Sunday, January 27, 2013

"အမေ့ထံသို့ ပေးစာများ-၇၂..."




သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အမေများနေ့ဟာ တစ်နှစ်မှာ တစ်ရက်ပဲရှိတယ်။
ကျနော့်အတွက်တော့ အမေများနေ့ဟာ တစ်နှစ်လုံးရှိနေတယ်။
အမေ့ကို နေ့တိုင်း သတိရတယ်။
ဘာဘဲလုပ်လုပ် အမေ့စကားကို နေ့တိုင်းကြားတယ်။
ဘယ်ပဲသွားသွား အမေ့အားပေးစကားကြောင့် သွားရဲနေတာ။
ရှေ့တိုးဖို့ ကြုံလာတိုင်း အမေ့စကားကြောင့် ရှေ့တိုးဖြစ်နေတာ။
ဘာပဲစားစား အမေ့ကို သတိရတယ်။
အော်…သတိရတုန်း ပြောရဦးမယ်။
ချီကာဂို သွားတဲ့အကြောင်း။


ကမ္ဘာပေါ်မှာ အမြင့်ဆုံးစာရင်းဝင်တဲ့ ဝီလ်လစ်မျှော်စင်က ဆင်းလာတော့
ချီကာဂိုမှာ သွားသင့်တဲ့နေရာ ငါးခုပါတဲ့လက်မှတ် နှစ်စောင်ကို ကိုင်ပြီး
သွားစုံစမ်းတယ်။
“ဒီလက်မှတ်က တစ်နှစ်လုံး အသုံးပြုနိုင်တယ်။
ဒီနေ့အတွက်တော့ သွားဖို့အစီအစဉ်ကို မစီစဉ်ပေးဘူး။
သွားချင်ရင် ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရမယ်” တဲ့။
စီစဉ်ပေးတဲ့အချိန်တွေက ကိုယ်က ဒီမှာ မရှိတော့တဲ့အချိန်တွေ ဖြစ်နေတယ်။
လက်မှတ်ဝယ်ပြီးမှ ဒီအကြောင်းကို သိရတယ်။
မေးကြည့်တော့မှ သိရတယ်။ ကဲ…ဘာလုပ်မလဲ။
ဒီတစ်နှစ်အတွင်း ဒီနေရာကို ပြန်ရောက်ဖို့ဆိုတာ မသေချာဘူး။
ဒါကြောင့် အငှားယာဉ်ကို ငှားပြီး ဆက်သွားဖို့ဆုံးဖြတ်ရတော့တယ်။
လက်မှတ်အရ အရင်ဆုံးသွားဖြစ်တာက ပြတိုက်(The Field Museum)။
ပြတိုက်ဆိုတာ ဒီမြို့ရဲ့ထူးခြားတဲ့သမိုင်းကြောင်းကို ပြထားတာ များပါတယ်။
ကျနော်က ပြတိုက်ကို စိတ်ဝင်စားတယ်။
ပြတိုက်ထဲဝင်ကြည့်ရင် သမိုင်းစာအုပ်တစ်အုပ်ကို ဖတ်နေရသလို ခံစားမိတယ်။



နောက် တစ်နေရာက ငါးပြတိုက်(Shedd Aquarium)။
ငါးအမျိုးပေါင်း မြောက်များစွာကို ပြထားတယ်။
ထူးခြားတာက အာဖရိကက ငါးမျိုးကို ပြရင် အဲဒီအာဖရိကနေရာကို ရောက်နေသလို
အာဖရိက မြင်ကွင်း၊ ပတ်ဝန်ကျင် နေရာအနေအထား၊
ငါးများရှင်သန်နိုင်တဲ့ ရာသီဥတု။
အားလုံးကို အကုန်အကျခံပြီး စီစဉ်ပြထားတာကို မြင်ရတယ်။
ဒီပြတိုက်ထဲဝင်လိုက်တာနဲ့ ကမ္ဘာ့နေရာအနှံ့အပြားကို ရောက်သွားသလို ခံစားမိလာတယ်။
အချို့ ငါးမျိုးစုကို မမြင်ဖူးဖူး။
လာရောက်ကြည့်သူတွေကတော့ အများအပြားပါပဲ။
လူတွေက ရေအောက်ကမ္ဘာကိုရောက်နေသလို မှန်ထူထူအောက်က ကြည့်နေရတယ်။
ငါးတွေက အပေါ်မှာ ကူးခတ်နေလေရဲ့။



မှန်တွေကလည်း ရေရဲ့အားကို ခံနိုင်ရည်ရှိအောင် ထူပေမယ့် မြင်ကွင်းက ကြည်လင်လှတယ်။
ရုပ်ရှင်တွေထဲမှာတော့ မြင်ဖူးပါရဲ့။
အခုတော့ ကိုယ်တိုင်ရောက်နေရတယ်။
မြင်ဖူးတာနဲ့ကိုယ်တိုင်တွေ့ထိတွေ့ခံစားရတာက အများကြီးကွာခြားပါတယ်။
လာကြည့်ကြတဲ့ကလေးလေးတွေကတော့ ပျော်လို့၊ရွှင်လို့။
ကလေးတွေမပြောပါနဲ့။ ကျနော်တို့တောင် ပျော်မိပါတယ်။
ပြီးတော့ နေရာအနှံ့အပြားမှာ ဓာတ်ပုံတွေ အများကြီးရိုက်လာခဲ့တယ်။
အဲဒီဓာတ်ပုံတွေကို အမေ့ဆီ ပို့ပေးလိုက်ပါ့မယ်။
ငါးပြတိုက်ကထွက်တော့ မိုးချုပ်နေပြီ။
ရာသီဥတုက အေးလိုက်တာလည်း မစ်ချီဂန်ထက်ပိုတယ်လို့ခံစားမိတယ်။
မစ်ချီဂန်မှာ ဝယ်ဝတ်တဲ့အနွေးထည်ကို ဖေါက်ထွင်းပြီးတော့ကို အေးတာအမေရေ့။
ကျနော်တို့ရဲ့ခေါင်းမှာလည်း အက်စကီးမိုးတွေဆောင်းတဲ့ခေါင်းဆောင်းနဲ့။
ဒါလည်း အေးစိမ့်နေတုန်းပဲ။
ဝင်ရိုးစွန်းဒေသကိုများရောက်နေသလားလို့အောက်မေ့မိတယ်။



ကျနော်တို့ကားထားတဲ့ ပါကင်ကိုသွားဖို့ အငှားယာဉ်(Taxi) ကိုငှားတော့
တန်းစီရတယ်။ကိုယ့်လို တန်းစီနေတဲ့လူတန်းကြီးက အရှည်ကြီးပဲ။
အမိုးအကာလည်း မရှိတော့ အေးလိုက်တာ။
အငှားယာဉ်ရပြန်တော့ သွားမယ့်နေရာကို ကောင်းကောင်းမမှတ်မိတော့ဘူး။
ထင်ရှားတဲ့ Holiday Inn ဟော်တယ်အနီးလို့သာ မှတ်မိတော့တယ်။
ကားဆရာကလည်း အဲဒီအနီးကိုပဲ ပို့ပေးတယ်။
အမှောင်ထဲမှာဆိုတော့ ကားပါကင်ကို ရှာရတာ ဖတ်ဖတ်ကိုမောသွားတာပဲ။
ဆောင်းရာသီမှာ စိတ်စောနေတဲ့အတွက် ဇောချွေးများတောင် ပြန်ချင်တယ်။
အဲဒီတုန်းက ကိုယ့်ကားကို ကိုယ်တွေ့တာလောက် ဝမ်းသာစရာကောင်းတာ
ရှိမယ်တောင် မထင်ဘူး။
ပြန်တွေ့ပေလို့ပေါ့၊ မတွေ့ခဲ့ရင် နောက်တစ်နေ့နံက်မှ ပြန်ရှာရမယ်။
အဲဒီညတော့ ဟော်တယ်မှာ အိပ်မယ်လို့တောင် တွေးထားတယ်။
ကားကို ပြန်တွေ့လည်း ဟော်တယ်မှာ အိပ်လို့ရပါတယ်လို့ ယုံယုံကိုပြောတော့
သူမက ကိုယ်တိုင်ငွေရှာခဲ့တော့ ငွေကြေးတန်ဖိုးကို သိတယ်။
မလိုအပ်ပဲ ငွေကုန်မခံချင်ဘူးလို့ပြောတာနဲ့ကျနော်တို့
ညတွင်းချင်း ကားမောင်းပြီးပြန်ခဲ့တယ်။
ကားလမ်းတွေလည်း ကောင်းတော့ နေ့နေ့ညည ကားမောင်းရတာ
အခက်အခဲမရှိလှပါဘူး။
ကားလမ်းတွေလည်း ကျယ်ဝန်းလှတယ်။
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်းပုဒ်တွေလည်း တစ်လမ်းလုံးမှာ
လိုအပ်သလို ဆိုက်ထူထားတော့ အစဉ်ပြေလှပါတယ်။
တစ်ညလုံးလည်း ကားတွေမပြတ်လှပါဘူး။
အသွားအပြန်ဆိုရင်တော့ မိုင်ပေါင်း ငါးရာ ပတ်ဝန်ကျင်လောက်ရှိတယ်။



အမေပြောတဲ့စကား ပြန်ကြားယောင်မိပါတယ်။
“မသွားရင် ဘယ်မှရောက်မှာမဟုတ်ဘူး။
မမေးရင် ဘာမှ သိမှာမဟုတ်ဘူး။
ရှေ့ကို တစ်လှမ်းတောင်မတိုးရင်
ကိုယ်ရောက်နေတဲ့နေရာမှာပဲ ရပ်နေမယ်ဆိုတာ မမေ့နဲ့။
ဘာဘဲလုပ်လုပ် အခက်အခဲတွေတော့ ရှိမှာပဲ။
ရပ်နေရင်တောင် အနည်းဆုံး ခြေကျင်တဲ့အခက်အခဲတော့ ရှိနေမယ်။
ခြေကျင်တာထက်စာရင် သွားနေတဲ့အခက်အခဲက ပိုကောင်းပါတယ်။
ကိုယ့်ဘဝကို ကိုယ်ကျေနပ်ဖို့အတွက် ရှေ့တိုးပါ” လို့ အမေမှာချင်တယ်။
အမေပြောတဲ့အတိုင်း ရှေ့တိုးကြည့်တဲ့အတွက် ကျနော်ကျေနပ်မိပါတယ်။
ချီကာဂိုမြို့ကြီးတစ်မြို့ကို ကျနော်ရောက်ဖူးသွားပြီအမေ။
ပြီးတော့ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။
အမေ့ကို ကျေဇူးတင်တယ်ဆိုတဲ့စကားနဲ့မလုံလောက်မှန်း
သားသိပါတယ်။
ဘာဘဲဖြစ်ဖြစ် သား အမေ့ကို ကျေးဇူးတင်ပါတယ်။
ပြီးတော့ အဝေးက ဦးတင်ကတော့လိုက်ပါတယ်။

အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
ကာရီမြို့၊
မြောက်ပိုင်းကာရိုးလိုင်းနားပြည်နယ်၊
အမေရိကန်ပြည်ထောင်စု။









No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com