သို့
ချစ်တဲ့အမေ
သား
သတိတရ စာရေးလိုက်ပါတယ်။
မစ်ချီဂန်ဆောင်းက
အေးလိုက်တာ အမေရယ်။
နေ့တိုင်း
နှင်းတွေမကျပေမယ့် ကျပြီးတဲ့နှင်းတွေက နေ့တိုင်းတွေ့နေရတယ်။
နေရောင်လာလည်း
အရည်ပျော်မသွားဘူး။
ပိုပြီးသိပ်သည်းလာတော့ စကိတ်တောင်
စီးလို့ရလောက်တယ်။
စကိတ်စီးချင်ပေမယ့် စီးချိန်မရပါဘူး။
တစ်ချိန်လုံး အလုပ်ထဲမှာ။
ဒီဇင်ဘာလတစ်လလုံး ဈေးရောင်းကောင်းမယ်ဆိုတာ
အလုပ်ရှင်က သိတော့ ဝန်ထမ်းတွေကို
အချိန်ပိုတွေ ဆင်းခိုင်းထားတယ်။
တစ်နေ့ကို အနည်းဆုံး ၁၂-နာရီဆင်းရတယ်။
မိုးလင်း မိုးချုပ်ဖြစ်သွားတာပေါ့။
အချို့နေ့တွေဆိုရင် ည ၁၁-နာရီကျော်မှ
အိမ်ပြန်ရတယ်။
လူတွေလည်း ငါးတွေလိုပါပဲ။
ငါးမျှားချိတ်မှာ ဒေါ်လာတွေ
တပ်ပြီးမျှားတော့
ငါးမျှားချိတ်မှန်းသိပေမယ့်
လှမ်းဟပ်နေရတာပဲ။
ရေရှည် ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ
သိပေမယ့်
ဒီတစ်လပဲလေ ဆိုတဲ့အတွေးနဲ့
ကြိတ်မှိတ်လုပ်နေမိတယ်။
အချိန်ပိုဆင်းလို့ အများကြီးရမယ်လို့ထင်ခဲ့တယ်။
ငွေရှင်းတော့ ပုံမှန်လစာရဲ့နှုန်းထားအတိုင်းရောပြီးရှင်းတယ်။
ဒီကိုရောက်တာကြာတဲ့လူတိုင်းလိုလို
လည်နေကြတယ်။
အချင်းချင်းအပေါ်မှာ ဂျင်ပေါ်က
ထုံးလုပ်နေကြတယ်။
ငွေနဲ့ပတ်သက်လာရင် စာနာစိတ်လုံးဝမထားမှ
မှန်တယ်လို့ယူဆနေကြပြီလားမသိပါဘူးအမေရယ်။
စာနာစိတ်ကို လုံးဝထည့်မတွက်ကြတော့ဘူး။
အဲဒါလည်း ထုံးစံဖြစ်နေပြီးလားမသိပါဘူး။
အလုပ်ရှင်က
လူလတ်ပိုင်းမြန်မာတိုင်းရင်းသားတစ်ယောက်ပါ။
ဒီရောက်နေတာ
နှစ်နှစ်ဆယ်ကျော်ပြီလို့သိရတယ်။
ရောက်စတုန်းကတော့
တရုပ်စားသောက်ဆိုင်မှာ ဝန်ထမ်းလုပ်တယ်။
နှစ်ပေါင်းများစွာကြာလာတော့
လုပ်ငန်းဆိုင်ရာမှာ ကျွမ်းကျင်လာတယ်။
သူ့ရဲ့သူဋ္ဌေးက
ရောင်းမကောင်းလှတဲ့ဆိုင်တစ်ဆိုင်ကို အကြွေးစံနစ်နဲ့သူ့ကို
ရောင်းလိုက်တယ်။
ရောက်ကာစ
မြန်မာတွေနဲ့ဆိုင်ကို လည်ပတ်ခဲ့တယ်။
အခုဆိုရင်
တစ်ဆိုင်က သုံးဆိုင်တောင်ဖြစ်လာတယ်။
သူလည်း သူဋ္ဌေးအငယ်စားလေးပေါ့။
ဝန်ထမ်းတစ်ယောက်က ပြောတယ်။
“သူဟာ ဆယ်တန်းတောင် မအောင်ခဲ့ဖူး”
တဲ့။
ဒါပေမယ့် သူ့ဝန်ထမ်းမြန်မာတိုင်းဟာ
ဘွဲ့ရပညာတတ်တွေချည်းပဲ အမေရေ့။
ပဲစားဝန်ထမ်းတွေ ဘွဲ့ရ၊မရတော့
ကျနော်သေသေချာချာ မသိဘူး။
ဒါပေမယ့် ဘွဲ့ရတွေကို သူခိုင်းစားနေတာကိုတော့
သူဘဝင်တွေမြင့်နေတယ်ဆိုတာ
သူ့ရဲ့ဆက်ဆံရေးကိုကြည့်ပြီး
ခန့်မှန်းနိုင်တယ်။
သူ့သူငယ်ချင်းဝန်ထမ်းတစ်ဦးကပြောခဲ့ဖူးတယ်။
“အဲဒီကောင်က ငွေနဲ့မိန်းမကလွဲပြီး
ဘာမှမသိဘူး” တဲ့။
အစကတော့ ဒီစကားဟာ အလွန်အကျွံ
ပြောတဲ့စကားလို့
ကျနော်က ထင်ခဲ့တယ်။
နောက်မှ သူ့စကားမှန်ကြောင်းကို
တဖြည်းဖြည်း သိလာတယ်။
စားသောက်ဆိုင်တစ်ဆိုင်မှာ
ဝန်ထမ်းတွေကို လိုက်ကျွေးတော့
အဲဒီအလုပ်ရှင်ကပြောတယ်။
“ကျနော့်အတွက် ငွေဟာ အဓိကပါပဲ”
လို့
အတိအလင်း သူပြောခဲ့ဖူးတယ်။
ငွေကို အလွန်အကျွံ တန်ဖိုးထားရင်
ကျန်တာကိုသူတန်ဖိုးထားတော့မှာ
မဟုတ်ဘူးလို့တွေးဖြစ်ခဲ့တယ်။
ရေရှည် လုပ်ဖို့ မလွယ်ဘူးဆိုတာ
ရိပ်မိလာတယ်။
နောက်မကြာခင်မှာပဲ သူ့ဝန်ထမ်းမလေးတစ်ယောက်ရဲ့အိပ်ခန်းထဲမှာ
သူဝင်အိပ်နေတာကိုတွေ့တော့
မြန်မာမျက်စိနဲ့ကြည့်တော့
အတော်ရိုင်းနေတယ်။ မယူသေးပဲနဲ့ အတူတူ အိပ်တာ ဖြစ်သင့်တဲ့ကိစ္စမှ
မဟုတ်တာ။ ပြီးတော့ အလုပ်ရှင်နဲ့ဝန်ထမ်းလေ။
အမေရိကန်မှာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်ဖြစ်ချင်ဖြစ်မှာပေါ့လေ။
ကျနော်တို့က အမေရိကန်မှ မဟုတ်ပဲ။
မြန်မာလူမျိုးတွေလေ။
ဒီတော့ အံသြမိတယ်။
ပြီးတော့ ရေရှည် လုပ်လို့မဖြစ်ဘူးဆိုတာ
သိလာတယ်။
အဲဒီကထဲက ငွေကို ခြစ်ခြစ်ကုတ်ကုတ်
စုဆောင်းဖို့ မိန်းမကို မှာထားတယ်။
ကျနော်တို့လိုအပ်ချိန်မှာ
အလုပ်ပေးတဲ့အတွက် အလုပ်ရှင်ကိုကျေးဇူးတင်ပါတယ်။
ကျေးဇူးရှိခဲ့ဖူးတယ်ဆိုပြီး
ဘာဘဲလုပ်လုပ် မျက်စိမှိတ်ပြီး ထောက်ခံဖို့တော့
ကျနော်မလုပ်နိုင်ဘူးအမေရေ့။
အမေရိကန်နိုင်ငံဆိုရင် ယောကျာ်းတွေထက်
မိန်းမက ပိုလာချင်ကြတယ်။
အထင်ကြီးတဲ့စိတ်နဲ့လာချင်တာက
အပြစ်မဟုတ်ပါဘူး။
ဒါပေမယ့် လင်ယောကျာ်းရဲ့အုပ်ထိန်းမှုမရတဲ့မိန်းမ၊
မိဘရဲ့အုပ်ထိန်းမှုမရှိတဲ့မိန်းမတွေ
အနေနဲ့အန္တရာယ်က များလွန်းလှတယ်။
ဒီနိုင်ငံကို တစ်ကိုယ်တည်းထွက်လာမိတဲ့မိန်းမတွေအနေနဲ့
မိန်းမတစ်ယောက်ရဲ့အကျင့်သီလကို
ငွေနဲ့လဲလှယ်လိုက်တာဟာ
ထုံးစံများ ဖြစ်နေပြီလား။
အဲဒါတွေ အများကြီးကိုတွေ့နေရတယ်အမေ။
ဒီနိုင်ငံက ငွေကို ဗဟိုပြုထားတဲ့နိုင်ငံဆိုတာ
ရောက်ပြီးမကြာခင်မှာပဲ သိလိုက်ရတယ်။
တစ်ကိုယ်တည်းထွက်လာမိတဲ့မိန်းမသားအနေနဲ့
ဘယ်ဆွေမျိုးသားချင်းကိုမှ အားကိုးလို့မရဘူး။
အဲဒီဆွေမျိုးသားချင်းတွေကလည်း
ငွေနောက်ကိုလိုက်ရင်း သူ့ဟာသူ အလုပ်တွေရှုပ်နေတယ်။
ဒီတော့ ကိုယ်က အလုပ်ပေးနိုင်တဲ့သူနောက်ကို
လိုက်ရပြီလေ။
အလုပ်ပေးနိုင်တဲ့သူက ကျားဆိုရင်
ကိုယ်က ကျားစာဖြစ်ပြီ။
သတ်သတ်လွတ်စားတဲ့ကျားတော့
တစ်ကောင်မှ မရှိဘူးအမေရေ့။
အချို့မိန်းမတွေကလည်း ကျားမှန်းသိရက်နဲ့
အချောင်သူဋ္ဌေးကတော်ဖြစ်လည်း
မနည်းဘူးဆိုတဲ့အတွေးနဲ့
အနားကပ်တော့တာပဲ။
ဒီတော့ ကျားက လွယ်လွယ်ကူကူ
သက်သက်သာသာနဲ့
စားစရာကို မရှက်မကြောက်စားတော့တာပေါ့။
ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိဘူး။
အမေ့အမျိုးထဲမှာ တစ်ယောက်ထဲနိုင်ငံခြားကို
စွန့်စွန့်စားစားထွက်ချင်တဲ့မိန်းမတွေ
ရှိရင် တားနိုင်သလောက်တားကြည့်ပေါ့။
တားလို့မရရင် လင်ပေးစားပြီးသာလွှတ်ပေးလိုက်။
နိုင်ငံခြားအရသာကို ရောက်ရင်တွေ့ပါလိမ့်မယ်။
ကြက်ဟင်းခါးသီးကို အစိမ်းလိုက်
ဝါးစားရတဲ့နေ့မျိုးတွေ အများကြီးဆိုတာ သိလာပါလိမ့်မယ်။
နိုင်ငံခြားဆိုတာ ယဉ်ကျေးမှုမတူဘူး။
စာ၊စကားတွေ မတူဘူး။
စားသောက်မှုပုံစံတွေ မတူဘူး။
တန်ဖိုးထားတာချင်း မတူဘူး။
ရာသီဥတုတွေ မတူဘူး။
မတူတာတွေ အများကြီးပါပဲ။
ပြောရင် နားလည်ဖို့မလွယ်ဘူး။
အဝေးကမြက်ဟာ အနားမှာရှိတဲ့မြက်ထက်
ပိုစိမ်းလိမ့်မယ်ထင်ရင်
အဲဒီအဝေးကို ရောက်လာတဲ့အခါ
သိလာပါလိမ့်မယ်။
နိုင်ငံခြားဆိုတာ ပညာသင်ကြားဖို့ကောင်းလှပါတယ်။
အဲဒါကလွဲပြီးကောင်းလှတယ်ဆိုတာ
ခုထိတော့ ကျနော်
မတွေ့မိသေးဘူး။
အမေ့ကိုလွမ်းတယ်။
ရွှေတိဂုံဘုရားကိုလွမ်းတယ်။
မုန့်ဟင်းခါးကိုလွမ်းတယ်။
ပြီးတော့……….လွမ်းတယ်။
…….လွမ်းတယ်။
…….လွမ်းတယ်။
…….လွမ်းတယ်။
…….လွမ်းတယ်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အရှေ့လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။
၁-၁၄-၂၀၁၃
၁-၁၄-၂၀၁၃
အမေ့လက်ကို မြဲမြဲဆွဲထားပါ... |
No comments:
Post a Comment