Sunday, October 24, 2010

“ ကိုယ်တိုင် ကြိုးစား၊ အားထုတ်၊ ရုန်းကန်မှု…”



ကျနော်ဟာ ဓါတ်ပုံရိုက်ရတာကို ဝါသနာပါသူဖြစ်ပါတယ်။

ပုံကောင်းများရအောင် အကြိမ်ပေါင်းများစွာ အားထုတ်ရပါတယ်။

ကျနော်ရဲ့ဝါသနာကို သိနေတဲ့ သူငယ်ချင်း ကိုခင်မောင်ဝင်းက

ပိုးတုံးလုံးအိမ်တစ်ခုကို ယူလာခဲ့ပါတယ်။

ဓါတ်ပုံရိုက်ဖို့ဖြစ်ပါတယ်။

ကျနော်လည်း ဝမ်းသာသွားပါတယ်။


ပိုးတုံးလုံးထဲက လိပ်ပြာလေး အပြင်ထွက်လာပုံအဆင့်ဆင့်ကို

ဓါတ်ပုံရိုက်ဖို့ပြင်ဆင်လိုက်ပါတယ်။


ပိုးအိမ်လေးဟာ တဖြည်းဖြည်း ပွင့်အာစပြုလာပါတယ်။

အတွင်းမှ လိပ်ပြာလေးမှာ အပြင်ထွက်နိုင်ဖို့

နာရီပေါင်းများစွာ အားထုတ်ရုန်းကန်နေရပါတယ်။

အဲဒီလို ရုန်းကန်နေတာဟာ အချိန်ကြာလာတော့

ကျနော်က တစ်ခုခုမှားနေပြီလို့ ယူဆလာမိပါတယ်။

ဓါတ်ပုံရိုက်ဖို့အတွက် အချိန်ကြာကြာစောင့်နေရတဲ့အတွက်

စိတ်မရှည်နိုင်အောင်လည်း ဖြစ်တာလည်းပါလိမ့်မယ် ထင်ပါတယ်။


ပိုးတုံးလုံးထဲက လိပ်ပြာလေးဟာ

တောင်ပံကိုတစ်ဖျတ်ဖျတ်ရိုက်နေတာကိုက ကြာလွန်းလှပါတယ်။

ပိုးချည်မျှင်များက တောင်ပံနဲ့ တစ်ကိုယ်လုံးမှာ ရစ်ပတ်နေတာကြောင့်ဖြစ်ပါတယ်။

ကျနော်ရဲ့မြန်မြန် အပြင်ထွက်လာစေချင်တဲ့ စေတနာကြောင့်

ကပ်ကြေးတစ်လက်ယူပြီး ပိုးချည်မျှင်များကို ဖြတ်ပေးလိုက်ပါတယ်။

ကျနော်အထင်မှာ ပိုးတုံးလုံးလေးဘဝကနေ လိပ်ပြာလေးဟာ

တောင်ပံခတ်ပြီးထပျံသွားလိမ့်မယ်လို့ယူဆနေမိပါတယ်။

ဒါပေမယ့် ကျနော်ထင်သလို ဖြစ်မလာခဲ့ပါ။


လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး၊

သွက်လက်စွာ ပျံသန်းသွားနိုင်တဲ့ လိပ်ပြာလေးဖြစ်မယ့်အစား

လိပ်ပြာလေးရဲ့တစ်ဆတ်ဆတ်တုန်နေတဲ့တောင်ပံဟာ

တစ်ဖြည်းဖြည်းနဲ့ ရပ်ဆိုင်းသွားပါတော့တယ်။

လိပ်ပြာလေးဟာလည်း မကြာခင်မှာ သေဆုံးသွားပါတော့တယ်။


ကျနော်စိတ်မကောင်းဖြစ်ရပါတယ်။

တကယ်ဆိုတော့ တဖြည်းဖြည်းနဲ့ပွင့်အာလာတဲ့ ပိုးအိမ်ထဲက

ကိုယ့်အားကိုယ်ကိုးပြီး

ရုန်းကန်လှုပ်ရှားဖို့သဘာဝကဖန်တီးထားခဲ့ပါတယ်။

ဒီလို ရုန်းကန်လှုပ်ရှားအားထုတ်တဲ့အခါမှသာ

တောင်ပံအရင်းနားက ကြွက်သားများသန်စွမ်းလာမှာဖြစ်ပါတယ်။

ဒီ့ပြင် ကိုယ်ခန္ဓာထဲရှိ အရည်များဟာတောင်ပံဆီကို ရောက်ရှိစေပါတယ်။


သနားတဲ့အတွက် ပိုးအိမ်ကို ကပ်ကြေးနဲ့ခွဲဖွင့်ပေးလိုက်တာဟာ

အမှန်တော့ သနားရာမရောက်ပဲ ရက်စက်ရာရောက်ပါတယ်။


ဘဝမှာ ကိုယ်တိုင် ကြိုးစား၊ လှုပ်ရှား၊ ရုန်းကန်ရတာဟာ

ဘဝရဲ့လိုအပ်ချက်လည်းဖြစ်ပါတယ်။

“ မရှိပေမယ့် ဖြစ်လာနိုင်ပါတယ်…”



မဂ္ဂဇင်းကြီးတစ်စောင်မှာ ပင်တိုင်ပန်းချီရေးဆွဲပေးနေတဲ့

ပန်းချီးဆရာ အကျော်အမော်တစ်ဦးမှာ

အရောင်များကို ပုံမှန်အတိုင်း မမြင်နိုင်သူတစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ ပန်းချီရေးတဲ့ ဆေးများကို ရောစပ်ဖို့ လူတစ်ဦးကို ငှားထားတယ်။

ဆေးစပ်ပေးသူက

ဘယ်ဆေးက အနီ၊ ဘယ်ဆေးက အစိမ်း၊ အဝါ၊ အပြာ၊ ဆိုပြီးပြောပြရပါတယ်။

ပုံမှန်အတိုင်း အရောင်စပ်ရာမှာ ထင်ပေါ်ကျော်ကြားသူ တစ်ဦးဖြစ်တယ်။

နယ်ပယ်တစ်ရပ်ရပ်မှာ ထူးချွန်သူများဟာ သူတို့ရဲ့ အားနည်းချက်ကို အစပျိုးပြီး

အဲဒီအားနည်းချက်ကို ကျော်လွန်အောင် ကြိုးစားအားထုတ်ရာမှ ထူးချွန်လာခြင်းဖြစ်ပါတယ်။


ဒီမွန်စ်သနီး ဟာစကားထစ်သူတစ်ဦးဖြစ်ပါတယ်။

သူဟာ စကားပြောကောင်းသူကို အားကျလာတော့

စကားပြောကောင်းသူတစ်ဦးဖြစ်အောင်ကြိုးစားအားထုတ်လာတယ်။

သူ့ရဲ့ ပါးစပ်ထဲ ကျောက်စရစ်ခဲများကို ထည့်ပြီး ပင်လယ်ကမ်းစပ်တစ်လျှောက်

လမ်းလျှောက်ရင် ပင်လယ်လှိုင်းများနဲ့ အော်ပြီး စကားပြောခဲ့ရပါတယ်။

အဲဒီအားထုတ်မှုကြောင့် စကားပြောထစ်နေသူကနေ

နောက်ပိုင်း ဂရိ မှာ အထင်ရှား အကျော်ကြားဆုံး စကားပြောကောင်းသူတစ်ဦးဖြစ်လာပါတယ်။


အင်္ဂလန်နိုင်ငံအတွက် နယ်လ်ဆင်ဟာ ရေကြောင်း သူရဲကောင်းတစ်ဦးဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ပင်လယ်ပြင်ထဲ ထွက်တိုင်း ပင်လယ်လှိုင်းမူးတဲ့ ဝေဒနာကိုခံစားရပါတယ်။

ပင်လယ်ထဲ ပထမဆုံးခရီးစထွက်ကတည်းက

ပင်လယ်လှိုင်းမူးတဲ့ ဝေဒနာကို စတင်ခံစားရပြီး နောက်ပိုင်းမှာ

ပင်လယ်လှိုင်းမူးတဲ့ ဝေဒနာကို သင်္ဘောပေါ်တက်တိုင်း ခံစားရပါတယ်။


ကမ္ဘာ့ထိပ်သီး တေးရေးဆရာကြီး ဗီသိုဗင်ဟာ

ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး တေးရေးဆရာကြီးတစ်ဦးဖြစ်ပါတယ်။

သူဟာ နားမကြားရပါ။

သူရေးစပ်ခဲ့တဲ့ တေးဂီတသံများကို သူဘယ်တုန်းကမှ မကြားရပါ။

ဒါပေမယ့် ကမ္ဘာကျော် တေးသီချင်း အမြောက်အများကို သူရေးဖွဲ့သွားနိုင်ခဲ့ပါတယ်။


ကလားရင့်ချိန်ဘာလိန်ဟာ ကမ္ဘာကျော်လေယာဉ်ပျံသန်းသူ တစ်ဦးဖြစ်ပါတယ်။

သူဟာ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ကျော် ပျံသန်းခဲ့ပါတယ်။

ဒါပေမယ့် သူဟာ အတိမ်အနက် အမြင်အာရုံကို စမ်းသပ်တဲ့ စစ်ဆေးမှုကို

သူဘယ်တုန်းကမှ မအောင်မြင်ခဲ့ပါ။

ဒါပေမယ့် စံချိန်မီ စစ်ဆေးလွှာနဲ့ စစ်ဆေးသူများဟာ ချိန်ဘာလိန်အား

စစ်ဆေးချက် မအောင်သော်လည်း လေယာဉ်မောင်းခွင့် လိုင်စင်ထုတ်ပေးခဲ့ပါတယ်။

သူဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အကင်းရှင်းဆုံး လေယာဉ်မှူးတစ်ဦးဖြစ်လာခဲ့ပါတယ်။


တစ်မိုင်ခရီးကို ပြေးရာမှာ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ဂလင်ကန်နီဟန်ဟာ

ခြေနှစ်ဖက်လုံး မီးလောင်ထားတဲ့အတွက်

ဆရာဝန်တွေက လမ်းတောင်မလျှောက်နိုင်တော့ဘူးလို့

အသေအချာပြောခြင်းကို ခံထားရသူဖြစ်ပါတယ်။

ဒါပေမယ့် တစ်စ၊တစ်စချင်းစီ ကြိုးစားအားထုတ်ခဲ့မှုကြောင့်

ကမ္ဘာ့အပြေးအမြန်ဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါတယ်။


အခုဖော်ပြခဲ့သူများရဲ့ ကိုယ်အင်္ဂါ ချို့တဲ့ မပြည့်စုံမှုဟာ

သူတို့ထူးချွန်လာစေတဲ့ အဓိက အကြောင်းရင်းတွေ

ဖြစ်လာခဲ့ပါတယ်။

“ အပန်းဖြေ အနားယူဖို့လိုအပ်….”



အပိုစတယ်မှနာမည်ကျော်ကြားတဲ့ သူတော်စင်ဂျွန် ဟာ

မကြာခဏဆိုသလိုပင် သူမွေးထားတဲ့ စာကလေးတွေနဲ့ ကစားတတ်တယ် လို့

လူအများကပြောကြတယ်။

တစ်နေ့တွင် မုဆိုးတစ်ယောက်ဟာ ဂျွန်ဆီကိုရောက်လာတယ်။

အရမ်းနာမည်ကြီးထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးက

ကစားနေတာကိုတွေ့တော့ အလွန်အံ့အားသင့်သွားတယ်။

ဒီလို ပုဂ္ဂိုလ်မျိုးက အချိန်တွေကို အရေးကြီးတဲ့ကိစ္စတွေအတွက်သာ

အသုံးပြုနေမယ်လို့ထင်ထားမိတာကိုး။

ဒါကြောင့် မုဆိုးက ဂျွန်ကိုမေးပါတယ်။


ကစားပြီးအချိန်တွေကို ဘာကြောင့် ဖြုန်းနေသလဲ၊

ဘာမှ တန်ဖိုးမရှိတဲ့ စာကလေးတစ်ကောင်အတွက်

ခင်ဗျားရဲ့အချိန်တွေကို ဘာကြောင့် ဖြုန်းနေပါသလဲ


လို့ မေးပါတယ်။

ဂျွန်က မေးသူကို အံ့သြပြီး ကြည့်နေပါတယ်။


အဲဒါကြောင့် ဂျွန်က


ခင်ဗျား ဘာအလုပ်လုပ်ပါသလဲ၊


မုဆိုးအလုပ်လုပ်ပါတယ်။


ဒါနဲ့ ခင်ဗျားရဲ့ လေးညှို့ကြိုးကို

ဘာကြောင့် တင်းမထားဘဲ၊ လျှော့ထားတာလဲ


မုဆိုးက


အမြဲတမ်း တင်းမထားပါဘူး၊

လေးရဲ့ ညှို့ကြိုးကို အမြဲတင်းထားဖို့ မလိုပါဘူး။

အမြဲတင်းထားရင် လေးကိုင်းအားလျော့ပြီး မြားပစ်တဲ့အခါ သုံးမရတော့ပါဘူး။


အဲဒီအခါမှာ ဂျွန်က မုဆိုးကို အောက်ပါအတိုင်း ပြောပါတယ်။


ဒီမှာ မိတ်ဆွေ၊

ခင်ဗျားရဲ့ လေးကိုင်းအားလျော့မသွားအောင် ကြိုးကို အမြဲတင်းမထားသလိုပါပဲ။

အတွင်းသန္တာန်မှာ ဖြစ်နေတဲ့ တင်းကြပ်မှုကို လျော့ပြီး အပန်းဖြေဖို့လိုပါတယ်။

အလုပ်သာလုပ်ပြီး အပန်းမဖြေဘူးဆိုရင်

ကျနော်လုပ်ရမယ့် ကြီးမားတဲ့ လုပ်ငန်းတွေ အတွက် လုပ်နိုင်ဖို့

အင်အား ဘယ်ရှိနိုင်ပါ့တော့မလဲ။

ကျနော်လုပ်ရမယ့် အလုပ်၊

လုပ်သင့်တဲ့ အလုပ်၊

ကိုတောင် လုပ်ဖို့ အင်အားရှိတော့မှာမဟုတ်ပါဘူး။

ဒါကြောင့် အဲဒီအတွက် အပန်းဖြေဖို့ကို

လုံးဝအလေးထားဖို့ အထူးလိုအပ်ပါတယ်။


လို့ ပြန်ပြောလိုက်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com