တစ်ခါတုန်းက
နိမိမင်းကြီးဟာ မိတ္ထီလာတိုင်းကို အုပ်ချုပ်မင်းလုပ်နေပါတယ်။
တစ်နေ့မှာတော့ လေသာပြတင်းပေါက်ကို ဖွင့်ပြီး ပတ်ဝန်ကျင်ကို အကဲခတ်လေ့လာပါတယ်။
အဲဒီအချိန်မှာပဲ ကောင်ကင်ယံမှာ အသားတုံးတစ်တုံးကို ကိုက်ချီလာတဲ့စွန်ရဲတစ်ကောင်ကိုတွေ့လိုက်ပါတယ်။
စွန်ရဲက အသားတုံးကို ရအောင် အန္တရာယ်တွေကြားမှာ ခက်ခက်ခဲခဲ ရှာဖွေလာခဲ့ရတာပါ။
အဲဒီလို ရှာဖွေစဉ်ကာလမှာလည်း စွန်ရဲဟာ ဒုက္ခတွေ ရောက်ခဲ့မှာပါ။
လိုချင်လို့ရလာပြန်တော့လည်း အကြာကြီးဝမ်းသာအားရမဖြစ်လိုက်ရပါဘူး။
အဲဒီအချိန်မှာ သားတစ်ချီလာတဲ့ စွန်ရဲနောက်ကို များစွာသော စွန်ရဲတွေ
ကောက်ကောက်ပါအောင်လိုက်လာကြပါပြီ။
မီလာတယ်ဆိုရင်ပဲ မင်းကြီးရဲ့မျက်စိအောက်မှာတင် ဝိုင်းအုံထိုးဆိတ်ကြပါတယ်။
အချို့က နှုတ်သီးနဲ့ပေါက်ကြပါတယ်။
အချို့က ခြေထောက်နဲ့ကန်ကြပါတယ်။
အချို့က တောင်ပံနဲ့ရိုက်ကြပါတယ်။
အချို့က ကိုယ်လုံးနဲ့တိုက်ကြပါတယ်။
စွန်ရဲဟာ သားတစ်ကို ပိုင်ဆိုင်နေသေးသမျှ
သူ့မှာ တိုက်ခိုက်တာကို အလူးအလဲခံရပါတယ်။
အမွေးတွေလည်း ကျွတ်၊
သွေးတွေလည်း ထွက်၊
အဲဒီဒုက္ခတွေကို မခံနိုင်တော့တဲ့အဆုံးမှာ
ချီလာတဲ့အသားတုံးကို မလွှတ်ချင်ပဲ လွှတ်ချလိုက်ပါတယ်။
သူစွန့်လွှတ်လိုက်တော့မှ အဲဒီဒုက္ခတွေဟာ အဆုံးသတ်သွားတယ်။
အဲဒီအသားတစ်ကို နောက်စွန်ရဲတစ်ကောင်က ချီသွားပြန်ပါတယ်။
အသားတစ်ရသွားတဲ့စွန်ရဲနောက်ကို စွန်ရဲအုပ်ကြီးက ဝိုင်းလိုက်ကြပြန်တယ်။
ထိုးကြ၊ဆိတ်ကြ၊လုကြ၊ယက်ကြပြန်ပါတယ်။
ဒီလိုနဲ့အသားတစ်ဟာတစ်ကောင်ပြီးတစ်ကောင်နောက်ကို ပြောင်းနေတော့တာပါပဲ။
ဒါကိုတွေ့မြင်သွားတဲ့မင်းကြီးဟာ အတွေးဖြန့်ချဲ့ပြီး သံဝေဂဖြစ်သွားပါတယ်။
“ အသားတုံး၊အသားတစ်ဆိုတာ လူတိုင်းကြိုက်တဲ့ကာမဂုဏ်တရားနဲ့တူတယ်။
လူမှန်သမျှ လိုလားနှစ်ခြိုက်ကြတယ်။
လူတိုင်းလူတိုင်းက လိုချင်ကြတော့ ရထားတဲ့သူ မှာ စိတ်အေးချမ်းသာမနေရတော့ပါဘူး။
သူ့ပစ္စည်းတွေ ဘယ်တော့ဆုံးရှုံးသွားမှာလဲ၊ ဘယ်သူတွေလုသွားမှာလဲ၊ ခိုးသွားမှာလဲ၊
ဘယ်ပုံဘယ်နည်း နဲ့သူများလက်ထဲရောက်သွားမှာလဲ”လို့အမြဲတမ်းကြောက်လန့်နေရပါတယ်။
စိုးရိမ်နေရပါတယ်။
ရှာရတုန်းက တစ်ဒုက္ခ၊
ထိမ်းသိမ်းထားရတာလည်း တစ်ဒုက္ခ၊
ပြီးတော့
သူများရဲ့လက်ထဲပါသွားပြန်တော့လည်း တစ်ဒုက္ခ၊
တစ်သက်တာလုံးပိုင်ဆိုင်နေတယ်ဆိုတာ မရှိပါဘူး။
တကယ်လို့အထိန်းအသိမ်းကောင်းလွန်းလို့ တစ်သက်တာလုံးပိုင်ဆိုင်နေတယ်ဆိုရင်လည်း သေတဲ့အခါမှာ
သူများလက်ထဲရောက်သွားတာချည်းပါပဲ။
ကိုယ်နဲ့အတူ ယူသွားလို့ရတဲ့ပစ္စည်းဥစ္စာဆိုတာမရှိပါဘူး။
“ ငါ့မှာလည်း ဥစ္စာပစ္စည်းတွေ ဒီလောက်အမြောက်အများပိုင်ဆိုင်နေမှတော့
တစ်ချိန်ချိန်မှာ ဆင်းရဲရမှာပဲ၊
ငါလည်း စွန့်မှသာချမ်းသာမယ်၊
ထီးနန်းဥစ္စာနဲ့တကွ ကာမဂုဏ်ပစ္စည်းတွေ အားလုံးကိုငါ စွန့်လွှတ်တော့မယ်”လို့တွေးပြီး
မင်းကြီးဟာ ထီးနန်းစည်းစိမ်ကိုစွန့်ပြီး တောထွက်သွားပါတယ်။
တရားအားထုတ်ကျင့်ကြံလိုက်တော့ ပစ္စေကဗုဒ္ဓဖြစ်သွားပါတယ်။
3 comments:
သံဝေဂဆိုတာလည်း တွေးတတ်မှ ရတတ်တာပေါ့နော်... အသားတုန်းကို လွှတ်ချလိုက်လို့ မိုက်မဲတဲ့စွန် အသားတုံးလေးကို မြိန်ရည်ယှက်ရည် စားဖို့ ဒီလောက်တော့ ခံနိုင်ရည်ရှိရမပေါ့လို့ အပြစ်ဆိုချင် ဆိုမယ့်လူတွေလည်း ရှိမယ်ထင်ပါတယ် :)
သံဝေဂဆိုတာ တွေးတတ်မှ ရတာပေါ့နော်
မိုက်မဲတဲ့ကျီး အသားတုံးကို မြိန်ရည်ယှက်ရည်စားဖို့ ဒီလောက်တော့ ခံနိုင်ရည်ရှိရမှပေါ့လို့ တွေးမယ့်သူလဲ ရှိရင် ရှိမယ်လို့ ထင်ပါတယ်
ကိုသန့်ရေ...မတွေ့ကြတာကြာပြီနော်။
နေကောင်းလား။
ပညာရှိ သူတော်ကောင်းတွေလို ကျနော်တို့
မတွေးခဲ့လို့ ဒုက္ခပင်လယ်ဝေနေကြတာ
မဟုတ်ဘူးလား။ အဲဒီလိုတွေးမိတဲ့လူ ရှိမှာပါ။
ရှိနေသရွေ့ သံသရာထဲမှာ ခံပေဦးပေါ့။
အဲဒီထဲမှာ ကျနော်တို့လည်း ပါတယ်လေ။
မဟုတ်ဘူးလား။
သတိရတဲ့ အောင်ဝင်းဟိန်း(USA)
Post a Comment