Saturday, October 24, 2009

သစ်တစ်ပင်ကောင်း.....ငှက်တစ်သောင်းမကနား....



တစ်ခါတုန်းက အသက်(၁၂)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ

တံဆိပ်ခေါင်းစုဖို့ ဝါသနာပါတယ်။

မိဘဆီမှာ လက်ဖြန့်မတောင်းချင်ဘူး။

ကိုယ့်အားကိုယ်ကိုးချင်တယ်။

ဒါကြောင့် တရုတ်စားသောက်ဆိုင် တစ်ဆိုင်ကို သွားပြီး

ပန်းကန်ဆေးတဲ့ အလုပ်ကိုမရှက်မကြောက်လုပ်ခဲ့တယ်။

အဲဒီက ရတဲ့ငွေ နဲ့ တံဆိပ်ခေါင်းဝယ်တယ်။ စုတယ်။

နောင် နှစ်အနည်းငယ်ကြာတော့ တံဆိပ်ခေါင်း လေလံတင်တဲ့ လုပ်ငန်းကို စ တင်ခဲ့တယ်။

အဲဒီကောင်လေး အသက်(၁၆)နှစ်ရှိလာတော့

သတင်းစာတစ်စောင်ကို ကော်မရှင်ယူပြီး ရောင်းခဲ့ပြန်တယ်။

သတင်းစာရောင်းလို့ရတဲ့ ငွေနဲ့ကွန်ပျူတာ၊ ကားနဲ့စတီရီယို ကက်ဆက်တို့ စတဲ့ သူလိုချင်သမျှပစ္စည်းတွေကို သူ့ငွေနဲ့သူ ဝယ်လာနိုင်ပါတယ်။

အသက်(၁၉)နှစ်မှာ တက္ကသိုလ် ရောက်နေပြီ။

အဲဒီအချိန်မှာ သူ့အဆောင် အခန်းကနေကွန်ပျူတာတွေ ထုတ်ရောင်းနေပြီ။

သူ့မိဘများက သားကို စီးပွားရေး သိပ်မလုပ်နဲ့၊

တက္ကသိုလ်ကို ဆက်တက်ပါ လို့ တိုက်တွန်းပေမဲ့

သူကတော့ ကျောင်းထွက်ပြီး စီပွားရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ သူ့လက်ထဲမှာလည်း ဒေါ်လာငွေ တစ်ထောင်လောက်ပဲရှိပါတယ်။

မိုက်ကယ်ဒဲလ်က ကွန်ပျူတာနဲ့ပက်သက်တဲ့ စာစောင်၊မဂ္ဂဇင်းတွေကို ကြိုးစားပြီးလေ့လာပါတယ်။နည်းလမ်းမျိုးစုံ စမ်းသပ်တယ်။

မိုက်ကယ်ဒဲလ်က

“ကျနော်တို့ လုပ်ငန်းမှာ အကောင်းဆုံးနဲ့ အားအသာဆုံး အချက်ကတော့

ကျနော်တို့က သတင်းကို ချက်ချင်း ရတာပါပဲ၊

ကျနော်တို့က ဝယ်သူတွေဆီက

နေ့စဉ်နေ့တိုင်း သတင်းတွေ အမြဲတမ်းယူနေတာပါ။


”မိုက်ကယ်ဒဲလ်က ”

“အခက်အခဲတွေ ဘယ်လိုတွေ့တွေ့

ကျနော်တို့ ကုမ္ပဏီအနေနဲ့ မှန်တာ၊ သင့်လျော်တာကိုပဲ လုပ်မယ်၊

ပစ္စည်းဝယ်တဲ့သူတွေဟာ စိတ်ချမ်းသာစေရမယ်ဆိုတဲ့မူကိုတော့

အပျက်မခံပါဘူး” ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားခဲ့ပါတယ်။

အဲဒီလိုနဲ့ သူ့အသက်(၃၅)နှစ်အရွယ် ရောက်လာတဲ့အခါမှာတော့

သူ့နာမည်နဲ့ နိုင်ငံတကာ ကွန်ပျူတာကော်ပိုရေးရှင်းကြီးကို ပိုင်ဆိုင်လာပြီး ဒေါ်လာဘီလီယံပေါင်းများစွာကြွယ်ဝချမ်းသာလာတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာပါတယ်။

သူ့နာမည်ကတော့ မိုက်ကယ် အက်စ် ဒဲလ် (Michael S. Dell) ဖြစ်ပါတယ်။

အသက်(၄၀) မပြည့်ခင်မှာပဲ သူ့ရဲ့ DELL ကုမ္ပဏီမှာ ဥက္ကဌအဖြစ်ရော၊

အမှုဆောင်အရာရှိချုပ် (CEO) အဖြစ်ပါ တာဝန်ယူထားပါတယ်။

အခုဆိုရင် DELL ကုမ္ပဏီ ရဲ့ တစ်နေ့ကို ပျမ်းမျှခြင်းရောင်းရတဲ့

တန်ဖိုးက ဒေါ်လာ သန်း (၅၀)ဖိုးလောက် ရှိပါတယ်။

DELL ကုမ္ပဏီဟာ နိုင်ငံပေါင်း (၁၇၀)ကျော်မှာ

ဝန်ထမ်းပေါင်း သုံးသောင်း သုံးထောင်ကျော်နဲ့ လှုပ်ရှားလည်ပတ်နေပါပြီ။

ကြီးပွားချင်တဲ့ လူများအတွက် သူပေးလိုက်တဲ့ အကြံ ဥာဏ် ကတော့

“ပထမအချက်အနေနဲ့ပြောရရင်

စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တော့မယ်ဆိုရင် လူတကာ လုပ်နေတာပဲ၊

သူတို့လည်း ပိုက်ဆံရတာပဲ၊

ငါလည်း ရအောင်လုပ်ကြည့်ဦးမှပဲဆိုပြီး မလုပ်ပါနဲ့။


လုပ်ငန်းတစ်ခု စချင်ရင် ကိုယ်က ဒီအလုပ်ကို နှစ်သက်တယ်ဆိုမှ လုပ်ပါ။


ပြီးတော့

ဒါကို လုပ်ဖို့ကိုယ်ကလည်း ဆန္ဒပြင်းပြနေတယ်ဆိုမှ လုပ်ပါ။

ကိုယ်လုပ်မယ့်လုပ်ငန်းက တခြားဘယ်သူနဲ့မှ မတူဘူး၊

ကိုယ်က သူများထက်သာအောင် လုပ်နိုင်မယ်ဆိုရင်လည်း လုပ်ပါ။

နောက်ပြီးတော့

ကိုယ် သိပ်ကိုလုပ်ချင်တဲ့ လုပ်ငန်းက လူ့အဖွဲ့အစည်း အတွက် အတော်ကြာကြာ အကျိုးပေးမယ့် လုပ်ငန်းမျိုးဆိုရင်လည်း လုပ်ပါ”


မြန်မာလူငယ်တိုင်း ကိုယ့်အားကိုယ်ကိုးပြီး တိုးတက်နိုင်ကြပါစေ။

Sunday, October 18, 2009

တစ်ချိန်တုန်းက...အချမ်းသာဆုံးပုဂ္ဂိုလ်...



တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးအကြောင်း၊
ကြားဖူးကြမှာပါ။

သူဌေးကြီး ဂျွန်ဒီရော့ကဖဲလား ဆိုတာလေ။

သူ့ခေါင်းထဲမှာ တစ်ချိန်လုံး ငွေအကြောင်းပဲ တွေးနေတယ်။

အမြဲတမ်း ငွေအတွက်ပဲ စိုးရိမ်ပူပန်နေတယ်။

ငါ့ကို ဘယ်သူတွေက လိမ်မလဲ?

ငါ ခိုင်းထားတဲ့ ဘယ်သူတွေက သစ္စာဖောက်သွားမလဲ?

အမြဲ တကြောင့်ကြကြ ဖြစ်နေတော့ သူက ပိုက်ဆံရှိပေမယ့် စည်းစိမ်မခံနိုင်ဘူး။

တကယ်တော့ သူ ဟာငွေကိုမပိုင်၊

ငွေကသာ သူ့ကိုပိုင်ပြီး သူ့အရှင်သခင်ဖြစ်သွားတယ်။

သူ့မှာ ငွေတွေကုန်သွားမှာ၊

စီးပွားပျက်သွားမှာ ကြောက်တဲ့စိတ်တွေ နှိပ်စက်တဲ့အတွက်

စိတ်ထောင်းကိုယ်ကြေ ဆိုတာလိုဖြစ်ပြီးခန္ဓာကိုယ်မှာ ရောဂါတွေ ဝင်လာတယ်။

အစာအိမ်က ခံနိုင်ရည်မရှိ ဖြစ်လာတယ်။

အစာအိမ်ရောဂါကြောင့် နို့နဲ့ပေါင်မုန့်ကလွဲပြီး ဘာမှမစားနိုင်ဘူး။

သူခိုင်းထားတဲ့ အနိမ့်ဆုံး အဆင့်ဝန်ထမ်းကမှ

သူ့ထက်စားနိုင်၊သောက်နိုင် ကောင်းကောင်းမွန်မွန် နေနိုင်သေးတယ်။


သူနဲ့သူ့ဝန်ထမ်းကလေး ဘယ်သူက ပိုချမ်းသာသလဲ စဉ်းစားစရာပါ။


ချမ်းသာအောင် လုပ်တာကို အပြစ်တင်နေတာ မဟုတ်ပါဘူး။
ချမ်းသာလာတဲ့အခါ တစ်ဖက်က အတောမတတ်နိုင်တဲ့ လောဘစိတ်၊
အခြားတစ်ဖက်က ရှာထားတဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားမှာ ကြောက် တဲ့စိတ်၊
နှစ်ဖက်ညှပ်တိုက်တဲ့အခါ ငွေရဲ့ကျေးကျွန်ဖြစ်သွားတတ်တာကို သတိပေးနေတာပါ။
လောဘစိတ်နဲ့ကြောက်စိတ် နှစ်ဖက်ညှပ်တိုက်လို့ ခံနိုင်တဲ့သူဆိုတာ မရှိပါဘူး။
အနည်းဆုံးတော့ ကျန်းမာရေးပျက်စီးသွားမှာ သေချာတယ်။
နောက်တစ်ဆင့်ကတော့ စိတ်ချမ်းသာမှုဆုံးရှုံးသွားဖို့သေချာပါတယ်။
ကျန်းမာရေးနဲ့စိတ်ချမ်းသာမှု အဆုံးရှုံးခံပြီး ရလာတဲ့ငွေဟာ
ကိုယ့်ဘဝအတွက်တန်သလားလို့အမြဲတမ်းမေးသင့်ပါတယ်။

စိတ်ချမ်းသာပျော်ရွှင်မှု ဆုံးရှုံးသွားရင်
အရာအားလုံးကို ဆုံးရှုံးသွားတတ်တယ်ဆိုတာကို မမေ့ဖို့ပြောချင်တာပါ။

လူသားတိုင်း ကိုယ်၊စိတ် နှစ်ပါးစလုံး ချမ်းသာရင် အကောင်းဆုံးပါပဲ။




အမှတ်တရလားကွယ်?




ဆေးခန်းတစ်ခုရှေ့တွင် လူနာအများအပြားစောင့်နေကြတယ်။
ဆရာဝန်ကြီးကမလာသေးပါ။
ခန္ဓာဗေဒကို စိတ်ဝင်စားစေလိုသောစေတနာဖြင့်
လူအရိုးစုတစ်ခုကို ဆေးခန်းထဲတွင်ချိတ်ဆွဲထားပါတယ်။
လူနာနှစ်ဦးပြောသောစကားကိုကြားလိုက်ရတာကတော့

“ဒီဆရာဝန်က သူရဲ့ဆေးခန်းထဲမှာ လူအရိုးစုကို ဘာဖြစ်လို့ ချိတ်ဆွဲထားရတာလဲ?”

“မပြောတတ်ဘူးလေ၊
ဖြစ်နိုင်တာကတော့ သူ့ရဲ့ပထမဦးဆုံး လူနာဖြစ်မယ်ထင်တယ်။”

နောက်နေ့မှစပြီး လူအရိုးစုကို မတွေ့ရတော့ပါ။ ။

Saturday, October 17, 2009

အပြောထက်...အလုပ်ခက်...



တစ်ခါတုန်းက လူတစ်ယောက်ဟာ ပင်လယ်ကမ်းစပ်နားမှာ
ပေါက်တူးတစ်လက်နဲ့ မြေကြီးကိုပေါက်နေတယ်။
အတန်ကြာတော့ မောမောနဲ့ ကုန်းကမူလေး တစ်ခုမှာထိုင်နားနေတယ်။
အဲဒီအချိန်မှာပဲ ရွက်သဘောင်္တစ်စင်းဟာ ရွက်လွှင့်သွားတာကို ထိုင်ကြည့်နေမိတယ်။ ရွက်သဘောင်္ဟာ တဖြည်းဖြည်းနဲ့ ဝေးသထက်ဝေးသွားတယ်။
ပြီးတော့ ပင်လယ်အောက်ကို ငုပ်ပြီးပျောက်ကွယ်သွားတယ်။
(အဲဒီအချိန်တုန်းက ကမ္ဘာကြီးဟာပြားတယ်လို့ လူအများက ယုံကြည်နေတဲ့အချိန် ဖြစ်ပါတယ်။ ) အဲဒီလူဟာအတွေးတစ်ခုဝင်လာပါတယ်။
ပေါက်တူးလက်ကိုင်ရိုးပေါ်မှာ လက်ညှိုးတင်ပြီးလှည့်ကြည့်မိတယ်။
သဘောင်္ဟာပင်လယ်ထဲကို ငုပ်ပြီးပျောက်ကွယ်သွားတဲ့အတွက်
ကမ္ဘာကြီးဟာပြားတာမဖြစ်နိုင်ဘူး၊
ကမ္ဘာကြီးဟာလုံးတာဖြစ်နိုင်တယ် ဆိုတဲ့ အတွေးပါပဲ။
အဲဒီအတွေးကအစပြုပြီးသက်သေပြနိုင်အောင် သူကြိုးစားခဲ့တယ်။
အစဦးမှာ သူစကားကို ဘယ်သူမှ မယုံကြည်ခဲ့ပါဘူး။
သူရဲ့စိတ်အားထက်သန်မှုကြောင့် မယုံကြည်သော်လည်း ကူညီသူပေါ်လာခဲ့တယ်။
အဲဒီလူဟာ ကိုလံဘတ်ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။
ကိုလံဘတ်ဟာ အခက်အခဲမျိုးစုံကို ရင်ဆိုင်ပြီး စတင်ထွက်ခွာရာအရပ်ကို
သဘောင်္နဲ့ ပြန်ရောက်အောင် ပြန်လာနိုင်ခဲ့ပါတယ်။
ကိုလံဘတ်က အတွေးတစ်ခုက အစပြုပြီး
ကမ္ဘာကြီးဟာ လုံးဝန်းကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ု
ကိုလံဘတ် ပြန်ရောက်ပြီးနောက် သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုပါတယ်။
သူ့ကိုဂုဏ်ပြုတဲ့ ဧည့်ခံပွဲမှာ တက်ရောက်လာတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ဦးက
“ ကိုလံဘတ်မှ လုပ်နိုင်တာမဟုတ်ပါဘူး၊
သူလုပ်မယ်ဆိုရင်လည်းဖြစ်နိုင်တဲ့အလုပ်မျိုးပါ” ဟု အော်ကြီးဟစ်ကျယ် ထပြောပါတယ်။
ကိုလံဘတ်ကတော့ ဘာမှ မပြောပါဘူး။
သူ့ရဲ့လက်ထဲမှာရှိတဲ့ ကြက်ဥတစ်လုံးကို မှန်စားပွဲပေါ်မှာ ဘယ်သူထောင်နိုင်သလဲ? လို့မေးလိုက်ပါတယ်။
ဧည့်ခံပွဲကိုတက်ရောက်လာတဲ့ လူတွေ တစ်ယောက်ပြီးတစ်ယောက် ကြက်ဥကိုထောင်ကြည့်ကြပါတယ်။
အော်ကြီးဟစ်ကျယ်ပြောတဲ့လူလည်းထောင်ကြည့်ပါတယ်။
ဒါပေမဲ့ မထောင်နိုင်ပါဘူး။
နောက်ဆုံး ဘယ်သူမှ မထောင်နိုင်တဲ့အခါကျမှ ကိုလံဘတ်ဟာ
ကြက်ဥရဲ့ဖင်ပိုင်းဖြစ်တဲ့ လုံးတဲ့အပိုင်းကို ဆတ်ကနဲ ဆောင့်ချလိုက်တဲ့အခါ
ကြက်ဥ ဟာမှန်စားပွဲပေါ်မှာ ထောင်နေတာကို အားလုံးက တွေ့ရပါတော့တယ်။
စိတ်ဓါတ်အရည်အသွေးပြည့်ဝတဲ့ လူတွေရဲ့လုပ်ရပ်ကို စိတ်ဓါတ် ခပ်ညံ့ညံ့ လူတွေက ကဲ့ရဲ့ပြစ်တင်ရှုတ်ချတတ်တာကို
ကိုလံဘတ်ဟာ အပြောထက် အလုပ်ခက်တယ်ဆိုတာကို
ထပ်မံ သက်သေပြ နိုင်ခဲ့ပြန်ပါတယ်။
ကဲ…ကိုလံဘတ်ကို လေးစားစွာဂုဏ်ပြုသောအားဖြင့်
ကျနော်တို့တတွေ အပြောလျှော့ပြီး အလုပ်များများ လုပ်ကြရအောင်လားခင်ဗျာ။




Saturday, October 10, 2009

အရူးကိုတော့...ကြောက်တယ်



တစ်ခါတုံးကပေါ့။

ကျနော် ဆေးကျောင်းသားဘဝကအဖြစ်အပျက်တစ်ခုအကြောင်းပါ။

နောက်ဆုံးနှစ်အပိုင်း(ခ)ရောက်နေပြီ။

ဟိုတုံးကတော့ အရူးထောင် လို့ခေါ်ပါတယ်။

နောက်ပိုင်း နာမည်ပြောင်းလိုက်တော့ “စိတ္တဇ ဆေးရုံ” ဖြစ်လာပါတယ်။

တစ်နေ့တော့ အဲဒီ စိတ္တဇ ဆေးရုံကိုရောက်ချိန်မှာ လူအုပ်ကြီးကိုတွေ့ရတယ်။

လူအုပ်ထဲမှာ ဆရာဝန်တွေ၊ သူနာပြုဆရာ/ဆရာမတွေ၊ လူနာတွေ၊အများအပြားကိုတွေ့ရတယ်။ အားလုံးသောလူတွေကလည်း အပေါ်မော့ကြည့်နေတာတွေ့တော့ ကျနော်လည်း မော့ကြည့်လိုက်တဲ့အခါ လူနာတစ်ယောက်က သစ်ပင်ကြီးရဲ့ထိပ်ဖျားပေါ်ကိုတက်နေလေရဲ့။

ဆရာဝန်ကြီးက အောက်ကိုဆင်းခဲ့ဖို့အော်ပြောနေတယ်။

ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့အမျိုးမျိုးပြောပါတယ်။

လူနာကတက်မြဲတက်နေပါတယ်။

သူနာပြုဆရာတွေ၊ ဆရာမတွေက လည်း တစ်ယောက်ပြီးတစ်ယောက် အောက်ကိုဆင်းခဲ့ဖို့အော်ပြောကြပါတယ်။

လူနာကခေါင်းတစ်ခါခါနဲ့ တက်မြဲတက်နေပါတယ်။

လူနာက ပြောတာကိုကြားပေမဲ့ နားမထောင်ပါဘူး။

စိတ္တဇ ဝေဒနာရှင် လူနာအတွက် ပြုတ်ကျနိုင်တဲ့ အန္တရာယ်ကလည်း နီးသထက်နီးလာပါတယ်။ အဲဒီအချိန်မှာဘဲ နှစ်ကြီးသမား လူနာတစ်ဦးက

“ ဟေ့ကောင်….ဝင်းရွှေ…ဒီမှာ တွေ့လား ငါ့လက်ထဲမှာ လွှ၊

တစ်….နှစ်….သုံး…၊ အော်လို့မှ ဆင်းမလာရင်

သစ်ပင်ကို လွှနဲ့တိုက်ဖြတ်ပစ်မယ်။ မင်းသေဖို့သာမှတ်ပေတော့။”

လူနာရဲ့လက်ထဲကလွှဆိုတာကို လှမ်းကြည့်လိုက်တော့ ဆေးပုလင်းများကို ဖြတ်သောလွှသေးသေးလေးကိုတွေ့လိုက်ရတယ်။

လူအများ၏မျက်နှာများဟာ ပြုံးစိစိဖြစ်ကုန်ကြတယ်။

အသံထွက်အောင်တော့မရီကြပါ။ ထို့နောက်မှာတော့

“တစ်……..”

“နှစ်……….”

အော်သံကိုကြားရတယ်။

သစ်ပင်ပေါ်က လူနာက

“ နေအုံး နေအုံး ဆင်းမယ်…ဆင်းမယ် ” ဆိုကာဆင်းလာပါတော့တယ်။

လူနာအောက်သို့ရောက်သောအခါ ဆရာဝန်ကြီးက

”မင်းကွာ…ငါခေါ်တော့ ဆင်းမလာဘဲနဲ့ သူခေါ်မှ ဘာကြောင့်ဆင်းလာရသလဲ?”

လူနာဝင်းရွှေ ပြန်ပြောတဲ့စကားက

”ဆရာကလူကောင်း၊ ဘာဘဲပြောပြော တကယ်လုပ်မှာမဟုတ်ဘူး၊

ဟိုကောင်ကအရူး၊

တကယ်လုပ်မဲ့အကောင်၊လွှနဲ့တကယ်ဖြတ်မှာသေချာတယ်။

ဒါ့ကြောင့်ဆင်းလာရတာပေါ့။”

ထိုအခါမှပင် လူအများတို့ဟာ လွတ်လပ်ပေါ့ပါးစွာ ရီမောနိုင်ပါတော့တယ်။

Tuesday, October 6, 2009

ဆရာများလို့ ယောကျာ်းသေတာလား?




တစ်ခါတုန်းက အမျိုးသားလူနာတစ်ယောက်ဟာ
အရက်တွေအသောက်လွန်ပြီး အသည်းရောဂါနဲ့

ဆေးကုခံဖို့
မြို့ပေါ်တက်သွားပါတယ်။
မြို့ပေါ်မှာရှိတဲ့ အထူးကုဆရာဝန်ကြီးတွေတစ်ဦးပြီးတစ်ဦးပြကြည့်ပါတယ်။
အထူးကုဆရာဝန်ကြီး လေးယောက်ရဲ့ကုသမှုခံပြီးနောက်မှာတော့
လူနာဟာ ကွယ်လွန်သွားပါတယ်။
အသုဘမှာ ကွယ်လွန်သူရဲ့ဇနီးကို အားပေးဖို့သွားတွေ့တော့
သူမပြောတဲ့စကားကြောင့်
ကျနော် ဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားရပါတယ်။
သူမပြောတဲ့စကားကတော့
“လေးယောက်နဲ့တစ်ယောက်ဆိုတော့လဲ
သူဘယ်ခံနိုင်တော့မလဲဆရာရယ်”
တဲ့။
ပြီးတော့ သူမ အားရပါးရငိုပါတော့တယ်။
ကျနော်မှာ ငိုရမလို၊ ရီရမလိုဖြစ်ရပါတယ်။

သီလရှိတော့...စိတ်ကြည်..



သီလရှိတော့ စိတ်ကြည်၊
စိတ်ကြည်တော့ ဝမ်းမြောက်၊
ဝမ်းမြောက်တော့ နှစ်သက်၊
နှစ်သက်တော့ ငြိမ်းအေး၊
ငြိမ်းအေးတော့ ချမ်းသာ၊
ချမ်းသာတော့ တည်ကြည်၊
တည်ကြည်တော့ အမြင်မှန်၊
အမြင်မှန်တော့ ငြီးငွေ့၊
ငြီးငွေ့တော့ မဂ်မြင်၊
မဂ်မြင်တော့ ဖိုလ်ရောက်၊

တည်တောဆရာတော်ဘုရား

သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ

...................................................................................................................................................................

တစ်နေ့တော့ စံကင်းဆရာတော်ဘုရားဆီကို
ဦးနုနဲ့အဖွဲ့ ရောက်လာကြပါတယ်။

အဲဒီအချိန်မှာ ဆရာတော်ဘုရားက သက်တော် (၉၂) နှစ် ရှိနေပြီ။ ရွှေကျင်သာသနာပိုင်လည်းဖြစ်နေပြီ။
ဆရာတော်ဘုရားက ဦးနုမေးတဲ့မေးခွန်းကိုဖြေရင်းနဲ့
ပုံပြင်တစ်ပုံကို ပြောပြပါတယ်။

" ရှေးက မင်းရယ်(အစိုးရရယ်)၊ ဘုန်းကြီးရယ်၊ လူထုရယ်
ဘယ်သူတရား(သီလ)ရှိ/မရှိ သိရအောင်
တရား(သီလ)ရှိတဲ့ သူရဲ့ဆန်ထုပ်က
ပြုတ်ရင်နပ်မှာပဲဆိုပြီး

ဆန်ထုပ်သုံးထုပ်ပြုတ်ကြသတဲ့။
ပြုတ်ပြီး အားလုံးဆယ်ကြည့်ကြတော့ တစ်ထုပ်မှ မနပ်ဘူးဆိုဘဲ "

သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ
....................................................................................................

ဆရာတော်ဘုရားက
တိုင်းပြည်တစ်ခု တိုးတက်ဖို့ ဆိုရင်
မင်းကော၊ ရဟန်းကော၊ ပြည်သူကော

တရား(သီလ)ရှိဖို့
သိမ်သိမ်မွေ့မွေ့ဟာသဆန်ဆန် ပုံပြင်လေးနဲ့
သြဝါဒ ပေးထားတာပါ။

ကိုယ့်တိုင်းပြည် တကယ်တိုးတက် ကြီးပွားစေချင်ရင်
ရဟန်းရော၊ မင်းရော၊ပြည်သူရော
သီလကို

အထူးစောင့်ထိန်း ပေးကြရမှာပါ။

သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ သီလ .........................................................................................................

သီလကို ပါရမီဖြစ် ကုသိုလ်ဖြစ်ပဲ ပူဇော်ပူဇော်၊
ပြဿနာကို ဖြေရှင်းဖို့အတွက်ပဲ ပူဇော်ပူဇော်၊
ဘဝမှာ မလုပ်ဖူးသေးတဲ့ ကုသိုလ်တစ်ခုကို

လုပ်ကြည့် လိုက်တာတော့ အကောင်းဆုံးပါပဲ။


{ ရဝေနွယ်(အင်းမ)၏ မြင့်မြတ်သူတို့ရဲ့အလုပ်စာအုပ်မှ.........}

Sunday, October 4, 2009

လဲကျတိုင်း.....ပြန်ထပါ။




လူတစ်ယောက်ရဲ့အကြောင်းကို ပြောပြချင်ပါတယ်။
သူ့ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြည့်လိုက်ပါ။
ဘယ်သူလဲဆိုတာ ဖတ်ကြည့်ရင်း စဉ်းစားကြည့်ရအောင်။

အသက် ၂၁ နှစ်မှာ....................စီးပွားရေးလုပ်တယ်။ အကြီးအကျယ် ရှုံးတယ်။
အသက်၂၃ နှစ်မှာ.....................ဥပဒေပြုကောင်စီမှာ ၀င်ပြိုင်တယ်။ အရွေးမခံရ။ ရှုံးတယ်။
အသက်၂၅ နှစ်မှာ.....................စီးပွားရေးထပ်လုပ်ပြန်တယ်။ ထပ်ရှုံးပြန်တယ်။
အသက်၂၆နှစ် မှာ.....................အလွန်ချစ်ရတဲ့ချစ်သူ ကွယ်လွန်သွားတယ်။
အသည်းကွဲတဲ့ဝေဒနာကိုအကြီးအကျယ် ခံစားရတယ်။
အသက်၂၇ နှစ်မှာ......................သွက်ချာပါဒဖြစ်သွားတယ်။
အသက်၂၉နှစ် မှာ......................ပါတီပြောရေးဆိုခွင့်ရှိသူ နေရာအတွက် ၀င်ပြိုင်တယ်။ အရွေးမခံရပါ။
အသက်၃၄ နှစ်မှာ.................ကွန်ဂရက်အောက်လွှတ်တော်မှာ ၀င်ပြိုင်ပြန်တယ်။ အရွေးမခံရပါ။
အသက် ၃၇ နှစ်မှာ................အကြိမ်ကြိမ်ဝင်ပြိုင်ရင်း အောက်လွှတ်တော်အမတ်ဖြစ်လာတယ်။
အသက် ၃၉ နှစ်မှာ................အောက်လွှတ်တော်ရွေးကောက်ပွဲ မှာ ထပ်အရွေးခံရဖို့
ပါဝင်ယှဉ်ပြိုင်ပြန်တယ်။ ရှုံးတယ်။
အသက် ၄၆ နှစ်မှာ................ဆီးနိတ် အထက်လွှတ်တော်မှာ ၀င်ပြိုင်တယ်။ အရွေးမခံရပါ။
အသက် ၄၇ နှစ်မှာ................ဒုတိယ သမ္မတအဖြစ် ၀င်ယှဉ်ပြိုင်တယ်။ အရွေးမခံရပါ။
ဒီလောက်တောင်ဆက်တိုက်ဆိုသလို ရှုံးနိမ့်သူ ဟာဘယ်သူဖြစ်မယ်
ထင်ပါသလဲ ?
ခပ်ညံ့ညံ့ထဲကလို့ မထင်လိုက်ပါနဲ့။
အသက် ၅၁ နှစ်မှာ................အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီးဖြစ်လာပါတယ်။

ဒီလောက်ဆိုရင် သူဟာဘယ်သူလဲ သိလောက်ပြီထင်ပါတယ်။
သူရဲ့နာမည်ကတော"့ အီဗရာဟင်လင်ကွန်း " ဖြစ်ပါတယ်။


ကျနော်တို့တတွေ သူလောက် နီးပါး အရှုံးတွေနဲ့ နဘမ်းလုံးနေရပါသလား?
အရှုံးတွေ နည်းလို့သူလောက် မအောင်မြင်တာလားလို့လဲ တွေးစရာပါ။
ငယ်စဉ်တုံးက လမ်းလျှောက်သင်ကာစ မှာ လဲကျတိုင်း ပြန်ထခဲ့တယ်။
လဲကျ-ပြန်ထ...၊
လဲကျ-ပြန်ထ...၊
လဲကျ-ပြန်ထ...၊
လဲကျ-ပြန်ထ...၊
အကြိမ်ကြိမ် လဲကျတိုင်း အကြိမ်ကြိမ် ပြန်ထရင်းနဲ့ လမ်းလျှောက်တတ်ခဲ့တယ်။
အသက်ကလေး နည်းနည်းရတာတော့ လဲကျပြီးဆိုရင် ပြန်မထချင်တော့ဘူး။
ဘာမဆို လွယ်လွယ်လေးနဲ့ အရှုံးပေးချင်တဲ့စိတ်က အကျင့်ပါပြီး
အောင်မြင်မှုနဲ့ဝေးနေရတာပါ။
မကောင်းတဲ့အကျင့်ကို ဖျောက်ပစ်ရင် ရပါတယ်။
လဲကျရင်... လဲကျမှန်းသိဖို့လိုပါတယ်။
ပြီးတော့.... လဲကျတဲ့နေရာက သဲတစ်ဆုပ်ကို ဆုပ်လိုက်ပါ။
ပြီးတော့.... အားယူပြီး ကျုံးရုန်းထလိုက်ပါ။
အောင်မြင်မှုဟာ လက်တစ်ကမ်းမှာဘဲရှိတယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။

Saturday, October 3, 2009

အားနာတော့...ခါးပါသွားသတဲ့....


ိုရှေးရှေးတုန်းက...အလွန်ချစ်ကြတဲ့ သူငယ်ချင်း နှစ်ယောက်ရှိကြတယ်။

အလွန်ချစ်ကြတာကြောင့် သားသမီးတွေရလာရင် ပေးစားဖို့အထိ ကတိပြုကြတယ်။

ခက်တာက နှစ်ယောက်စလုံးဟာ သမီးတွေချည်းမွေးလာတော့ စိတ်ညစ်ကြတာပေါ့။

သမီးတွေက အရွယ်ရောက်လာတော့  ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့

ဘယ်လိုမှ မဖြစ်နိုင်တာမို့သူငယ်ချင်းနှစ်ယောက်စလုံး စိတ်ညစ်ကြတယ်။

အဖေတွေ စိတ်ညစ်နေတဲ့အကြောင်းကို သမီးတွေကသိတော့

အဖေတွေကို စိတ်ချမ်းသာ စေချင်တာပေါ့။

သမီးတစ်ယောက်က ကြံရာမရဖြစ်ပြီး ညောင်ပင်ကြီးတစ်ပင်အောက်သွားပြီး

ယောင်္ကျားလေးဖြစ်ချင်တဲ့ အကြောင်းဆုတောင်းတယ်။

အဲဒီညောင်ပင်ကြီးမှာ စောင့်နေတဲ့ ရုက္ခစိုးက

အရမ်းလည်း အားနာတတ်သတဲ့။

အမျိုးသမီးလေးက ခဏခဏလာပြီး ဆုတောင်းနေတာတွေ့တော့

အောက်ပိုင်းကို သုံးလလဲဖို့သဘော တူလိုက်သတဲ့။

အဲဒီအချိန်မှာဘဲ မိန်းမဖြစ်သွားတဲ့ ရုက္ခစိုးကို

ထိန်ပင်စောင့်နေတဲ့ လူပျိုကြီး ရုက္ခစိုးက

အသစ်ကလေး ရောက်လာတယ် ထင်ပြီး ရုက္ခစိုးမကို နောက်ပိုးလိုက်တာ

သူတို့နှစ်ယောက် ငြိပြီး မကြာခင်မှာဘဲ အမျိုးသမီးအသွင်ပြောင်းနေတဲ့

ရုက္ခစိုးမဟာ

ကိုယ်ဝန်ရသွားတာပေါ့။

သုံးလပြည့်တော့ မိန်ကလေးဟာ သူမရဲ့ ကတိအတိုင်းပဲ အောက်ပိုင်းလာလဲပါတယ်။

အဲဒီအချိန်မှာ ခါးတုတ်နေတဲ့ ရုက္ခစိုးမကိုတွေ့တော့ သူမရဲ့

အောက်ပိုင်း မဟုတ်ဘူးဆိုပြီး ငြင်းတော့တာပေါ့။

ဒါနဲ့ပဲ အားနာတဲ့ အတွက် " ခါး "ဟာသူများနောက် ပါသွားတော့တာပေါ့။


ကျနော်တို့ လူမျိုးဟာ အလွန် အားနာတတ်ကြပါတယ်။

အားနာတာနဲ့ စိတ်ကောင်းရှိတာလည်း ရောထွေးနေကြပါတယ်။

အားနာတာဟာ ကြောက်ခြင်းတစ်မျိုးပါပဲ။

အားနာတာဟာ စိတ်ဓါတ်ပျော့ညံ့တာပါ။

အားနာတဲ့အတွက် ကိုယ့်အကျိုးထိခိုက်တာများပါတယ်။

စိတ်ကောင်းစေတနာကောင်းရှိလို့ကိုယ့်အကျိုးထိခိုက်ပေမဲ့ ကျေနပ်တယ်။

အားနာလို့ကိုယ့်အကျိုးထိခိုက်တာက မကျေမနပ်ဖြစ်စေပါတယ်။

အားနာတာဟာ သတ္တိမရှိတဲ့၊ ပျော့ညံ့တဲ့၊ လားရာအမြင်ကင်းမဲ့တဲ့

ခပ်ညံ့ညံ့ ကိုယ်ရည်ကိုယ်သွေး

တစ်ခုလို့သိတဲ့အချိန်ကစပြီး ဘယ်သူမဆို ပြုပြင်နိုင်ပါတယ်။

ဒီနေ့ကစပြီး ကိုယ်မလုပ်နိုင်တဲ့၊ ကိုယ်မတတ်နိုင်တဲ့ ကိစ္စကို "ဟင့်အင်း" လို့

လိမ်မာပါးနပ်စွာ ငြင်းကြည့်ရအောင်။

လူကြီးမင်း...တစ်ခါငြင်းလိုက်နိုင်တိုင်း

တစ်ခါ စိတ်ချမ်းသာလာပါလိမ့်မယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com