Tuesday, January 24, 2012

"ကလေးစာပေ ပေါများပါစေ..."


ကျနော်ဟာ အချိန်ရရင်ရသလို စာကြည့်တိုက်ကိုသွားလေ့ရှိတယ်။

စာကြည့်တိုက်မှာ နေရတာကိုပျော်တယ်။စာအုပ်တွေကိုကြည့်ရတာကိုပျော်တယ်။

စာဖတ်ရတာကိုပျော်တယ်။ကွန်ပျူတာနှိပ်ရတာကိုပျော်တယ်။

စာကြည့်တိုက်မှာ ကလေးလေးတွေ လှုပ်ရှားနေတာကိုကြည့်ရတာပျော်တယ်။

ပြီးတော့ စာကြည့်တိုက်မှာ ငွေမကုန်ဘူး။

စာကြည့်တိုက်မှာ အချိန်ကိုအသုံးပြုရတာ ကျေနပ်တယ်။

ဒါကြောင့် အချိန်ရတိုင်း စာကြည့်တိုက်ကိုသွားတယ်။

တစ်နေ့မှာ ကလေးစာကြည့်တိုက်ကိုရောက်တယ်။

ကလေးစာကြည့်တိုက်ဟာ လူကြီးစာကြည့်တိုက်နဲ့ကပ်ရက်အခန်းပါ။

သီးသန့်မဟုတ်ပါဘူး။

ကလေးစာကြည့်တိုက်ထဲမှာ ကလေးစာပေတွေအမြောက်အများရှိနေတယ်။

ကွန်ပျူတာရှိနေတယ်။ကွန်ပျူတာကို ကြိုက်သလိုအသုံးပြုနိုင်တယ်။

လွတ်လွတ်လပ်လပ်လွှတ်ပေးထားတယ်။

ကစားစရာတွေထားပေးထားတယ်။ကြိုက်သလိုကစားနိုင်တယ်။

ကလေးထိုင်ခုံတွေအများကြီးထားပေးထားတယ်။

တစ်နေရာမှာ ယောက်ျားကလေးတစ်ယောက်က

အရုပ်တွေအများကြီးပါတဲ့စာအုပ်တစ်အုပ်ကိုယူလာပြီး သူ့အဖေကိုရှင်းပြခိုင်းတယ်။

အဲဒီကလေးက ငါးနှစ်အရွယ်ပတ်ဝန်းကျင်လောက်ရှိမယ်ထင်ပါတယ်။

သူ့အဖေက “ဝက်ဝံရုပ်ကလေးနဲ့ကျမ” စာအုပ်ကို စိတ်ရှည်လက်ရှည်ရှင်းပြနေလေရဲ့။

ကလေးလေးက မေးလေးထောက်ပြီးနားထောင်နေပါတယ်။

တစ်ခါတစ်လေ သူသိချင်တာကို မေးတတ်တယ်။

သူ့အဖေကလည်း မေးလေတိုင်းရှင်းပြတယ်။ပြီးတော့စာအုပ်ကိုဆက်ဖတ်ပြတယ်။

ဒီမြင်ကွင်းဟာ စာအုပ်ကောင်းတစ်အုပ်ကိုအေးအေးဆေးဆေးဖတ်လို့ရတဲ့အရသာလိုပါပဲ။

မိဘတွေက သားသမီးတွေကို စာဖတ်ဝါသနာပါအောင်ပြုစုပျိုးထောင်နေတယ်လို့ခံစားရတယ်။

အော်…ငါတို့မြန်မာကလေးတိုင်းဟာ

ဒီအခွင့်အရေးတွေရရင်ဘယ်လောက်ကောင်းလိုက်လေမလဲလို့လည်းတွေးမိပါတယ်။

++++++++++++++++++


My Bear and Me…

(by Barbara Maitland)

(Pictures by Lisa Flather)

My Bear.

He’s with me when I’m up, and he’s with me when I’m down.

He’s with me when it rains, and he’s with me when the sun shines.

I’m never lonely when I’m with my Bear.

We sing together, we swing together, we walk together, we talk together.

We ride together. We even slide together!

When we’re hungry, we eat, and when we’re thirsty, we drink.

When we’re sleepy, we nap.

But…you’d better watch out when we’re awake!

Ready or not, here we come.

It’s my Bear and me.

And at bedtime when the lights go out, and the door is almost closed, and I’m a little scared…

…My Bear is there, safe and warm.

My Bear loves me and I love my Bear.


ဈေးနှုန်း $12.95 US

ဖတ်ရမယ့်အရွယ်-၃နှစ်ကနေ ၇နှစ်။

++++++++++++++++++


ဘာသာပြန်…

"ဝက်ဝံရုပ်ကလေးနဲ့ကျမ..."

ကျမရဲ့ဝက်ဝံရုပ်ကလေး

ကျမ အပေါ်တက်ရပ်ချိန်မှာ သူဟာ ကျမနဲ့အတူရှိနေတယ်။

ကျမ ပြုတ်ကျချိန်မှာလည်း သူဟာ ကျမနဲ့အတူရှိနေတယ်။

မိုးရွာရွာ၊နေပူပူ သူဟာ ကျမနဲ့အတူတူပါပဲ။

ကျမနဲ့ဝက်ဝံရုပ်ကလေးတို့ဟာအတူတူရှိချိန်မှာ ကျမဟာ ဘယ်တော့မှ အထီးကျန်မဖြစ်ပါဘူး။

ကျမတို့ဟာ သီချင်းဆိုလည်း အတူတူဖြစ်သလို ဒန်းစီးလည်းအတူတူပါပဲ။

ကျမတို့ဟာ လမ်းလျှောက်အတူတူ၊ စကားပြောအတူတူပါပဲ။

ကျမတို့ဟာ ကားစီးလည်းအတူတူ၊ လျှောစီးတာတောင်မှ အတူတူပါပဲ။

ကျမတို့ဟာ ဆာလောင်အခါ စားတယ်။

ရေငတ်အခါမှာ ရေသောက်တယ်။

ကျမတို့အိပ်ချင်လာတဲ့အချိန်မှာလည်းတစ်ရေးတစ်မောအိပ်လိုက်ကြတာပဲ။

ဒါပေမယ့် ကျမတို့နှိုးလာချိန်မှာ သင်ကောင်းကောင်းမွန်မွန် စောင့်ကြည့်နေလားဟင်။

အဆင့်သင့်ဖြစ်ဖြစ်၊မဖြစ်ဖြစ်

ကျမတို့အဲဒီနေရာကိုလာပြီ။

ကျမနဲ့ကျမရဲ့ဝက်ဝံလေးလေ။

အလင်းရောင်တွေကွယ်ပျောက်သွားချိန်မှာတော့ အိပ်ချိန်ရောက်ပြီပေါ့။

တံခါးတွေအားလုံးပိတ်သွားချိန်မှာတော့ ကျမနည်းနည်းကြောက်တယ်။

ကျမရဲ့ဝက်ဝံလေးရှိနေရင်တော့ ကျမလုံခြုံပြီးနွေးထွေးလှပါတယ်။

ဝက်ဝံလေးက ကျမကိုချစ်သလို ကျမကလည်း ဝက်ဝံလေးကိုချစ်တယ်။

++++++++++++++++++


“ဝက်ဝံရုပ်ကလေးနဲ့ကျမ”စာအုပ်ဟာ ကပ်ထူဖုံးနဲ့ပါ။

စာတွေကနည်းနည်း၊အရုပ်ကများများ။

စာထဲပါတဲ့အဓိပ္ပာယ်ကိုပိုပြီးထင်ရှားပေါ်လွင်စေတဲ့ရုပ်ပုံတွေနဲ့ပါ။

စာအုပ်ကလည်းစိတ်ဝင်စားစရာ၊

ရုပ်ပုံတွေကလည်း စိတ်ဝင်စားစရာ၊

စာသားတွေကလည်းစိတ်ဝင်စားစရာပါ။

အကောင်းဆုံးအသက်အရွယ်က အသက်၃-နှစ်အရွယ်ကနေ ၇-နှစ်အရွယ်

ကလေးတွေအတွက်လေ့လာဖို့၊ဖတ်ဖို့စာအုပ်မှာရေးထားပါတယ်။

စာအုပ်ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ( ၁၂.၉၅)ဖြစ်ပါတယ်။

++++++++++++++++++


Monday, January 23, 2012

"မွေးနေ့လက်ဆောင်..."



မျက်စိအထူးကုဆရာဝန်ဒေါက်တာတင်ဝင်းကို

သူ့ရဲ့မွေးနေ့အတွက်

မိတ်ဆွေများက ဖန်မျက်လုံးတစ်လုံးကို

မွေးနေ့အမှတ်တရ လက်ဆောင်ပေးတယ်။

ဖန်မျက်လုံးကို ဆရာဝန်က လက်နဲ့ပွတ်ရင်း

သူငယ်ချင်းဆရာဝန်တစ်ယောက်ဖြစ်တဲ့ဒေါက်တာအောင်ဟိန်းကိုလှမ်းပြောတယ်။

“အင်း၊ ငါသာ သားဖွား၊မီးယပ်ဆရာဝန်ဖြစ်ရင်

ဘာလက်ဆောင်ပေးကြမလဲမသိဘူးနော်”


Sunday, January 22, 2012

"ထိအောင် ပစ်မှပေါ့..."


တစ်ခါတုန်းကပေါ့။

ဘောလုံးပွဲတစ်ပွဲကောင်းတယ်လို့မိတ်ဆွေတွေကပြောတာကြောင့်

ကျနော်ဘောလုံးပွဲကိုကြည့်ဖြစ်ပါတယ်။

ဘောလုံးပွဲကိုကြိုက်နှစ်သက်ပေမယ့် အချိန်ကုန်လွန်းသောကြောင့်

မကြည့်ဖြစ်တာကြာခဲ့ပြီ။

ကျနော့်မိန်းမယုံယုံက ဘောလုံးပွဲကိုတစ်ခါမှမကြည့်ဖူးပါ။

တစ်ခါမှ မကြည့်ဖူးတော့ မကြည့်တတ်ပါ။

ဘောလုံးပွဲကြည့်တာထက် ပွဲကြည့်ပရိသတ်များလွန်းတာကို ကြည့်ပြီးတအံ့တသြဖြစ်နေပါတယ်။

ဘောလုံးပွဲကြည့်နေတုန်း ယုံယုံက ကျနော့်ကိုမေးတယ်။

“ဟိုရှေ့က ပွဲကြည့်နေသူကို ဘာဖြစ်လို့သူ့အနားက လူတွေ အပြစ်တင်ရပါသလဲ”

“ဒိုင်လူကြီးကို သူပုလင်းနဲ့ပစ်လိုက်လို့လေ”

ယုံယုံကနားမလည်စွာဖြင့် ပြန်ပြောပါတယ်။

“ဒါပေမယ့် ဒိုင်လူကြီးကိုမှ မထိတာပဲ”

“အဲဒါကြောင့် သူ့ကို ဝိုင်းပြီးအပြစ်တင်နေကြတာပေါ့ကွ”



Saturday, January 21, 2012

"အတွေးအမြင် လွတ်လပ်ပါစေ..."


ကျနော် အမေရိကားကိုရောက်ပြီးလပေါင်းများစွာကြာလာတဲ့အခါ

မြန်မာအစားအစာကိုစားချိန်စိတ်မကြာခဏဖြစ်ပေါ်လာပါတယ်။

အဲဒီအချိန်မှာပင် မိတ်ဆွေတစ်ဦးက သူ့ရဲ့အမေက မြန်မာပြည်က ငါးခြောက်မျိုးစုံကို

လူကြုံနဲ့ပေးပို့လာတယ်လို့ပြောပါတယ်။

ပြီးတော့ ငါးခြောက်အထုပ်များစွာထဲက

အထုပ်လေးငါးခြောက်ထုပ်ကိုလည်း ထပ်ဆင့်လက်ဆောင်ပေးပါတယ်။

မြန်မာပြည်မှာနေစဉ်တုန်းကတော့ ငါးခြောက်ကို တန်ဖိုးထားပြီးစားရကောင်းမှန်းမသိခဲ့ပါ။

အကြောင်းမှာ ငါးခြောက်ဟာ သွေးတိုးရောဂါကို မြှောက်ထိုးပင့်ကော်လုပ်ပေးနိုင်တယ်လို့

သိထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အမေရိကားမှာ ငါးခြောက်ပြားကို ဆီဆမ်းပြီး၊ထမင်းပူပူနွေးနွေးနဲ့စားရတာဟာ

ဘယ်လိုအရသာရှိမှန်းပြောရုံနဲ့မလုံလောက်တော့ပါ။

ကိုယ်တိုင်စားကြည့်မှသာသိနိုင်တော့မယ့်အရသာမျိုးဖြစ်နေပါတော့တယ်။

ကိုယ့်နိုင်ငံနဲ့အစားအသောက်လုံးဝခြားနားသွားတဲ့နိုင်ငံမှာနေထိုင်ရတဲ့အခါ

ငါးခြောက်ပြားအပေါ်ဖြစ်ပေါ်လာတဲ့ရသတဏှာအပေါ်

စွဲလန်းစိတ်ဖြစ်ပေါ်သွားပါတယ်။

ဒါကြောင့် ငယ်စဉ်တုန်းက သင်ကြားခဲ့ရတဲ့

ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက

“မင်းတုန်းမင်းနှင့် ငါးခြောက်ပြား”

ဆောင်းပါးကို ပြေးသတိရမိပါတယ်။

+++++++++++++++

တစ်ခါတုန်းက မင်းသားတစ်ပါးရှိခဲ့ဖူးပါတယ်။

သူ့ရဲ့ငယ်နာမည်မှာ မောင်လွင်ဖြစ်ပါတယ်။

ငယ်ရွယ်စဉ် တုန်းက မောင်လွင်ဟာ စံကျောင်းဆရာတော်ဆီမှာ ပညာသင်ကြားခဲ့ရတယ်။

တစ်နေ့မှာ အင်းသားကြီး ငကြူက

ငါးခြောက်ပြားကြီး တစ်ပြား လာပြီးလှူတယ်။

ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါတယ်။

ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့

ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ

သိမ်းခိုင်းလိုက်ပါတယ်။

နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ

မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။

ဆရာတော်က လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို

စောင့်နေတာပေါ့။

မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်း စုံစမ်းလို့မရဘဲ ဗျာများနေခိုက်

“ဟဲ့ ... ငလွင် မရသေးဘူးလား” လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ

ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့တယ်။

“ငလွင် ... လာခဲ့” လို့

ထားဝယ်ကြိမ်ကို ဆွဲပြီးခေါ်လိုက်တဲ့ ဆရာတော့်အသံက

ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန်လန့်ဖြတ် ၀င်သွားပါသတဲ့။

“ဟဲ့ ... ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွှတ်ရင်

နိုင်ငံကို အုပ်ချုပ်မင်းလုပ် ရမယ့်သူ၊

ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင်

နိုင်ငံကို နင် ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့မလဲ”

လို့ မေးပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။

++++++++++++++++++++

မောင်လွင်ဟာ မင်းတုန်းမင်းဖြစ်လာပါတယ်။

မင်းတုန်းမင်းဟာ မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်ခဲ့ပါသလား။

သမိုင်းစာမျက်နှာမှာ မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ်ဖော်ပြထားတာမရှိခဲ့ပါ။

တိုင်းတစ်ပါးနဲ့ယှဉ်ပြိုင်တဲ့အခါ လက်နက်အင်အားမမျှတဘူး ဆိုတဲ့အကြောင်းပြချက်နဲ့

အောက်မြန်မာနိုင်ငံကို တိုင်းတစ်ပါးလက်ကိုထိုးအပ်လိုက်ရပါတယ်။

ညီတော်ကနောင်မင်းသားက လက်နက်မျိုးစုံစမ်းသပ်မှုမှာလည်း

အားမပေးတဲ့အပြင် ဘာသာရေးအကြောင်းပြချက်နဲ့

ပုန်ကန်ခြားနားမှာစိုးတယ်ဆိုတဲ့အကြောင်းပြချက်တွေကြောင့်

ပိတ်ပင်တားဆီးခဲ့ပါတယ်။

သဘောထားကြီးတဲ့မင်းတစ်ပါးဟုတ်ခဲ့ပါသလား?။

+++++++++++++++++

မင်းတုန်းမင်း ကိုဆုံးမခဲ့တဲ့ဆရာတော်ဟာလည်းတပည့်တစ်ယောက်ကို

မေတ္တာနဲ့ရိုက်ဆုံးမခဲ့တာဟုတ်ရဲ့လား။

ဒေါသမပါဘဲရိုက်နှက်ဆုံးမလို့ရပါသလားဆိုတဲ့အဖြေကတော့

မရနိုင်ဘူးလို့ဖြေရမယ်ထင်ပါတယ်။

ရသတဏှာပေါ်အခြေခံပြီးဖြစ်ပေါ်လာတဲ့ဒေါသကြောင့်သာ

ရိုက်နှက်ခဲ့ကြောင်းကတော့ ထင်ရှားပါတယ်။

အပြစ်တစ်ခုအပေါ်ရိုက်နှက်လိုက်ရုံနဲ့တပည့်တွေလိမ်မာမှာပဲဆိုတဲ့အတွေးနဲ့

လုပ်ရပ်ဟာ မှန်ကန်ပါသလား?။

+++++++++

မြန်မာစာမှာ ဒီအကြောင်းအရာကိုဆရာကသင်တော့

ကျနော်ဘဝင်မကျခဲ့ပါ။

ဘဝင်မကျကြောင်းကိုပြောပြချင်မိပါတယ်။

ကျနော်မပြောခင်မှာ အတန်းထဲက အောင်သန်းဦးဆိုတဲ့သူငယ်ချင်းက

ထပြောလိုက်ပါတယ်။

သူကလည်း သူ့ရှုထောင့်နဲ့သူ ဘဝင်မကျကြောင်းကိုပြောပါတယ်။

ဆရာကလက်မခံပါ။

မင်းရဲ့အတွေးအခေါ်ဟာ ဘေးချော်နေကြောင်းပြောပြီးပိတ်ပင်လိုက်ပါတယ်။

ထပ်ပြောမယ်လုပ်တော့ ဒုတ်ထောင်ပြပါတယ်။

ဆက်ပြောရင်အရိုက်ခံရမယ့်သဘောဖြစ်ပါတယ်။

အောင်သန်းဦးလည်းတိတ်သွားပါတယ်။

ကျနော်အပါအဝင် သူငယ်ချင်းတွေအားလုံးလည်း ဆက်ပြောဖို့

အရှိန်ပျက်သွားပါတယ်။

ဆရာက အတန်းပြောင်းခေါင်းလောင်းထိုးတော့ပြောသွားတဲ့စကားကတော့

“သံဃာနဲ့ဆရာကိုဘယ်တော့မှ စောဒကတက်ဖို့မကြိုးစားနဲ့။

ဘယ်တော့မှ မပြစ်မှားနဲ့” တဲ့။

ဆရာစကားအရ သံဃာနဲ့ဆရာဟာ အမြဲတမ်းမှန်သူတွေလို့ဆိုလိုရာရောက်ပါတယ်။

အဲဒီစကားဟာ မှန်ပါသလား?။

+++++++++

မြတ်ဗုဒ္ဓဟာ ကာလမသုတ္တန်မှာ

အတွေးအမြင်လွတ်လပ်ဖို့ဟောကြားခဲ့ဖူးပါတယ်။

“ဘာကိုမှ မယုံကြည်နဲ့။

ဘယ်သူ့ကိုမှ မယုံကြည်ပါနဲ့။

ကိုယ်တိုင်လုပ်ကြည့်ပြီးမှ မှန်တယ်။

အကျိုးရှိတယ်ဆိုမှ ယုံကြည်ပါ”

လို့ဟောပြောထားပါလျက်ကယ်နှင့်

ဗုဒ္ဓဘာသာဝင်တွေက အတွေးအမြင်လွတ်လပ်မှုကို

ဘာကြောင့်ပိတ်ပင်နေပါသလဲ?။

++++++++++++++++++

အတိတ်ဟာ အဝေးမှာကျန်ခဲ့ပါပြီ။

အတိတ်ဆိုတာ သင်ခန်းစာယူပြီးရင် မေ့ပစ်ရမယ့်အရာပါ။

ကျနော်တို့ဟာ “မင်းတုန်းမင်းနဲ့ငါးခြောက်ပြား”

ဖြစ်ရပ်မှန်အကြောင်းအရာအပေါ် ဘာသင်ခန်းစာရလိုက်ပါသလဲ။

မင်းတုန်းမင်းရှုတ်ခဲ့တဲ့အမှိုက်ကို သူ့သား သီပေါမင်း မရှင်းနိုင်ခဲ့ပါ။

(အဖေရှုတ်ခဲ့တာကို သားသမီးတွေရှင်းရမှာ ထုံစံဖြစ်ပေမယ့် မရှင်းနိုင်ခဲ့ရင်

ဘာဖြစ်သွားခဲ့သလဲဆိုတာကတော့ သမိုင်းစာမျက်နှာမှာ အထင်အရှားတွေ့ခဲ့ရပါတယ်။)

မင်းတုန်းမင်းနဲ့စံကျောင်းဆရာတော်အပေါ်အပြစ်တင်လိုခြင်းမရှိပါ။

သူတို့ရဲ့သမိုင်းကို သူတို့ကြိုက်နှစ်သက်သလို ရေးသားသွားခြင်းသာဖြစ်ပါတယ်။

ပုဂ္ဂလိကအကြောင်းကိုပြောလိုခြင်းမရှိပါ။

ကျနော်ပြောလိုရင်းအကြောင်းအရာက

ကျနော်တို့ပညာရေးစံနစ်ဟာ တစ်လမ်းသွားဖြစ်တာကြောင့်

ဝေဖန်ခြင်း၊သုံးသပ်ခြင်း၊ထောက်ပြခြင်းကိုပိတ်ပင်တားဆီးထားပါတယ်။

ကိုယ့်အတွေးအမြင်ကို ပိတ်ပင်တားဆီးခံရတဲ့အတွက်

ကျနော်တို့ရဲ့အတွေးအမြင်တွေ တိုးတက်သင့်သလောက်တိုးတက်ခဲ့ပါသလား?။

+++++++++++++++++

အမေရိကန်ကပညာရေးစံနစ်က လမ်းဖွင့်ပေးတဲ့စံနစ်ဖြစ်တယ်။

နှစ်လမ်းသွားစံနစ်ဖြစ်တယ်။

အတန်းထဲမှာ တပည့် ၂၅-ယောက်ရှိရင် အကြောင်းအရာတစ်ခုအပေါ်တွင်

အတွေးအမြင်၂၅-ခုထွက်ပေါ်လာအောင် လုပ်ပေးနိုင်တဲ့ပညာရေးစံနစ်ဖြစ်ပါတယ်။

ဆရာနဲ့တပည့် လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကို

တရားဝင်ခွင့်ပြုထားတဲ့ပညာရေးစံနစ်လည်းဖြစ်တယ်။

++++++++++

ဆရာကောင်းဆိုတာဘာလဲ။

ဆရာကောင်းဆိုတာ တပည့်တွေကို ကိုယ့်ထက်တော်အောင်

သင်ပြနိုင်တဲ့သူတွေကိုခေါ်ပါတယ်။

အလားတူပါပဲ။

မိဘကောင်းဆိုတာ သားသမီးတွေကို

ကိုယ့်ထက်တော်အောင်၊တတ်အောင်ပြုစုပျိုးထောင်ပေးနိုင်တဲ့မိဘမျိုးကိုခေါ်ဆိုပါတယ်။

ဆရာကောင်းတွေ၊မိဘကောင်းတွေ ကျနော်တို့နိုင်ငံမှာ များသထက်များခဲ့မယ်

ဆိုရင်…..

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com