Wednesday, June 15, 2011

" ရိုးသားမှုဆိုတဲ့အရသာ..."




ဘတ် လန်စတာဟာ ထင်ရှားတဲ့ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

ငယ်စဉ်တုံးက နယူးယောက်မြို့တွင် ဆင်းဆင်းရဲရဲနေခဲ့သူဖြစ်တယ်။

အဲဒါကြောင့် အစာငတ်တဲ့လူငယ်သဘာဝအတိုင်း

မုန့်များ၊ရေခဲမုန့်များ၊ချောကလက်များတို့ကို

စားချင်လွန်းတဲ့အတွက် တမ်းတမ်းတတရှိခဲ့ပါတယ်။

ငယ်စဉ်တုံးက သူ့အတွက်ငွေတစ်မတ်ဟာ တော်တော်များတဲ့ ပမာဏဖြစ်ခဲ့ပါတယ်။

တစ်နေ့တွင် သူဟာ ဘဏ်ဘေးလမ်ထောင့်မှာ ရပ်နေတုံး အောက်ဘက်ကိုငုံ့ကြည့်မိပါတယ်။

ရေမြောင်းထဲတွင် ဒေါ်လာ ၂၀ တန်တစ်ရွက်ကိုတွေ့ပါတယ်။

သူ့ဘဝတွင် တွေ့ဖူးသမျှထဲမှာတော့ အဲဒီငွေဟာ အများဆုံးဖြစ်ပါတယ်။

အဲဒီငွေကို ရလိုက်တဲ့အတွက် သူဟာ အလွန်ဝမ်းသာပျော်ရွှင်ခဲ့ပါတယ်။

ဝမ်းသာလွန်းလို့ သူရဲ့နှလုံးခုန်နှုန်းပင် မြန်ဆန်လာပါတယ်။

အဲဒီငွေကိုကောက်ယူပြီး သူ့အိတ်ထဲထည့်လျက်

သူ့အမေဆီပြေးသွားမယ်လို့စဉ်းစားပါတယ်။

သူ့အမေသိရင် ဘယ်လောက်ဝမ်းသာလိုက်မလဲလို့တွေးမိပြီး

ဝမ်းသာမဆုံးဖြစ်နေမိပါတယ်။

ကိုယ်စားချင်တဲ့အရာတွေကို ဝယ်စားရတော့မှာပဲလို့တွေးပြီး ပျော်နေချိန်မှာ

အဖွားအိုကြီးတစ်ယောက် သူ့ဆီကပ်လာတာကိုတွေ့ရပါတယ်။

အဲဒီအဖွားအိုဟာ ဘယ်လောက်သောကရောက်ပြီး

စိတ်ပျက်နေတာကို မြင်လိုက်တာနဲ့ပင်သိနိုင်ပါတယ်။

“ ဟေ့…သားလေး၊

ဒေါ်လာ နှစ်ဆယ်တန်တစ်ရွက် မတွေ့မိဘူးလားသားလေး”

လို့မေးပါတယ်။

သူ့မိသားစုအတွက် သိပ်လိုနေတာတွေဝယ်ဖို့ ဘဏ်က အခုပဲထုတ်လာတာ

ပျောက်သွားတဲ့အကြောင်း အဖွားအိုကရှင်းပြပါတယ်။

“ မတွေ့ရင်တော့ ဘာလုပ်မယ်ဆိုတာတောင် မသိတော့ပါဘူး သားလေးရယ်”

လို့မျက်ရည်စက်လက်နဲ့ပြောရှာပါတယ်။

“ အဖွားအထင်တော့ ဒီနားတစ်ဝိုက်မှာ ကျကျန်ခဲ့တယ်လို့ထင်တာပဲ”

လို့လည်း ဆက်ပြောပါတယ်။

ဘတ်ရဲ့လက်ချောင်းတွေဟာ ၂၀-တန်ဒေါ်လာ ကို ဖိထားမိပါတယ်။

အဲဒီငွေနဲ့ဝယ်လို့ရနိုင်တဲ့

သူ့စိတ်ကြိုက် စားစရာတွေ အစီအရီပေါ်လာပါတယ်။

သူကောက်တွေ့ထားတဲ့ငွေကို ပိုင်ရှင်တွေ့နေပါရက်ကယ်နဲ့

သူယူလိုက်ရင် မှားမှန်းသိရက်နဲ့

ယူထားချင်တဲ့စိတ်တွေကလည်း တဖွားဖွားဖြစ်ပေါ်နေပါတယ်။

“ အဖွားရယ်…ကျနော်မတွေ့မိပါဘူး၊ ဝမ်းနည်းပါတယ်”

လို့သူပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။

ဒါပေမယ့် သူပြောမထွက်ခဲ့ပါ။

အဲဒီလိုပြောမယ့်အစား သူ့အိတ်ထဲက ၂၀-တန်ဒေါ်လာကို ဆွဲထုတ်လိုက်ပြီး

“ ဟုတ်တယ်အဖွား

ပျောက်တာ ဒီနေရာပဲ၊ ကျနော်တွေ့ထားပါတယ်”

လို့ပြောပြီး အဖွားကို သူတွေ့ထားတဲ့ဒေါ်လာ၂၀ကို ပြန်ပေးလိုက်ပါတယ်။

ပင်ပန်းပြီး သောကတွေရောက်နေတဲ့

အဖွားရဲ့မျက်နှာမှာ ပျော်ရွှင်ကြည်နူးရိပ်များဖြာထွက်လာတာကို တွေ့ရတာကိုက

သူရဲ့နှလုံးသားမှာ နွေးထွေးတဲ့အရသာကိုခံစားမိခဲ့ပါတယ်။

အဖွားဟာ ကျေးဇူးတင်စကားကိုပြောပြီး

သွက်လက်တဲ့ခြေလှမ်းများလှမ်းပြီးထွက်ခွာသွားပါတော့တယ်။

အဲဒီဖြစ်ရပ်ကတော့ သူ့ဘဝမှာ တွေ့ကြုံခဲ့ရသမျှအတွေ့အကြုံတွေထဲမှာ

အပျော်ရွှင်ဆုံးအတွေ့အကြုံတစ်ခုဖြစ်ပါတယ်လို့

ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး ဘတ်ကပြောပြပါတယ်။


Monday, June 13, 2011

" စားသောက်ဆိုင်တစ်ခုမှာ..."




ကိုအောင်ဟိန်းက
“ ခင်ဗျားမိန်းမ
ဒီလောက်က တတ်မှန်း
ကျနော်အစက မသိခဲ့ဘူး”


ကိုလှမြင့်ပြန်ဖြေလိုက်တာက...

“မက တတ်ပါဘူး၊
သူမ ခက်ရင်းကို တက်နင်းမိတာပါ”

Sunday, June 12, 2011

"သားသမီးအနားမှာ မိဘတွေ ရှိဖို့လိုတယ်..."



ငယ်ရွယ်တဲ့ကလေးတွေဟာ အကျိုးအကြောင်းကိုကောင်းကောင်းမသိပါ။
အတုမြင်ရင် အတတ်သင်တတ်ကြတယ်။
အခုခေတ်ကလည်း အတုယူစရာ ဗီဒီယိုတွေကလည်း ပေါမှပေါ။
ကလေးတွေအတွက် လုပ်ချင်ရာ လုပ်မိတတ်ကြတယ်။
မိဘတွေအနားမှာသာ မရှိရင် ဒီကလေးတွေဟာ ဘာဖြစ်သွားနိုင်သလဲဆိုတာ
အကဲခတ်ကြည့်စေချင်ပါတယ်။
ဒါကြောင့် ကလေးတွေကိုမဖြစ်သင့်တာတွေမဖြစ်ရအောင်
မိဘတွေက
မေတ္တာနဲ့စောင့်ရှောက်သင့်ကြောင်းကို
ဓါတ်ပုံများနဲ့တင်ပြလိုက်ပါတယ်။
































(လင်းလင်းနိုင်(ဆန်ဖရန်စစ္စကို)မှကျေးဇူးပြုပါတယ်။)

Thursday, June 9, 2011

“အရှုံးထဲက အမြတ်…”



အင်္ဂလန်ပြည် ကျေးရွာလေးတစ်ရွာမှာ

ဘုရားရှိခိုးကျောင်းတစ်ကျောင်းရှိပါတယ်။

အဲဒီဘုရားရှိခိုးကျောင်းဟာ

လယ်ကွင်းများမှာရှိတဲ့ ကျောက်တုံးတွေနဲ့ဆောက်လုပ်ထားပါတယ်။

တစ်ချိန်တုန်းကတော့ လယ်ကွက်တွေထဲမှာ အဲဒီကျောက်တုံးတွေရှိနေတဲ့အတွက်

ထွန်ယက်ရာမှာ အခက်အခဲများစွာရှိခဲ့ပါတယ်။

လယ်သမားအများစုကတော့ အဲဒီကျောက်တုံးတွေကို ကျိန်ဆဲကြပါတယ်။

ဒါပေမယ့်

လယ်သမားတွေထဲက လယ်သမားနှစ်ဦးကတော့ အဲဒီကျောက်တုံးတွေကို

အသုံးချပြီး ဘုရားရှိခိုးကျောင်းတစ်ကျောင်းဖြစ်အောင် တည်ဆောက်ခဲ့ကြပါတယ်။

အဲဒီအကြောင်းကို တရားဟောဆရာက အားလုံးသိနေပါတယ်။

ဘုရားကျောင်းပြီးစီးတဲ့အခါမှာတော့ တရားဟောဆရာက

“ သာမန်ကျောက်တုံးတွေကို သုံးပြီး အလွန်လှပတဲ့ဘုရားကျောင်းကို

အနားမှ ဖြတ်သွားတဲ့လူတိုင်း

သိစေချင်ပါတယ်။

ဒီလိုလှပတဲ့ ဘုရားကျောင်းဟာ

လယ်ကွက်ထဲမှာ အခက်အခဲအဟန့်အတားဖြစ်နေတဲ့ ကျောက်တုံးတွေနဲ့

တည်ဆောက်ထားတယ်ဆိုတာ အမြဲတမ်းသတိရစေချင်ပါတယ်။

အဲဒီလိုပါပဲ

ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲ အဟန့်အတားတွေနဲ့

သာယာလှပတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်တယ်ဆိုတာ

အမြဲတမ်းသတိရနေစေချင်ပါတယ်”

လို့ တရားထဲမှာ ထည့်သွင်းဟောကြားခဲ့ပါတယ်။


" ကြိုးစားဖို့မှ တစ်ပါးအခြားမရှိ..."


ကျနော်အလယ်တန်းကျောင်းသားဘဝတုန်းက

မရမ်းကုန်းမြို့နယ်မှာကျောင်းတက်ခဲ့တယ်။

ကျနော်တို့ကျောင်းက ဘူတာရုံနဲ့နီးတယ်။

အပေါင်းအသင်းကများတယ်။ ခဏခဏကျောင်းပြေးဖြစ်တယ်။

အိမ်ကထွက်လာတုန်းကတော့ ကျောင်းတက်ဖို့ပါပဲ။

အပေါင်းအသင်းနဲ့တွေ့တော့ ကျောင်းမတက်ဖြစ်တော့ပါ။

တစ်ပတ်မှာကျောင်းတက်ချိန်က ငါးရက်ရှိတယ်။

ကျနော်တို့ကျောင်းပြေးရက်က နှစ်ရက်၊တစ်ရံတစ်ခါ သုံးရက်။

ကျောင်းပြေးပြီး ရထားလက်မှတ်မပါပဲ စီးလို့လက်မှတ်စစ်ဖမ်းလို့

အင်းစိန်အချုပ်ထဲရောက်ဖူးပါတယ်။

အင်းယားကန်မှာ ကျောင်းပြေးပြီးရေကူးတဲ့အတွက်လည်း ရေနစ်ဖူးပါတယ်။

မြေနီကုန်းရုပ်ရှင်ရုံတွေအားလုံးမှာလည်း ရုပ်ရှင်ခိုးကြည့်ဖူးပါတယ်။

ကျောင်းပြေးတာကို အမေကမသိပါ။

ကြောက်ရမယ့်အဖေက စောစောစီးစီးကွယ်လွန်သွားတဲ့အတွက်

ကျနော့်အတွက် ကျောင်းပြေးရတာ အခက်အခဲမရှိခဲ့ပါ။

ကျနော်ကျောင်းပြေးပေမယ့် သူငယ်ချင်းများမသိအောင် စာခိုးကျက်တတ်တာမို့

စာမေးပွဲတိုင်းမှာ ကျနော်အောင်တယ်။

အတော်ဆုံးအုပ်စုမှာ ကျနော်အမြဲပါတယ်။

ကျောင်းပြေးပေမယ့် စာတော်သူဖြစ်တဲ့အတွက် ဆရာမတွေကချစ်ကြပါတယ်။

အတန်းပိုင်ဆရာမဖြစ်သူ ဒေါ်အင်ဂျလင်းဘသော်က ခုနစ်တန်းအောင်တော့

အခြားကျောင်းပြောင်းနေဖို့အကြံပေးတယ်။

သူငယ်ချင်းတွေကို ခင်တတ်သူမို့

ရှစ်တန်းမှာဆက်နေလျှင် အောင်ဖို့မခက်သော်လည်း ထူးချွန်ဖို့ခက်ခဲနိုင်ကြောင်းပြောတယ်။

ဆရာမစကားကို နားထောင်တဲ့အနေနဲ့ကျောင်းထွက်လက်မှတ်ကိုယူလိုက်တယ်။

အမေတောင်မသိလိုက်ပါ။

ကျောင်းထွက်လက်မှတ်ကိုပြပြီး ဆရာမရဲ့ အကြံပေးစကားကို

အမေကိုပြောပြလိုက်တယ်။

ကျောင်းပြောင်းပေးရင်ပြောင်း၊

မပြောင်းပေးရင် အလုပ်လုပ်မယ်လို့ပြောတော့အမေက

အလုပ်လုပ်ရမယ့်အရွယ်လားလို့ပြောပြီးကျောင်းပြောင်းဖို့

အဆက်အသွယ်ရှာပါလေတော့တယ်။

အမေရဲ့ကြိုးစားပေးမှုကြောင့် ကျနော်ဟာ T.T.C (တီ.တီ.စီ)လို့ခေါ်တဲ့

ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းကိုပြောင်းခွင့်ရလိုက်ပါတယ်။

အခြားကျောင်းမှာ အတော်ဆုံးဖြစ်တဲ့ကျနော်ဟာ T.T.C မှာအညံ့ဆုံးဖြစ်နေပါတယ်။

အထူးသဖြင့် အင်္ဂလိပ်စာမှာ မလိုက်နိုင်လောက်အောင်ဖြစ်နေကြောင်းကိုတွေ့ရပါတယ်။

ကျောင်းပြောင်းမိတာမှားပြီလို့မကြာခဏတွေးမိပါတယ်။

ဘာဆက်လုပ်ရမှန်းလည်းမသိပါ။

နောက်ဆုတ်လို့လည်းမရတော့၊

ရှေ့တိုးဖို့ကလည်း အခက်အခဲပေါင်းများစွာ။

အရွယ်နဲ့မလိုက်အောင် စိတ်ရှုတ်၊စိတ်ညစ်ခဲ့ရပါတယ်။

ကျောင်းအုပ်ဆရာမကြီးဒေါ်သိန်းဟန်ရဲ့ဖိအားပေးမှုကြောင့် ရှေ့တိုးကြိုးစားခဲ့ရပါတယ်။

အဲဒီနှစ် ရှစ်တန်းစာမေးပွဲမှာ ဂုဏ်ထူးသုံးဘာသာထွက်သူ သုံးယောက်ထဲမှာ ကျနော်ပါခဲ့ပါတယ်။

ကျနော်အလွန်ကြောက်တဲ့အင်္ဂလိပ်စာ ဂုဏ်ထူးပါခဲ့ပါတယ်။

ဒါက အတိတ်ကာလက ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

အခု အမေရိကန်နိုင်ငံကိုရောက်လာပါတယ်။

အမေရိကန်ဆိုတဲ့အတိုင်း ကန်ချက်ပြင်းထန်လွန်းလှပါတယ်။

အင်္ဂလိပ်စကားပြောမရတဲ့အတွက် အလုပ်လျှောက်လိုက်တိုင်း

အစဉ်မပြေတာကများလာပါတယ်။

အနေနီးသူတွေကတောင်

အထင်သေးအမြင်သေးစကားတွေပြောလာတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။

ဘာဆက်လုပ်ရမလဲ။

နောက်ဆုတ်ဖို့ကလည်း သိပ်နောက်ကျသွားပြီ။

ရှေ့တိုးဖို့တစ်လမ်းသာရှိတော့တယ်။

အလုပ်ရှာတာလည်းကြာပြီ။

စကားပြောအခက်အခဲကြောင့် အလုပ်ကလည်းမရနိုင်။

ရှစ်တန်းကျောင်းသားဘဝကို ပြန်ပြောင်းသတိရလာမိတယ်။

ကြိုးစားဖို့မှ တစ်ပါးအခြားမရှိတော့။

Tuesday, June 7, 2011

“ ဘေးထွက်ဆိုးကျိုး…”



တစ်ခါတုန်းက

လူတစ်ယောက်ဟာ ကလေးနှစ်ယောက်ကို

လက်တစ်ဖက်တစ်ချက်စီမှာ ချီထားရင်း ဘူတာမှာ ရထားစောင့်နေပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ ချစ်စရာကလေးနှစ်ယောက်ကိုတွေ့တော့

ကလေးချီထားတဲ့လူကိုမေးပါတယ်။

“ ဒါလေးတွေက ရှင့်ရဲ့ကလေးတွေလား၊

သူတို့ရဲ့နာမည်ကဘယ်လိုခေါ်သလဲ”

ကလေးချီလာတဲ့လူကြီးက စပ်စုတဲ့အမျိုးသမီးကို ဒေါသနဲ့လှမ်းကြည့်ပြီး

“ ငါ မသိဘူး”

လို့ပြန်ပြောလိုက်ပါတယ်။

အမျိုးသမီးက

“ကလေးလေးတွေက ယောကျာ်းလေးလား၊

မိန်းကလေးလား”

ထပ်မေးပြန်ပါတယ်။

လူကြီးက ပိုဒေါသထွက်တဲ့မျက်နှာနဲ့ပြန်ကြည့်ပြီး

“ ငါ မသိဘူး”

လို့ပြန်ဖြေလိုက်ပြန်ပါတယ်။

အမျိုးသမီးက

“ ကိုယ့်ကလေးတွေရဲ့အကြောင်းကိုတောင်မသိဘူးဆိုတော့...

ရှင်က ဘယ်လိုအဖေမျိုးလဲ”

လို့အပြစ်တင်တဲ့လေသံနဲ့ပြန်ပြောလိုက်ပါတယ်။


ဒီတော့မှ လူကြီးက ပြန်ပြောလိုက်တာက

“ ငါက သူတို့တွေရဲ့အဖေ မဟုတ်ဘူး၊

ငါဟာ ကွန်ဒုံးအရောင်းသမားတစ်ယောက်သာဖြစ်တယ်။

အခုဟာတွေက ကွန်ဒုံးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့

ကွန်ဒုံးကုမ္ပဏီကိုပြန်အပ်လိုက်တဲ့ပစ္စည်းတွေဖြစ်တယ်”


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com