Tuesday, May 3, 2011
" အမေ့ထံသို့ပေးစာများ-၁..."
Monday, May 2, 2011
“ အရူးက တစ်မူးသာ…”

စိတ်ရောဂါကု ဆေးရုံတွင် ဖြစ်တယ်။
ဆေးရုံမှ ဆင်းခွင့်ပြုမယ့် လူနာကို ရောဂါပျောက်ခြင်းရှိ၊ မရှိ
နောက်ဆုံး စစ်ဆေးတဲ့အနေဖြင့် ဆရာဝန်ကြီးကမေးတယ်။
ဆရာဝန်ကြီး ဒေါက်တာမောင်မောင်က
“ ခင်ဗျားရဲ့ နားရွက်တစ်ဘက်ကို ဖြတ်လိုက်ရင်
ခင်ဗျား မျက်စိမြင်နိုင်ပါ့မလား ”
လူနာဖြစ်တဲ့ရွှေစိန်က
“ မြင်နိုင်ပါတယ် ”
“ နှစ်ဘက်စလုံးကို ဖြတ်လိုက်ရင်ကော ”
“ အဲဒါဆို မမြင်နိုင်တော့ဘူး ”
“ ဘာဖြစ်လို့လဲ ”
လူနာဖြစ်တဲ့ရွှေစိန်ပြန်ပြောလိုက်တာက...
“ ကျနော် ဆောင်းတဲ့ဦးထုပ် လျှောကျပြီး မျက်စိကို
ဖုံးသွားမှာမို့ပေါ့ ”
Sunday, May 1, 2011
“ စိတ်ရဲ့အလှ...”
စိတ်ရဲ့အလှဟာ အဆင့်မြင့်တယ်။
အမှန်တရားဟာ အဆင့်မြင့်တဲ့အလှဖြစ်တယ်။
စိတ်ထားသန့်ရှင်းလှပလေ၊
အမှန်တရားကို သိဖို့လွယ်လေပဲ။
+++++++++
အလှတရားဆိုတာ
ကိုယ့်စိတ်ကို ရွှင်လန်းမှုနဲ့ ငြိမ်းချမ်းမှုဆိုတဲ့
ခံစားမှု နှစ်မျိုးကို
တပြိုင်နက် ပေးနိုင်တဲ့ အတွေ့အကြုံပါ။
+++++++++
တရားဟာ စိတ်ကို
သန့်ရှင်းစေတယ်။
တည်ငြိမ်စေတယ်။
အေးချမ်းစေတယ်။
ရွှင်လန်းစေတယ်။
ကောင်းတာမှန်သမျှ လှတာချည်းတွေပဲ။
+++++++++
As a white candle in a holy place.
So is the beauty of an aged face,
( Joseph Campbell )
အသက်ကြီးရင့်တဲ့ သူရဲ့ ( တည်ငြိမ်အေးဆေးတဲ့ ) မျက်နှာအလှ
ဟာ မြင့်မြတ်တဲ့နေရာ (ဘုရားစင်ခန်း)မှာ တွန်းထားတဲ့
အဖြူရောင် ဖရောင်တိုင်ကြီးလိုပဲ။
+++++++++
အေးဆေးတည်ငြိမ်ပြီး ကျက်သရေရှိတဲ့
ကိုယ်အမူအရာ၊
နူတ်အမူအရာရှိတဲ့
သူဟာ ချစ်သူခင်သူပိုများတယ်။
+++++++++
တိတ်ဆိတ်မှုဟာ
အသိဉာဏ် လေးနက်မှုအတွက်
အရေးကြီးတယ်။
+++++++++
တိတ်ဆိတ်နေခြင်း၊
အေးချမ်းနေခြင်း၊
ငြိမ်သက်ခြင်းဟာ
လှပခြင်းရဲ့ အနှစ်သာရ တစ်ခုဖြစ်ပါတယ်။
+++++++++
စည်းကမ်းရှိတဲ့စိတ်ဟာ
အင်မတန်ခံစားလို့ကောင်းတယ်။
အရသာရှိတယ်။
နှစ်သက်စရာ ကျေနပ်စရာကောင်းတယ်။
+++++++++
အလှအပမှာ healing effect ရှိတယ်။
အလှအပဟာ
စိတ်အတွက် ဆေးတစ်မျိုးဖြစ်တယ်။
ရောဂါ ပျောက်သွားအောင် လုပ်ပေးနိုင်တဲ့
အစွမ်းသတ္တိရှိတယ်။
ကျန်းမာရေးမကောင်းရင်
သန့်ရှင်းတဲ့နေရာ၊
လှပတဲ့နေရာမှာ နေဖို့ပိုပြီး
လိုအပ်ပါတယ်။
စိတ်ကို အနားပေးသင့်တယ်။
+++++++++
တကယ်စွမ်းအားကြီးတဲ့သူဖြစ်ချင်ရင်
စိတ်ထားတည်ငြိမ်အေးချမ်းအောင်
လေ့ကျင့်ရမယ်။
ဉာဏ်ပညာရင့်ကျက်အောင် လေ့ကျင့်ရမယ်။
စစ်မှန်တဲ့မေတ္တာစိတ်ရှိအောင် လေ့ကျင့်ရမယ်။
(ဆရာတော်ဦးဇောတိက)
Friday, April 29, 2011
“ သုံးလို့ရတဲ့နေရာ…”

အဆိုသင်တန်း တက်ရောက်ရန် ဂီတ တက္ကသိုလ်သို့
လျှောက်လွှာလာတင်တဲ့ အမျိုးသမီးငယ်က
မိမိရဲ့အသံကို စစ်ဆေးတဲ့ဆရာကိုမေးတယ်။
“ ဆရာ၊
ကျမ အမှန်ကို သိချင်ပါတယ်၊
ကျမအသံဟာဘယ်မှာမှ သုံးလို့မရဘူးလားဟင် ”
ဆရာကိုလှမြင့် ပြန်ပြောလိုက်တာက...
“ ဘယ်မှာမှ သုံးလို့မရဘူးလို့ ဆရာတို့မပြောပါဘူး၊
သုံးလို့ရတဲ့နေရာ ရှိပါတယ်။
ဥပမာ- ကားတိုက်လို့၊
ဒါမှ မဟုတ်
မီးလောင်လို့
ဘေးကလူတွေရဲ့ အကူအညီကို
အော်တောင်းတဲ့အခါမှာ
အသုံးတည့်နိုင်ပါတယ် ”
Thursday, April 28, 2011
“ ခြံတံခါး လုံအောင်ပိတ်ပါ…”

ရွှေဂုံတိုင် အထူးကုဆေးခန်းရဲ့ အရေးပေါ်ဌာနတွင်
တယ်လီဖုန်း မြည်လာတယ်။
“ ဟဲလို၊ အရေးပေါ်ဌာနကပါလား
ကျမရဲ့ယောက်ျားမှားပြီး
ဓာတ်ဆီပုလင်းကို အရက်အမှတ်နဲ့ သောက်ချလိုက်မိတယ်။
အခုအိမ်ကို ပတ်ပြီး သူပြေးနေတယ်။
မရပ်နိုင်ဘူးဖြစ်နေတယ်။
အမြန်ဆုံးလာပါရှင့် ”
တစ်ဖက်က
တာဝန်ကျဆရာဝန်က ပြန်ပြောလိုက်တာက…
“ မစိုးရိမ်ပါနဲ့၊
ခြံတံခါးကို လုံအောင် သေသေချာချာ ပိတ်လိုက်ပါ။
ခင်ဗျား ယောက်ျားဓာတ်ဆီ ကုန်သွားတဲ့အခါမှာ
သူ့အလိုလို ရပ်သွားပါလိမ့်မယ် ”
" လောဘဆိုတာ ဘာမှမရပါ..."

တစ်ခါတုန်းက
မင်းသမီးတစ်ပါးဟာ အိမ်နီးချင်းလူကြီးတစ်ဦးရဲ့ပြောင်းခင်းကို
အလည်သွားပါတယ်။
အဲဒီလူကြီးရဲ့ပြောင်းခင်းဟာ လူတိုင်းပြောစမှတ်ပြုရလောက်အောင်
အောင်မြင်တဲ့ပြောင်းခင်းဖြစ်ပါတယ်။
မင်းသမီးက ပြောင်းမျိုးစေ့အတွက်
ပြောင်းဖူးတစ်ဖူးလောက်ရွေးပြီး ခူးယူပါရစေလို့
တောင်းပါတယ်။
ပြောင်းခင်းပိုင်ရှင်က ခွင့်ပြုပါပေမယ့်
စည်းကမ်းချက်တော့ သတ်မှတ်ပေးလိုက်ပါတယ်။
ပြောင်းတွေ စိုက်ထားတဲ့ အရှည်ဆုံးအတန်းအတိုင်းလျှောက်သွားပြီး
အကောင်းဆုံး၊ အကြိုက်ဆုံးပြောင်းဖူးတစ်ဖူးကို ခူးယူပါ
လို့ ပိုင်ရှင်က ခွင့်ပြုပါတယ်။
ဒါပေမယ့်
သွားရင်း လေ့လာပြီး ကြိုက်တဲ့ပြောင်းဖူးတစ်ဖူးကိုသာ ခူးရပါမယ်။
နောက်ကြောင်းပြန်ပြီးမှ ဖြတ်သွားခဲ့တဲ့နေရာက
ပြောင်းဖူးကိုတော့မခူးနိုင်ပါ
လို့ ပိုင်ရှင်က စည်းကမ်းချက်သတ်မှတ်ပါတယ်။
မင်းသမီးဟာ
အကောင်းဆုံးပြောင်းဖူးတစ်ဖူးကို
ပြောင်းခင်းတစ်လျှောက်
တွေ့အောင်ကြည့်ရင်း
လျှောက်ရင်းလေ့လာခဲ့ပါတယ်။
ရှည်လွန်းတဲ့ပြောင်းခင်းသာ ကုန်ဆုံးသွားပါတယ်။
မင်းသမီးရဲ့လက်ထဲတွင် အကြိုက်ဆုံးပြောင်းဖူးကို မရခဲ့ပါ။
လက်ချည်းသက်သက်သာဖြစ်နေပါတယ်။
အကောင်းဆုံးရှာရင်း ဘာမှမရခဲ့ပါ။
ပိုကောင်းတာကို လိုချင်တဲ့လောဘကို
မတားဆီးနိုင်တဲ့အတွက်
ဘာမှမရခဲ့ခြင်းဖြစ်ပါတယ်။
“ အမွေရထားတယ်ဆိုရင် ပြီးရော…”
" ငါ လက်မခံပါ..."

တစ်ခါတုန်းက ပုဏ္ဏားတစ်ယောက်သည်
မြတ်စွာဘုရားအား
မကြားဝံ့မနာသာအောင်လာရောက်ဆဲရေးနေ၏။
တစ်နေကုန် ဆဲရေးတိုင်ထွာနေလေတော့သည်။
အကြောင်းမှာ သူ့ညီအကိုများကို ဘုရားက တန်ခိုးနဲ့
သိမ်းသွင်းသွားတယ်လို့ ယူဆသောကြောင့်
ဖြစ်တယ်။
မြတ်စွာဘုရားဟာ သူဆဲဆိုသမျှ ဘာတစ်ခွန်းမှ
မတုန့်ပြန်ဘဲ
ငြိမ်သက်စွာ နေတော်မူတဲ့အခါ
ပုဏ္ဏားကဆဲဆိုပြီးမောသွားပါတယ်။
မတုန့်ပြန်တဲ့အတွက် အလွန်အမင်းလည်း
အံ့သြသွားပါတယ်။
“ ဘာကြောင့် မတုန့်ပြန်သလဲ ”
လို့ မေးပါတယ်။
မြတ်စွာဘုရားက
“ ပုဏ္ဏား သင့်အိမ်သို့ ဧည့်သည်များလာသောအခါ
လာတဲ့ဧည့်သည်က လက်ဆောင်
ယူလာပြီး သင့်ကို ပေးတယ်ဆိုပါစို့။
အသင်ပုဏ္ဏားက အဲဒီလက်ဆောင်ပစ္စည်းကို
လက်မခံဘူးဆိုရင်
အဲဒီလက်ဆောင်ပစ္စည်းက
ဘယ်သူ့ပစ္စည်းဖြစ်သွားပါသလဲ ”
“ ဧည့်သည်ရဲ့ပစ္စည်းသာဖြစ်ပါတယ် ”
အဲဒီဥပမာအတိုင်းပင်၊
သင်သည် ငါ့အား ဒေါသနဲ့ ဆဲရေး၏။
ငါသည် သင်၏ဆဲရေးခြင်းကို လက်မခံ။
အဲဒါကြောင့် သင်ဆဲရေးသမျှ
အကုသိုလ်ကံများဟာ သင့်ပစ္စည်းသာဖြစ်ပါတယ် ”
ဒေါသနဲ့ဆဲရေတိုင်းထွာတာကို
ပြန်လှန်တုန့်ပြန်ခြင်းဟာ
ဒေါသကို ဒေါသနဲ့တုန့်ပြန်ခြင်းသာဖြစ်တယ်။
ဒေါသကို လက်ခံလိုက်ခြင်းဖြစ်တယ်။
ဘယ်တော့မှ အဆုံးမသတ်နိုင်တော့ပါ။
အဓိကကတော့ အကုသိုလ်များကို
လက်မခံဖို့သာဖြစ်ပါတယ်။
လက်မခံသရွေ့ ကိုယ်ပစ္စည်းမဖြစ်ပါ။
“မီးသတိပြု…”
" စိတ်မသန့်လို့မလုပ်ချင်ပါ..."

ဟင်းသီးဟင်းရွက်ရောင်းတဲ့
စတိုးဆိုင်ကြီးတစ်ဆိုင်မှာ အလုပ်ရတဲ့အတွက်
ကျောင်းပြီးတဲ့ညနေဘက်တွင်
အလုပ်ဝင်လုပ်ပါတယ်။
တစ်နေ့မှာ
ဖောက်သည်တစ်ဦးဟာ
ဆိုင်ထဲဝင်လာပြီး
ပစ္စည်းအချို့ကို ဝယ်ပါတယ်။
ပြီးတော့
ရွှေရွှေအနားကိုတိုးလာပြီး ကပ်ပြောတာက
" ထပ်ပြီး ထည့်လိုက်ပါအုန်း"
လို့
တိုးတိုးပြောပါတယ်။
" ဟာ ဘယ်ဖြစ်နိုင်မလဲ၊
အဲဒါ ကျမ မလုပ်နိုင်ပါဘူး၊
ကျမရဲ့ဆိုင်ရှင်က
အဲဒီလိုလုပ်တာကို ဘယ်သဘောကျမလဲ"
လို့ပြန်ပြောလိုက်ပါတယ်။
ဈေးဝယ်သူက
" မင်းရဲ့ဆိုင်ရှင်က
အနားမှာရှိတယ်ဆိုရင်တော့ ဟုတ်ပါတယ်။
ဒါပေမယ့်
အခု သူအနားမှာ ရှိတာမှ မဟုတ်တာ"
လို့ထပ်ပြောပါတယ်။
" အို... ကျမရဲ့ဆိုင်ရှင်က
ဆိုင်ထဲမှာတော့ မရှိတာမှန်ပါတယ်။
ဒါပေမယ့်
ကျမရဲ့စိတ်ထဲမှာတော့ ဆိုင်ရှင်က
အနားမှာအမြဲတမ်းရှိနေပါတယ်။
ကျမက ဘာသာတရားအဆုံးအမနဲ့
အမြဲနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။
ကျမ အဲဒါမျိုးလုပ်ဖို့ စိတ်မသန့်ပါဘူး၊
စိတ်မသန့်တဲ့အလုပ်ကို မလုပ်ချင်ပါဘူး"
လို့
ရွှေရွှေက ရှင်းပြလိုက်ပါတယ်။
Wednesday, April 27, 2011
" လိုချင်တာက အားပေးမှုပါ..."

နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တယ်။
သူမဘဝမှာ နာမည်အလွန်ကြီးနေတဲ့အချိန်မှာပဲ
ရှုပ်ရှုပ်ထွေးထွေး စိတ်ညစ်စရာများကြုံခဲ့ရပါတယ်။
အဲဒါကြောင့် သူမကိုယ်သူမ သေကြောင်းကြံစည်ခဲ့ပါတယ်။
စိန်းမြစ်ပေါ်မှာ ရှိတဲ့တံတားပေါ်ကနေပြီး မြစ်ထဲခုန်ချကာ
သေကြောင်းကြံစည်ဖို့အတွက်
တံတားပေါ်ကို တက်တဲ့ လှေကားထစ်များပေါ်ကိုပင်ခြေချခဲ့ပါတယ်။
နောက်ဆုံးအဆင့်ကို အရောက်မှာ
သူမရဲ့ပခုံးကို လူတစ်ဦးက လှမ်းဆွဲလိုက်တာကို ခံရပါတယ်။
ပြီးတော့
" မလုပ်နဲ့၊ အဲဒါမလုပ်နဲ့၊
ခင်ဗျားဟာ ဆိုးတာကို ပိုဆိုးတာနဲ့ လဲနေသလိုဖြစ်နေလိမ့်မယ်"
လို့ပြောတဲ့ယောကျာ်းအသံတစ်သံကို ကြားလိုက်ရပါတယ်။
လူစိမ်းဟာ
သူမရဲ့လက်ကိုဆွဲပြီး အလင်းရောင်ရှိတဲ့ဘက်ကို ဆွဲယူလိုက်ပါတယ်။
အလင်းရောင်ထဲရောက်မှ
နာမည်ကြီး ရုပ်ရှင်မင်းသမီးကို မှတ်မိသွားပါတယ်။
အဲဒီနောက်လူစိမ်းက
" ဒီအခြေအနေမျိုး ခင်ဗျားရောက်မယ်လို့ ကျနော် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး၊
ကျနော်တို့ဇနီးမောင်နှံဟာ ခင်ဗျားရဲ့ပြဇာတ်တွေကို
ဘယ်တော့မှ အလွတ်မပေးခဲ့ပါဘူး၊
ခင်ဗျားပါဝင်ကပြခဲ့တဲ့ ပြဇာတ်တွေက
ကျနော်တို့ဘဝကို ပိုမိုသာယာအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်"
လို့ရှင်းပြပါတယ်။
လူစိမ်းက နာမည်ကျော်မင်းသမီးအား အိမ်တိုင်ယာရောက် လိုက်ပို့ပါတယ်။
ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကိုဘယ်သူ့ကိုမှ မပြောပါဘူးလို့သဘောတူခဲ့ပါတယ်။
ခွဲခွာခါနှီး သူမရဲ့နူတ်ဆက်စကားကတော့...
" ပရိသတ်များအတွက် ကျမ တတ်တာတွေအားလုံးပေးသာပေးနေရတယ်၊
ဘာမှ ပြန်မရခဲ့ဘူးလို့ ကျမထင်ခဲ့ပါတယ်။
ဒါပေမယ့် ရှင်က ကျမအထင်နဲ့ လွဲတာကို သက်သေပြခဲ့ပါတယ်။
ရှင်ဟာ ကျမရဲ့အသက်ကို ကယ်ခဲ့ပါတယ်"
မင်းသမီးကြီးဟာ
နောက်ပိုင်းမှာ ပြဇာတ်ဇာတ်ခုံကို ကျောခိုင်းသွားခဲ့ပါတယ်။
လောကီကိုလည်း မျက်ကွယ်ပြုခဲ့ပါတယ်။
သူတော်စင်တစ်ဦးလို ကွယ်လွန်သွားခဲ့ပါတယ်။
တကယ်တော့ သူမလိုနေတဲ့အရာဟာ
အားပေးမှုသာ ဖြစ်တယ်။
Tuesday, April 26, 2011
" အမေကြောင့်ပါ..."

ဧပြီလနောက်ဆုံးအပတ်
( 23,April,2011) တုန်းက
နယူးယောက်မြို့ကြီးကို သွားလည်ခဲ့တယ်။
လည်ဖို့အကြောင်းကတော့
တာချီလိတ်မြို့
ငွေတောင်ဦးကမ္မဌာန်းကျောင်းက ဆရာတော်က
နယူးယောက်မြို့က ဆရာတော်ဆီကို
စာနဲ့ဓာတ်ပုံ
ပေးခိုင်းလိုက်တာကြောင့်
သွားပေးရင်း လည်ဖြစ်သွားတာပါ။
ကမ္ဘာ့အကြီးဆုံးမြို့တစ်မြို့ကို
ရောက်သွားတဲ့အတွက်တော့
ကျေနပ်စရာကောင်းလှပါတယ်။
အေးချမ်းတိတ်ဆိတ်ပြီး
ပန်းတွေနဲ့လှပတဲ့ကာရိုးလိုင်းနားမြို့ကနေ
ဆူညံပြီး
တိုက်ကြီးတွေနဲ့ပြွတ်သိတ်နေတဲ့မြို့
ကိုရောက်တော့
အံ့သြစရာတွေအများကြီးတွေ့ရတာမှန်ပေမယ့်
စိတ်ညစ်ရတာလည်းအမှန်ပါပဲ။
ဘုန်းကြီးကျောင်းမှာ တည်းခိုဖြစ်ပါတယ်။
အဲဒီဘုန်းတော်ကြီးကျောင်းမှာ
ဦးဇင်းတစ်ပါးကိုတွေ့ရပါတယ်။
သူငယ်ချင်းရဲ့ဇနီးက
ဦးဇင်းရဲ့သက်တော်ကို ခန့်မှန်းခိုင်းပါတယ်။
ဆရာဝန်ဖြစ်တာကြောင့်
အသက်ခန့်မှန်းတာ မှန်မယ်လို့ ထင်ပုံရပါတယ်။
တကယ်တန်းခန့်မှန်းကြည့်တဲ့အခါ
၁၅-နှစ်လောက်
လွဲချော်နေတာကို တွေ့ရပါတယ်။
ဒါကြောင့်
သိချင်တာကို မေးကြည့်မိပါတယ်။
" ဦးဇင်းကို မေးခွန်းတစ်ခုလောက်မေးခွင့်ပြုပါ၊
ဒီလိုနုပျိုရတဲ့အကြောင်းမှာ
ထူးခြားတဲ့အကြောင်းရှိရင်
တပည့်တော်သိပါရစေအရှင်ဘုရား"
ဦးဇင်းကလည်း
စိတ်လိုလက်ရဖြေပေးပါတယ်။
" ဦးဇင်းမှာ
အတန်းပညာ များများစားစားမရှိပေမဲ့
ပညာရှိတယ်လို့ပြောနိုင်တဲ့မယ်တော်
တစ်ဦး ရှိတယ်။
မယ်တော်ရဲ့သွန်သင်ဆုံးမမှုကြောင့်
စိတ်အေးချမ်းပြီး
စိတ်ကို ငြိမ်ငြိမ်အေးအေးထားနိုင်တာက
အဓိက အကြောင်းဖြစ်မယ်ထင်တယ် "
" ဥပမာပြောရရင်
တစ်ခါတုန်းက
ကိုယ်တန်ဖိုးထားတဲ့
ကိုယ်ပိုင်ပစ္စည်းတွေအများအပြားအစုလိုက်အပြုံလိုက်
သူခိုးအခိုးခံရပါတယ်၊
မဖြေနိုင်အောင်ခံစားရပါတယ်။
အဲဒီကိစ္စကို မယ်တော်ကြီးသိသွားတယ်၊
မယ်တော်ကြီးက ဦးဇင်းကို ပြောပြတယ်။
ပစ္စည်းက အလဟဿဖြစ်သွားတာမှ မဟုတ်တာ၊
လိုအပ်တဲ့သူက သူ့အတွက် လိုအပ်လို့ယူသွားတာပဲ၊
စိတ်ထားတတ်ရင် ကုသိုလ်ဖြစ်ပါတယ်"
လို့
ပြောပါတယ်။
မယ်တော်ကြီး
စကားကြားလိုက်တော့မှ
ဖြစ်ပေါ်နေတဲ့အကုသိုလ်စိတ်တွေ
ပျောက်သွားတော့တယ်။
နောက်အကြောင်းတစ်ခုကတော့
ဦးဇင်းဘဝကိုမရောက်ခင်တုန်းကပါ။
ဦးလေးတစ်ယောက်ဟာ
မိန်းမယူလာပြီး ရွာကိုလာလည်ပါတယ်။
ဆွေပြမျိုးပြလာပြတဲ့သဘောနဲ့
အိမ်ကို
ဦးလေးနဲ့ဦးလေးရဲ့မိန်းမ
အိမ်ရောက်လာပါတယ်။
ဦးလေးရဲ့မိန်းမက
အတော်ကို ရုပ်ဆိုးပါတယ်။
ဦးလေးပြန်သွားတော့
လူငယ်ပီပီမနေနိုင်တာကြောင့်
အမေကိုအဲဒီအကြောင်းကို
ပြောပြလိုက်မိပါတယ်။
“ ဦးလေးရဲ့မိန်းမကလည်း ရုပ်ဆိုးလိုက်တာဗျာ ”
အမေက
“ အဲဒီလိုမပြောနဲ့သားရယ်၊
အဲဒီလိုပြောမယ့်အစား
ဦးလေးရဲ့မျက်လုံးတစ်ဖက်ကို ငှားပြီးကြည့်ရင်
ဦးလေးရဲ့မိန်းမဟာ လှလာပါလိမ့်မယ်။
ဦးလေးရဲ့မျက်လုံးနှစ်ဖက်တော့
မငှားလေနဲ့သားရေ။
ဘာကြောင့်ဆိုတော့
ဦးလေးရဲ့မိန်းမကို သား
ကြိုက်သွားနိုင်တယ်လေ"
တဲ့။
အဲဒီလို
အကောင်းမြင်တတ်တဲ့အမေမျိုးနဲ့
ကြီးပြင်းခဲ့ရတဲ့အတွက်
လောကဓံတွေ မျိုးစုံအောင်တွေ့ခဲ့ရပေမယ့်
စိတ်ကိုအေးချမ်းအောင်ထားနိုင်ခဲ့တယ်။
စိတ်ချမ်းသာအောင်နေနိုင်ခဲ့တယ်။
အကုသိုလ်နည်းအောင်နေနိုင်ခဲ့တယ်။
သတိနဲ့ဥာဏ်နဲ့နေနိုင်ခဲ့တယ်။
အဲဒါကြောင့် လို့ထင်မိပါတယ်"
လို့
ဦးဇင်းကစကားကို
အဆုံးသတ်ပါတယ်။
အဲဒီဦးဇင်းဟာ
အမေရိကမှာ M.Aဘွဲ့ရထားပြီးပါပြီ။
အမေကို
တန်ဖိုးထားတဲ့လူ၊ပုဂ္ဂိုလ်တွေကို
တွေ့ဆုံမိလေတိုင်း
ရင်မှာ ကြည်နူးမိပါတယ်။
နယူးယောက်ကိုရောက်တာ
ဒီလိုအမေကို
တန်ဖိုးထားသူတစ်ဦးတွေ့ဆုံခွင့်ရတာနဲ့
တန်နေပါပြီ။



