက် ဒီ ပုဏ္ဏားကြီး

ဘာဖြစ်လို့ရဟန်းအဖြစ်ကို မရနိုင်သလဲ?”

လို့ဘုရားရှင်က မိန့်တော်မူတဲ့အခါ

အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မြတ်စွာဘုရားထံ ခွင့်ပန်ပြီး ရာဓ ပုဏ္ဏားကြီးကို

ရဟန်းပြုပေးတော်မူပါတယ်။


အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ အဆုံးအမသြဝါဒတွေနဲ့ နီးစပ်ခွင့်ရတာကြောင့်

မကြာခင်မှာပင် ရာဓ ပုဏ္ဏားကြီးဟာရဟန်းကိစ္စပြီးမြောက်သွားပါတယ်။

အဲဒီရဟန္တာဟာ ဧတဒဂ်ရ ရဟန္တာအရှင်မြတ်ကြီးတစ်ပါးဖြစ်တော်မူခဲ့ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com