Thursday, December 9, 2010

“ စွန့်လွှတ်ဝံ့သူ…”



ဥယျာဉ်မှူးတစ်ဦးရဲ့ ဥယျာဉ်ထောင့်တစ်ထောင့်မှာ ဝါးရုံတစ်ရုံရှိတယ်။

ဝါးတို့ဟာ နှစ်နှင့်အမျှ ကြီးထွားသန်မာမြင့်မားလာကြပါတယ်။

တစ်နေ့မှာတော့ ဥယျာဉ်မှူးဟာ ဝါးရုံထဲရှိ အကြီးမားဆုံးသော ဝါးနားမှာရပ်လျက်

ကဲကိုရွှေဝါး

ကျနော် ခင်ဗျားကို လိုချင်ပါတယ်

လို့ ပြောလိုက်ပါတယ်။

ဆရာလိုချင်ရင် ယူပါ၊

ကြိုက်သလို သုံးဖို့ကျနော်အသင့်ပါ

လို့ ဝါးက ပြန်ပြောပါတယ်။

အဲဒီနောက် ဥယျာဉ်မှူးရဲ့လေသံမှာ ပိုမို လေးနက်တဲ့အသွင်

ဆောင်လာပါတယ်။

ငါ မင်းကို သုံးနိုင်ဖို့ မင်းကို နှစ်ခြမ်းခွဲပစ်ရမှာ

လို့ဥယျာဉ်မှူးက ပြောပါတယ်။

ဗျာကျနော်ကို နှစ်ခြမ်းခွဲပစ်မယ်၊

ဟုတ်လား၊ ဘာကြောင့်လဲခင်ဗျာ။

ဒီဥယျာဉ်ထဲမှာ ကျနော်က အကောင်းဆုံးဝါးပါဗျာ။

နှစ်ခြမ်းခွဲတာတော့ မလုပ်ပါနဲ့ဗျာ၊

နှစ်ခြမ်းခွဲတာကလွဲရင် ဆရာကြိုက်သလို သုံးပါ

လို့ ဝါးက တောင်းတောင်းပန်ပန် ပြောပါတယ်။

အေးကွာခက်တာပဲ၊

မင်းကို ထက်ခြမ်းမခွဲရင် ငါ မင်းကို မသုံးနိုင်ဘူးလို့

ဥယျာဉ်မှူးက ပြောပါတယ်။

ဥယျာဉ်ထဲမှာ ဥယျာဉ်မှူး နဲ့ ဝါးပင်တို့ကြား ဘာစကားမှ

ဆက်မဆိုဘဲ ငြိမ်သက်နေပါတယ်။

လေတောင်မှ ဥယျာဉ်မှူးနဲ့ဝါးပင်တို့

အပြန်အလှန် ပြောစကားကြားပြီး အသက်မရှုနိုင်အောင်ပင်

ဖြစ်နေပါတယ်။

အဲဒီနောက် အလွန်အားနာတတ်တဲ့ဝါးဟာ

ဦးညွတ်ပြီး လေသံသဲ့သဲ့ဖြင့်

ဆရာရယ်

ဆရာ့အတွက် အသုံးတည့်ဖို့ ကျနော့်ကို

နှစ်ခြမ်းခွဲမှ ဖြစ်မယ်ဆိုရင် ခွဲပါဆရာလို့ပြောပါတယ်။

အေးကွာ၊ မင်းကို ထက်ခြမ်းခွဲပစ်ရမယ်ဆိုတာက

ငါလုပ်ချင်တာရဲ့ တစ်စိတ်တစ်ပိုင်းပဲရှိသေးတာ၊

တကယ်တော့ မင်းရဲ့အကိုင်းတွေ အရွက်တွေ

အားလုံးကိုလည်း ဖြတ်တောက်ပစ်ရမှာလို့

ဥယျာဉ်မှူးက ပြောပြန်ပါတယ်။

အလိုဘုရားရေ၊ အဲ့ဒါကိုတော့ချမ်းသာပေးပါ ဆရာရယ်၊

အခက်အရွက်တွေကိုသာ ဖြတ်လိုက်မယ်ဆိုရင်

ကျနော့်ဘဝအလှအားလုံး ပျက်ကုန်မှာပေါ့၊

အဲဒါကိုတော့ ချမ်းသာပေးပါဆရာလို့

ဝါးက တောင်းပန်ပါတယ်။

ငါ အဲဒီလို မဖြတ်မတောက်ရဘူးဆိုရင် ငါ

မင်းကို မသုံးနိုင်ဘူးလို့

ဥယျာဉ်မှူးကပြောပါတယ်။

နေရောင်ဟာ ဝါးရဲ့မျက်နှာကို ထိုးနေပါပြီ။

လိပ်ပြာလေးတစ်ကောင်ဟာ ကိုရွှေဝါးနားမှာ ထိပ်ထိပ်ပျာပျာ

ရစ်ဝဲပျံသန်းနေတယ်။

နောက်ဆုံးမှာတော့ ဝါးဟာ လက်လျှော့လိုက်ပြီ၊

ဆရာ့အတွက် အဲဒီလိုလုပ်မှ အသုံးတည့်မယ်ဆိုရင်

ကျနော်ကို ဖြတ်လိုက်ပါတော့လို့ ခွင့်ပြုလိုက်ပါတော့တယ်။

ကျေးဇူးတင်ပါတယ် မောင်ဝါးရယ်၊

ငါက မင်းကို ဒီထက် နာနာကျင်ကျင်ဖြစ်အောင် လုပ်ဖို့ရှိသေးတယ်

မင်းရဲ့ နှလုံးသားကိုခွဲ၊

အတွင်းသားကို လှန်ရဦးမှာ၊

ဒါမှ မင်းကို သုံးနိုင်မှာလို့ ဥယျာဉ်မှူးက ဆက်လက်ပြောရာ

ဝါးဟာ ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးသို့၊

ဦးခေါင်းကို မြေသို့ထိလုညွတ်လျက်

ဆရာလိုသလိုသာ စိတ်ကြိုက်သုံးပါတော့ ဆရာလို့

အားလုံးကို လိုက်လိုက်လျောလျော ခွင့်ပြုလိုက်ပါတော့တယ်။

အဲဒါကြောင့် ဥယျာဉ်မှူးဟာ ဝါးပင်ကို ခုတ်လှဲတယ်။

အကိုင်းအခက် အရွက်များတော့ ဖယ်ရှားတယ်။

ထက်ခြမ်းခွဲပြီး အဆစ်ပိတ်များကိုဖယ်ထုတ်တယ်။

ဝါးခြမ်းချင်းဆက်လျက် စမ်းရေကို သွယ်ယူရာမှာ

ဝါးကို သုံးလိုက်တယ်။

စမ်းရေအေးဟာ ဝါးရဲ့နှလုံးသားကို ဖြတ်ပြီး

လယ်ထဲကို စီးဝင်စေပါတယ်။

ဝါးကို ခုတ်လှဲ၊ ထက်ခြမ်းခွဲလျက်

အလယ်ဆစ်များကို ဖယ်ရှားပြီး

ရေသွယ်လိုက်တဲ့အခါမှာတော့

ဝါးဟာ

လူသားတို့အတွက် အကျိုးများစွာ

ဖြစ်စေပါတော့တယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com