ဒီမှာ …………သူငယ်ချင်း
          မင်းနဲ့ငါ .……ငါနဲ့မင်း
           အတင်းစကားတွေ….
                အဖျင်းစကားတွေကြားမှာ
အငြင်းမပွားချင်ဘူး။
                      ဒီမှာ ………….သူငယ်ချင်း
             မင်းနဲ့ငါ…..……ငါနဲ့မင်း
    အချစ်ကြောင့်….
       အပြစ်မြောက်ပေမဲ့
အချစ်အခင်နဲ့ 
အပြစ်မတင်ချင်ဘူး။
                        ဒီမှာ …………သူငယ်ချင်း
            မင်းနဲ့ငါ….……ငါနဲ့မင်း
                အမှန်တရား….စံထားပြီး
         အကာတွေကြားမှာ 
ဘဝကိုအနစ်မြှပ်မခံနိုင်ဘူး။
                          ဒီမှာ …………သူငယ်ချင်း
              မင်းနဲ့ငါ……..…ငါနဲ့မင်း
                           ဘဝမှာ….အမှားမကင်းကြပေမဲ့
အကြိမ်ကြိမ်မမှားဖို့ သတိပြုရမယ်။
                            ဒီမှာ ………….သူငယ်ချင်း
            မင်းနဲ့ငါ………ငါနဲ့မင်း
                      ရုပ်အဆင်းက….ဇရာခင်းပြီး
သေမင်းဘက်ကို တစ်ဝက်ကျော်ကျော်နင်းခဲ့ပြီ။
                                       ဒီမှာ ………….သူငယ်ချင်းရေ….
                          မွေးလို့…………………..သေတာ၊
                          ဖြစ်လို့…………………..ပျက်တာ၊
                            နေထွက်လို့…………….နေဝင်တာ၊ 
                              အကြောင်းရှိလို့……....အကျိုးရှိတာ၊
                         တစ်ခါက………………..မင်းစကား၊
တို့တွေ နေမဝင်ခင် တိမ်တောက်ကြရအောင်လား။
                                                                                                                                                                                              စိမ်းထိုက်သူ... (မော်ကျွန်း)
22/02/2008 (7:30-P.M)
ကျနော့်မှာ ငယ်သူငယ်ချင်းများစွာ ရှိခဲ့ဖူးပါတယ်။
 ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခုချိန်မှာတော့များများစားစားမရှိတော့ပါ။
လက်ချိုးရေတွက်ကြည့်ရင် ရှားရှားပါးပါး နှစ်ယောက်သာကျန်ပါတော့တယ်။
တစ်ယောက်ကတော့ အမေရိကမှာရောက်နေပြီး
ကြီးပွားနေတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ပေါ့။
ကျန်တစ်ယောက်ကတော့ ကဗျာဆရာ စိမ်းထိုက်သူ(မော်ကျွန်း) ဖြစ်ပါတယ်။
ငယ်ငယ်ကတည်းက ကဗျာတွေရေးပြီး ကျနော့်ကိုပေးဖတ်ခိုင်းတတ်တယ်။
မဂ္ဂဇင်းတိုက်ကို ပို့ပါလားလို့ အကြံပေးတိုင်းလည်း ငြင်းတတ်တယ်။
သူ့ကဗျာတွေကို လေးလေးစားစား သိမ်းထားတတ်တယ်။
အကြိမ်ကြိမ် တောင်းဆိုတော့မှ ယခုကဗျာတွေကို ထုတ်ပေးခဲ့ပါတယ်။
ဘာဘဲဖြစ်ဖြစ် ဖတ်ပြီး ခံစားပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်......။

 
 

No comments:
Post a Comment