Tuesday, November 24, 2009

စေတနာကောင်းရင်…ဉာဏ်ကောင်းပါတယ်…


တစ်ခါတုန်းကပေါ့ အဖိုးနဲ့မြေးနှစ်ယောက်ဟာ တောင်ပေါ်အိမ်မှာ နေကြတယ်။
အဖိုးရဲ့နာမည်က“ ဘကြီးထွန်း”ပါ။
လယ်သမားကြီးပေါ့။
ဘကြီးထွန်းဟာစေတနာကောင်းပြီး ဉာဏ်အမြော်အမြင်လည်း ရှိပါတယ်။
အဖိုးရဲ့မြေးလေးကတော့ “အဲမိုး”လို့ခေါ်ပါတယ်။
အဖိုးတို့ရဲ့အိမ်ပတ်ပတ်လည်မှာတော့ လယ်ကွင်းတွေ ဝိုင်းနေပါတယ်။
စပါးခင်းတွေကလည်း ဝင်းမှည့်နေပြီ။
မကြာခင်မှာဘဲ စပါးတွေရိတ်သိမ်းရတော့မယ်။
လယ်သမားတွေကတော့ ပျော်ကြတာပေါ့။ဒီနှစ် အလှူတွေ လုပ်ရတော့မယ်။
လယ်သမားတွေကတော့ တစ်နေ့လုံး လယ်ယာလုပ်ငန်းတွေလုပ်ကိုင်ပြီး
ညနေဆိုရင် တောင်ခြေမှာရှိတဲ့ရွာကိုပြန်ပါတယ်။
တောင်ခြေရွာက ပင်လယ်ကမ်းစပ်နားမှာရှိတယ်။
တစ်နေ့တော့ အဖိုးနဲ့မြေးလေးဟာ
အလုပ်သိမ်းပြီမို့
တောင်ပေါ်က နေဝင်ဆည်းဆာကို ကြည့်ဖို့အိမ်ကထွက်လာတယ်။
ပင်လယ်ပြင်ပေါ်က တိမ်ညိုမည်းကိုတွေ့ရတော့ ဇဝေဇဝါဖြစ်သွားတယ်။
မြင့်မြင့်မားမား တက်လာတဲ့ တိမ်တိုက်မည်းတွေဟာ ပင်လယ်ပြင်ကိုဖြတ်ပြီး သူတို့ဆီကိုအလျှင်အမြန် ရွေ့ရှားနေတာကိုတွေ့ရတယ်။
ဒါနဲ့ပဲ အဖိုးက “အဲမိုး အိမ်ကမီးစွဲနေတဲ့ထင်းချောင်းနှစ်ချောင်းကို အမြန်သွားယူစမ်းပါ။ မြန်မြန်နော်။”
မြေးလေးအဲမိုးကလည်း အဖိုးပြောတဲ့အတိုင်း အမြန်ပြေးပြီးယူလာပါတယ်။ မီးစွဲနေတဲ့ထင်းချောင်းနှစ်ချောင်းကိုရတော့
အဖိုးက ဝင်းမှည့်နေတဲ့ စပါးခင်းကိုမီးရှို့ပါတော့တယ်။
မြေးလေးအဲမိုးကိုလည်း ထင်းချောင်းတစ်ချောင်းပေးပြီး မီးရှို့ခိုင်းပါတယ်။
အဲမိုးလေးက ဘာမှနားမလည်ပေမယ့် အဖိုးခိုင်းတဲ့အတိုင်း လုပ်ပါတယ်။
စပါးခင်းတွေ မီးလောင်တာကို တွေ့တော့
တောင်ခြေရွာကရှိသမျှလူတွေဟာ တောင်ပေါ်ပြေးတက်လာပြီး မီးငြိမ်းကြတာပေါ့။
ရွာထဲကအမျိုးသမီးတွေအားလုံးလည်း
ရေပုံးတွေနဲ့မီးငြိမ်းဖို့တောင်ပေါ်ပြေးတက်လာကြသလို
ကလေးတွေလည်း မိဘတွေနဲ့အတူ တောင်ပေါ်ကိုပြေးတက်လာကြတယ်။
ရွာထဲမှာ ဘယ်သူမှမကျန်တဲ့အထိပါပဲ။
ဘကြီးထွန်း မီးရှို့တာတွေ့တော့ ရွာသူရွာသားတွေက ဒေါသထွက်ကြတယ်။ ပါစပ်ကလည်းပြောသူကပြောတာပေါ့။
“ဘကြီးထွန်းရူးနေလား”
“ ဘာကြောင့်မီးရှို့ရတာလဲ?”

“အဖိုးကြီးတော့ ပေါက်သွားပြီ”
တစ်ယောက်တစ်ပေါက်အော်ကြတယ်။
ဆဲသူကဆဲကြတယ်။ အပြစ်တင်သူက အပြစ်တင်ကြတယ်။
ရွာထဲမှာတစ်ယောက်မကျန်တက်လာတာကို ဘကြီးထွန်းတွေ့တော့မှ
မီးရှို့တာရပ်ပြီး ပင်လယ်ပြင်ဘက်ကို လက်ညှိုးထိုးပြီးပြလိုက်တယ်။
လာနေပြီ လှိုင်းလုံးကြီးတွေ။လာနေပြီမုန်းတိုင်း။
လာနေပြီ ဆူနာမီ။

မကြာခင်မှာပင် တောင်ခြေမှာရှိတဲ့ ရွာလေးဟာ
ရေလှိုင်းတွေကြားထဲမှာပဲပျောက်ကွယ်သွားပါတော့တယ်။
အားလုံးကမြင်နေရတယ်။ ကြောက်ခမန်းလိလိမြင်ကွင်းပါ။
ဒီတော့မှ လူတွေက ဘကြီးထွန်းရဲ့စေတနာကို နားလည်ပါတော့တယ်။
စပါးခင်းတွေကို မီးရှို့တယ်ဆိုတာ တောင်ခြေမှာနေတဲ့ ရွာသူရွာသားတွေကို
တောင်ပေါ်ကိုအမြန်ဆုံးရောက်ဖို့အကောင်းဆုံးနည်းလမ်းပဲဆိုတာကိုလည်း
သဘောပေါက်လာပါတယ်။
ခုတော့ လူတိုင်းဟာ စပါးခင်းတွေ မီးလောင်သွားတာကိုလည်း ဂရုမစိုက်ကြတော့ဘူး။ တောင်ခြေကသူတို့အိုးအိမ်တွေ ဆုံးရှုံးသွားတာကိုလည်း ဂရုမစိုက်ကြတော့ပါဘူး။
သူတို့ဂရုစိုက်တာက သူတို့ရဲ့အသက်တွေကို ကယ်ခဲ့တဲ့
ပညာရှိကြီး ဘကြီးထွန်းနဲ့မြေးလေး အဲမိုးတို့ကိုပါပဲ။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com