Thursday, July 19, 2012

"အသက်နဲ့လဲပြီး ကာကွယ်နိုင်တဲ့ တန်ဖိုးထားစရာ..."




(2)  Something to live for
ဘာအတွက် အသက်ရှင်သလဲလို့ မေးရင် အဖြေရှိရမယ်။
ဘာအတွက် အသက်ရှင်နေရမှန်း မသိရင် Something to live for မရှိဘူး။
စားဝတ်နေရေးထက် ပိုပြီးမြင့်တဲ့ ရည်မှန်းချက် ရှိရမယ်။           
ဒါမှ ဘဝကို စုစည်းပေးတဲ့ value ရှိတယ်။
အဓိပ္ပာယ်ရှိတဲ့ ရည်မှန်းချက်ရှိဖို့ လိုတယ်။
ဒါလုပ်ဖို့ အသက်ရှင်နေရတာလို့ ပြောစရာရှိရမယ်။
လုပ်လည်း လုပ်နေရမယ်။
တချို့အလုပ်ကို ငွေမရပေမယ့် လုပ်သင့်တယ်။
ငွေရမှလုပ်မယ် ငွေမရရင် ဘာမှမလုပ်ဘူးဆိုရင် ဘဝကို ငွေနဲ့တန်ဖိုးဖြတ်ထားသလို ဖြစ်နေမယ်။
တချို့အလုပ်တွေကို ငွေနဲ့တန်ဖိုးဖြတ်လို့ မရဘူး။
ငွေနဲ့တန်ဖိုးဖြတ်လို့ မရတာကို လုပ်မှ အဓိပ္ပာယ်ပိုရှိတယ်။
စိတ်ကျေနပ်မှု ပိုရတယ်။

++++++++++++++++++++++++++++++++++++

တချို့လူတွေ ကောင်းကောင်း စားဖို့၊ ကောင်းကောင်း ဝတ်ဖို့၊
ကောင်းကောင်း နေဖို့ အသက်ရှင်နေကြတယ်။
ဒီထက်ပိုတဲ့အကြောင်း သိပ်မရှိဘူး။
စားဝတ်နေရေး အဆင့်မြင့်တာ ကောင်းပါတယ်။
ဒါပေမယ့် စားဝတ်နေရေးထက် ပိုပြီး အဆင့်မြင့်တာ ရှိဖို့လိုပါတယ်။
တချို့လူတွေဟာ သိတတ်တဲ့အရွယ်ကတည်းက Searching for something more
စားဝတ်နေရေးထက် ပိုမြင့်တာကို ရှာတယ်။
သူတို့ကိုကြည့်ရင် ဦးတည်ချက်တစ်ခုနဲ့ ဘဝကိုနေသွားနေတယ်ဆိုတာ မြင်ရတယ်။
ငွေရတိုင်း မလုပ်ဘူး။
အလုပ်ကို ခံယူချက်နဲ့လုပ်တယ်။
သူ့ခံယူချက်နဲ့မကိုက်ညီရင် ငွေဘယ်လောက်ရရ မလုပ်ဘူး။
သူဟာ စားဖို့ အသက်ရှင်နေတာ မဟုတ်ဘူး။
အသက်ရှင်ဖို့ စားနေတာ။
I don’t live to eat. I eat to live. ပြောနိုင်တဲ့သူပဲ။

++++++++++++++++++++++++++++++++++++

ကုန်ကျစရိတ်ဆိုတာနဲ့ တန်ဖိုးဆိုတာ မတူပါဘူး။
ကျန်မာရေးမကောင်းတဲ့သူ သေတော့မယ့်အခြေအနေမှာ တကယ်လိုတဲ့ဆေးကို
ထိုးလိုက်လို့ အသက်ရှင်တယ်ဆိုရင် အသက်ကို ကယ်နိုင်တဲ့ဆေးဟာ
ဘယ်လောက်ပေးရသလဲလို့မေးရင် ကုန်ကျစရိတ်ကို ပြောလို့ရတယ်။
ဘယ်လောက်တန်ဖိုးရှိသလဲလို့ မေးရင်
အသက်လောက်တန်ဖိုးရှိတယ်လို့ ဖြေရမယ်။
ငွေနဲ့တိုင်းပြီးဖြေလို့ မရဘူး။
တချို့လူတွေဟာ ကုန်ကျစရိတ်ကိုပဲ သိတယ်။
တန်ဖိုးကို မသိဘူး။

++++++++++++++++++++++++++++++++++++



(3)  something to die for

သေရမယ်ဆိုရင်တောင် အသေခံပြီး လုပ်ရဲတဲ့ အလုပ်ရှိဖို့လိုတယ်။
အသက်နဲ့လဲပြီး ကာကွယ်နိုင်တဲ့ တန်ဖိုးထားစရာ ရှိရမယ်။
တချို့အကျင့်စာရိတ္တကို တန်ဖိုးထားတယ်။ 
ဂုဏ်သိက္ခာကို တန်ဖိုးထားတယ်။
လွတ်လပ်မှုကို တန်ဖိုးထားတယ်။
လွတ်လပ်မှုအတွက် အသေခံတယ်။

++++++++++++++++++++++++++++++++++++

မြန်မာပြည်အတွက် လွတ်လပ်ရေးအတွက် အသက်ကိုပေးသွားတဲ့သူတွေ အများကြီး ရှိခဲ့တယ်။
သူတို့ဟာ ကြေးစားစစ်သား မဟုတ်ဘူး။
သူတို့အကြောင်းကို မမေ့သင့်ဘူး။
သူတို့ အသက်နဲ့လဲပြီး ရအောင်ယူခဲ့တဲ့ လွတ်လပ်ရေးကို တန်ဖိုးထားရမယ်။
အသက်နဲ့လဲပြီး ကာကွယ်ရမယ်။
အသက်ထက်ပိုပြီး တန်ဖိုးထားတာရှိဖို့ လိုတယ်။
အဲဒါ တော်တော် ရှားတယ်။

++++++++++++++++++++++++++++++++++++

Studies confirm that an important ingredient of well-being is the sense of meaning and purpose.
ဘဝအဓိပ္ပာယ်ရှိတာနဲ့ ဘဝဦးတည်ချက်၊ ရည်မှန်းချက်ရှိတာဟာ
စိတ်ချမ်းသာဖို့ လိုအပ်ချက်တစ်ချက်ဖြစ်တယ်လို့ တွေ့ရှိရတယ်။

++++++++++++++++++++++++++++++++++++

A loss of meaning accentuates today’s epidemic depression.
ဘဝအဓိပ္ပာယ်ပျောက်နေတာဟာ အခုခေတ်မှာ depression စိတ်ကျရောဂါ ကပ်ဆိုးကြီးကို
ပိုဆိုးစေတယ်လို့ စိတ်ပညာရှင်ကြီးများက တွေ့ရှိရတယ်။
Epidemic ဆိုတာ လူများစုဖြစ်နေတာလို့ ဆိုလိုတယ်။
 loss of meaning ဖြစ်ရင် depression ပိုဆိုးမယ်။
depression ပျောက်ချင်ရင် အရာရာတိုင်းရဲ့ လေးနက်တဲ့အဓိပ္ပာယ်ကို မြင်အောင် ကြည့်ရမယ်။
ကိုယ့်ဘဝမှာ ဖြစ်သမျှ အဓိပ္ပာယ်ရှိတယ်လို့ မြင်ဖို့လိုတယ်။
အဓိပ္ပာယ်ရှိတာကို လုပ်နေဖို့လည်း လိုတယ်။

++++++++++++++++++++++++++++++++++++

The self is a very poor site for finding meaning.
အတ္တဟာ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိဖို့ အလားအလာ အင်မတန်နည်းတဲ့ နေရာ ဖြစ်တယ်။
ရွှေတို့ ကျောက်တို့ တူးတဲ့နေရာကိုလည်း site လို့ ခေါ်တယ်။
ဘဝအဓိပ္ပာယ်ကို ရှာချင်ရင် တစ်ကိုယ်ကောင်းဆန်တဲ့အလုပ် (site) ထဲမှာ ရှာလို့ မရနိုင်ဘူး လို့ဆိုလိုတာပါ။
ကိုယ်ကျိုးကို အဓိကထားတဲ့သူဟာ လုပ်သမျှအဓိပ္ပာယ်မဲ့နေမယ်။
( ဘယ်သူတွေ အဓိပ္ပာယ် မဲ့နေသလဲ)
ကိုယ်ကျိုးနဲ့အများအကျိုးကို မျှအောင် လုပ်နိုင်ရင် ပိုကောင်းပါတယ်။
အမြဲတန်း အနစ်နာခံတယ် ဆိုတာလည်း သိပ်မကောင်းပါဘူး။

++++++++++++++++++++++++++++++++++++

ဘဝမှာ ဦးတည်ချက်တစ်ခု ရှိရမယ်။
ကိုယ်လုပ်တဲ့ ကိစ္စမှန်သမျှဟာ အဲဒီဦးတည်ချက်ကို အထောက်အကူပေးနေရမယ်။
အဲဒီဦးတည်ချက် ရည်မှန်းချက်နဲ့ဆန့်ကျင်တာ ဘာမှ မလုပ်ရဘူး။
ကိုယ်လုပ်သမျှဟာ ကိုယ် တန်ဖိုးအထားဆုံးကိစ္စ ဖြစ်မြောက်အောင် တစ်နည်းနည်းနဲ့ အကျိုးပြုနေတယ်ဆိုရင်
လုပ်တိုင်း အားတက်နေမယ်။

++++++++++++++++++++++++++++++++++++

တချို့လည်း ကောင်းမွန်တဲ့စာပေတွေ စာဖတ်သူတွေ ဖတ်နိုင်ဖို့ လုပ်နေကြတယ်။
လူ့အခွင့်အရေးတွေကို ရဖို့ လုပ်နေကြတယ်။
ပညာရေး အဆင့်မြင့်ဖို့ လုပ်နေကြတယ်။
လွတ်လပ်မှုရှိဖို့ လုပ်နေကြတယ်။

++++++++++++++++++++++++++++++++++++

ကိုယ့်အကျိုးကနေ စပါ။ 
ဒါပေမယ့် ကိုယ့်အကျိုးမှာပဲ လမ်းမဆုံးပါစေနဲ့။
ကိုယ့်ကိုယ်ကို ကိုယ် နားလည်ဖို့လုပ်ပါ။
ဒါပေမယ့် ကိုယ့်အကြောင်းကိုပဲ တွေးမနေပါနဲ့။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

++++++++++++++++++++++++++++++++++++
ပြီးစီး/အောင်မြင်.....
++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့ (၃၂)...


Wednesday, July 18, 2012

“သက်တမ်းရှည်သရွေ့ဆက်နေမယ်…”






လူတစ်ဦးဟာ "ဘဝမှာ အီစိမ့်နေပြီ ဖြစ်တဲ့အတွက်
ဆက်လက်ပြီး အသက်ရှင်မနေချင်တော့ဘူး" လို့
နော်မန်ဗင့်ဆင့်ထ်ပီယာလေ ဆီကို အကြံဉာဏ်လာရောက်တောင်းခံပါတယ်။

“ခင်ဗျားကြည့်ရတာ ဆက်ပြီးအသက်ရှင်နေချင်စိတ်တောင်
ကုန်နေပြီထင်တယ်။”
လို့ နော်မန်ဗင့်ဆင့်ထ်ပီယာလေကပြောပါတယ်။

“ ဟုတ်ပါတယ် ဆရာ၊
အခုချက်ချင်းပဲ သေချင်လှပါပြီခင်ဗျာ…”
လို့ ချက်ချင်းပြန်ဖြေကြားပါတယ်။
အဲဒီသဘောထားမှတ်ချက်ကို ကြားရတဲ့ ပီယာလေက
စမ်းသပ်မှုတစ်ခု ပြုလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။


“ ခင်ဗျား မနက်ဖန် အိပ်ရာက ထတာနဲ့ တစ်ပြိုင်နက်
အဲဒီနေ့ဟာ ခင်ဗျားအတွက် အသက်ရှင်ပြီး နေဖို့နောက်ဆုံးနေ့အဖြစ် စိတ်ကူးပါ။
နောက်ဆုံးနေ့အဖြစ် ဟန်ဆောင်နေကြည့်ပါ။
ဒီအိပ်ရာပေါ်အိပ်တာ ဒါနောက်ဆုံးအိပ်ခြင်းပဲ။
အခုအိပ်တဲ့တာ နောက်ဆုံးအိပ်ခြင်းပဲ
လို့ သင့်ကိုယ်သင် ပြောပါ ”
“ မနက်စာ သွားစားတဲ့အခါလည်း
နောက်ဆုံးနံနက်စာအဖြစ် သဘောထားစားပါ။
နောက်ဆုံးပိတ်နံနက်စာဖြစ်တဲ့အတွက်
သင်ကြိုက်တာတွေ အားလုံးကျွေးဖို့သင့်ဇနီးကိုပြောပါ။
စားရင်း သတင်းစာတွေ၊ ဘာတွေမဖတ်ပါနဲ့။
သင့်ဇနီးနဲ့ စကားပြောပါ။
နောက်ဆိုရင်သင့်ဇနီးနဲ့ စကားပြောခွင့်ရတော့မယ်မဟုတ်တော့တဲ့အတွက်
အချိန်ယူပြီး စကားပြောပါ။”
အလုပ်သွားဖို့ ဘူတာရုံကို သွားတဲ့အခါ ဖြည်းဖြည်းလျှောက်သွားပါ။
သင့်နေအိမ်လေးကို သေသေချာချာကြည့်သွားပါ။
သင့်မြို့ကိုလည်း ဂရုတစိုက်ကြည့်ပါ။
နောက်ဆုံးပိတ်ကြည့်ခြင်းအဖြစ် အိမ်နီးချင်းတွေကို လည်း ကြည့်ပါ။
ရထားစီးနေစဉ်အဲဒီခရီးစဉ်ဟာ
သင်နေတဲ့ ဒေသကမြို့ကိုသွားတဲ့ နောက်ဆုံးအခေါက်ဖြစ်တယ်
လို့စိတ်ထဲမှာ မှတ်ယူထားပါ။
သင်မကြိုက်တာတွေကိုလည်း
နောက်ဆုံးအနေဖြင့် တစ်ချက်ကလေး ဝင့်ပြီး ကြည့်ပါ။
ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ်
သင်နောက်တစ်ကြိမ်တွေ့ခွင့်ရတော့မှာ မဟုတ်တော့ပါ ”
လို့ ပီယာလေက ပြောပြပါတယ်။
ပီယာလေက လုပ်ဆောင်ရမယ့်အချက်များအားလုံးကို ပြောပြပါတယ်။
လာမေးသူက အဲဒီစမ်းသပ်မှုမှာ လက်တွေ့ပါဝင်လုပ်ဆောင်မယ့်အကြောင်းနဲ့
ရလာတဲ့အကျိုးရလဒ်ကို ပြန်ပြောပြမှာ ဖြစ်ကြောင်းသဘောတူပါတယ်။
အဲဒီလူပြောပြတဲ့ ရလဒ်ကို ပီယာလေက အောက်ပါအတိုင်း ပြန်ပြောပြပါတယ်။


“သူဟာ နောက်နေ့အထိပင် မစောင့်တော့ပါ။
နေ့တိုင်းကို နောက်ဆုံးနေ့အဖြစ် သဘောထားခဲ့ပါတယ်။
အိမ်အပြန် ရထားပေါ်တွင် အရင်ကလို သတင်းစာမဖတ်တော့ဘဲ
ရထားပြူတင်းပေါက်မှ အပြင်ကို ကြည့်လာခဲ့ပါတယ်။
ကျေးလက်၊မြို့ရွာများမှ အလင်းများ၊ သဘာဝအလှများဟာ
စိတ်လှုပ်ရှားစရာကောင်းလှတာကို တွေ့ရပါတယ်။
အဲဒီခရီးဟာ စိတ်ချမ်းသာစရာကောင်းတဲ့ ခရီးဖြစ်တာကို
သူက ပြန်ပြောပြပါတယ်။
ကြယ်တွေတောက်ပနေတဲ့ကောင်းကင်၊
လရိပ်ဆန်းထားတဲ့လမ်းတစ်လျှောက်အေးအေးသာသာ
လမ်းလျှောက်ပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။
အိမ်ရောက်တဲ့အခါ ကိုယ်တိုင်သော့ဖွင့်ပြီး ဝင်မယ့်အစား
လူခေါ်ခေါင်းလောင်းကို တီးလိုက်ပါတယ်။
တံခါးပွင့်လာတဲ့အခါ လွန်ခဲ့တဲ့ ၃၅ နှစ်ကလက်ထပ်ခဲ့တဲ့ ဇနီးကို
လျှပ်စစ်မီးရောင်အောက်မှာ တွေ့ရပါတယ်။
တွေ့တွေ့ခြင်း ကျနော့်ဇနီးကိုလှမ်းဖက်လိုက်ပြီး
တစ်သက်လုံးတစ်ခါမှ မနမ်းဖူးတဲ့ အနမ်းဖြင့် တစ်ဦးနဲ့ တစ်ဦး နမ်းကြပါတယ်။
အဲဒီအချိန်မှာ နောက်နေ့အတွက်
ကျနော်ဆက်လက်အသက်ရှင်ပြီးနေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်နေ့တွေလည်း သက်တမ်းရှည်သရွေ့ဆက်နေမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ”
လို့ အဲဒီလူက ပြောပြကြောင်း ပီယာလေက ရှင်းပြပါတယ်။

Tuesday, July 17, 2012

“ ရပါတယ် လဲပေးမယ်လေ…”





 တစ်ခါတုန်းက

စားသောက်ဆိုင်တစ်ခုမှာဖြစ်တယ်။

စားသုံးသူက
  “ ခင်ဗျားတို့ဆိုင်က ကြက်ကင် မာလှချည့်လားဗျ ”

စားပွဲထိုးက
“ အဲဒါဆို ဘဲကင်နဲ့ လဲပေးရမလား ခင်ဗျာ ”

စားသုံးသူက
“ ဒါပေမယ့် ကြက်ကင်ကို ကျနော်ကိုက်လိုက်မိပြီဗျ ”

စားပွဲထိုးက
“ ကိစ္စမရှိပါဘူး၊ 
 ဘဲကင်ကလည်း ကိုက်ထားပြီးသားပါ ”


Monday, July 16, 2012

"ပျော်ချင်ရင် ပြုံးလိုက်ပါ…"




အနောက်နိုင်ငံမှာ စိတ်ချမ်းသာမှု သုတေသန လုပ်တဲ့ ပညာရှင်တွေဟာ
တရားအားထုတ်တဲ့သူတွေကိုလည်း သုတေသန လုပ်ပါတယ်။
တရားအားထုတ်တဲ့သူတွေဟာ ပိုပြီး စိတ်ချမ်းသာတာကို တွေ့ရတယ်။
အထူးသဖြင့် Mindfulness Meditation ကပိုပြီး ထိရောက်တာကို တွေ့ရတယ်။
ဖြစ်အောင်လည်း မလုပ်ဘူး။
မဖြစ်အောင်လည်း မလုပ်ဘူး။
ဖြစ်နေတာကို အေးအေးဆေးဆေး စောင့်ကြည့်တဲ့နည်းက စိတ်ကို ပိုပြီး အေးချမ်းစေတယ်။
ဖြစ်အောင် လုပ်နေရရင် စိတ်ပင်ပန်းလာတယ်။
မဖြစ်အောင် တားဆီးနေရရင်လည်း စိတ်ပင်ပန်းလာတယ်။

+++++++++++++++++++++++++++

Mindfulness Meditation ဟာ အခုခေတ်လူတွေနဲ့ ပိုပြီးသင့်တော်တယ်။
နေရာ မရွေး အချိန်မရွေး လုပ်လို့ရလို့ ပိုပြီး အဆင်ပြေတယ်။
ကောင်းတာကို ကြုံရပေမယ့် ကိုယ်က ကောင်းတယ်မထင်ရင် ကိုယ့်အတွက် ပျော်စရာမဖြစ်ဘူး။
အခြေအနေတစ်ခုတည်းကို တစ်ယောက်က ကောင်းတယ်လို့ မြင်ပြီး ပျော်မယ်။
နောက်တစ်ယောက်က မကောင်းဘူးလို့ မြင်ပြီး စိတ်ပျက်မယ်။
ဒါကြောင့် ပျော်တယ်၊မပျော်ဘူးဆိုတာ ကိုယ့်အမြင် ကိုယ့်သဘောထားပေါ်မှာ
အများကြီး မူတည်ပါတယ်။
ဒါကို သေသေချာချာ နားလည်ဖို့ လိုတယ်။
ဒါကြောင့် အခြေအနေကို ပြောင်းလို့ မရရင် ကိုယ့်သဘောထားကို
ပြောင်းမှ စိတ်ချမ်းသာမယ်။

+++++++++++++++++++++++++++


အသက်ငယ်တဲ့သူတွေ ပျော်တာ တွေ့ရတယ်။
အသက်ကြီးတဲ့သူတွေလည်း ပျော်တာ တွေ့ရတယ်။
အမျိုးသားတွေ ပျော်တာ တွေ့ရတယ်။
အမျိုးသမီးတွေ ပျော်တာ တွေရရတယ်။
ရုပ်ချောတဲ့သူတွေ ပျော်တာ တွေ့ရတယ်။
ရုပ်ဆိုးတဲ့သူတွေလည်း ပျော်တာတွေ့ရတယ်။
အဆင့်မြင့်ဘွဲ့ရသူတွေ ပျော်တာတွေ့ရတယ်။
စာမတတ်သူတွေ ပျော်တာ တွေ့ရတယ်။
ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသူတွေ ပျော်ကြသလို
စားနိုင်သောက်နိုင်ရုံလောက်ရှိတဲ့သူတွေလည်း ပျော်ကြတယ်။
ရာထူး အဆင့်မြင့်တဲ့သူတွေ ပျော်တာ ရှိသလို
ဘာရာထူးမှ မရှိတဲ့သူတွေလည်း ပျော်ကြတယ်။
အဲဒါကို ကြည့်ရင် ပျော်တယ်ဆိုတာ ပြင်ပ အခြေအနေပေါ်မှာ
တိုက်ရိုက် မမှီဘူးလို့ ဆိုနိုင်တယ်။

+++++++++++++++++++++++++++

စိတ်ကြောင့် ရုပ်ဖြစ်တယ်။
ရုပ်ကြောင့် စိတ်ဖြစ်တယ်။
ပျော်တဲ့စိတ်ကြောင့် ပျော်တဲ့အမူအရာ ဖြစ်တယ်။
ပျော်တဲ့အမူအရာကြောင့်လည်း ပျော်တဲ့စိတ် ဖြစ်တယ်။
မပျော်တဲ့အမူအရာ လုပ်ရင် မပျော်တဲ့စိတ် ဖြစ်မယ်။
ပျော်တဲ့အမူအရာ လုပ်ရင် ပျော်တဲ့စိတ်ဖြစ်မယ်။
ပျော်ချင်ရင် ပြုံးလိုက်ပါ။
အခု ပြုံးလိုက်ပါ။

+++++++++++++++++++++++++++


တချို့လူတွေဟာ လူများများ ပျော်ကြတဲ့နေရာကို သွားရင် ပျော်တယ်လို့
 သုတေသနပညာရှင်တွေ တွေ့ရတယ်။
ရှေးကတည်းက ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတယ်။
ပွဲဆိုတာ လူများများ ပျော်ဖို့ စီစဉ်ထားတဲ့နေရာ ပျော်ချင်တဲ့သူတွေ သွားကြတဲ့နေရာ။
မသွားခင်ကတည်းက ပျော်မယ်ဆိုတဲ့ ရည်ရွယ်ချက် ဆုံးဖြတ်ချက်က ရှိနေပြီ။
အဲဒီ ဆုံးဖြတ်ချက်က အရေးအကြီးဆုံးပဲ။

+++++++++++++++++++++++++++

သူများပျော်တာကို မြင်ရရင် ကိုယ်လည်း ပျော်တာ သဘာဝပါ။
ဒါကြောင့် ပျော်ချင်ရင် ပျော်နေတဲ့သူတွေရှိတဲ့နေရာကို သွားပါ။
(အပျော်ကြူးတဲ့သူတွေ ရှိတဲ့နေရာကို မဆိုလိုဘူးနော်)
ကိုယ်က ပျော်ချင်တဲ့စိတ် ရှိဖို့လိုမယ်လို့ ထင်ပါတယ်။
မပျော်ချင်တဲ့သူဟာ ဘယ်နေရာသွားသွား ပျော်မှာ မဟုတ်ဘူး။
ဒါပေမယ့် မပျော်ချင်တဲ့သူဟာ တော်တော် ရှားပါတယ်။

+++++++++++++++++++++++++++

အားလုံးခြုံပြီတော့ စဉ်းစားရင်ပျော်တယ်ဆိုတာ ကိုယ့်စိတ်ပေါ်မှာလည်း မူတည်တယ်။
ပျော်ပျော်နေတတ်သူက ပျော်တယ်။
ပျော်တတ်အောင် လေ့ကျင့်ယူရင် ရတယ်။
ပျော်တယ်ဆိုတာ ပတ်ဝန်းကျင်ပေါ်မှာလည်း မူတည်တယ်။
ပျော်ပွဲရွှင်ပွဲကို သွားရင် ပျော်တယ်။
ပျော်ချင်တဲ့စိတ်နဲ့ ပျော်တတ်တဲ့အကျင့်က အဓိကပဲ။
ကျန်တာတွေက အဖြည့်ပါပဲ။
ဒါကြောင့် ဘာမှ လုပ်စရာမလိုပဲ ပျော်တတ်အောင်လည်း လေ့ကျင့်ပါ။
ပျော်စရာကောင်းတာတွေကို လုပ်ပြီး ပျော်တတ်အောင်လည်း လေ့ကျင့်ပါ။
ဘာဘဲဖြစ်ဖြစ် အလေ့အကျင့်ဟာ အရေးအကြီးဆုံးပဲ။

+++++++++++++++++++++++++++


စိတ်ချမ်းသာဖို့ ဘာတွေလိုသလဲ

To be what is called happy, one should have
(1)  Something to live on,
(2)  Something to live for,
(3)  Something to die for.

 +++++++++++++++++++++++++++

(1)   Something to live on,
စိတ်ချမ်းသာဖို့ ဘာတွေ လိုသလဲ။
စားဝတ်နေရေး အဆင်ပြေဖို့ လိုတယ်။
စားဝတ်နေရေးကို ပြည့်စုံစေတဲ့ အလုပ်ရှိရမယ်။
စားဝတ်နေရေး အဆင်မပြေရင် စိတ်ချမ်းသာဖို့ မလွယ်ပါဘူး။
ထမင်း မဝတဲ့သူဟာ စိတ်ချမ်းသာဖို့ မလွယ်ဘူး။
အလွန်ပေါများနေဖို့ မလိုပါဘူး။
မချို့တဲ့ဖို့ပဲ လိုပါတယ်။

+++++++++++++++++++++++++++
 
(2)   Something to live for,
ဘာအတွက် အသက်ရှင်နေတာလဲလို့မေးရင် အဖြေရှိရမယ်။

+++++++++++++++++++++++++++
 
              စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့ (၃၁)...   

                                                                         

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com