Wednesday, January 4, 2012

"သားဖွားမီးယပ် ဘာသာရပ်..."



ကျနော်တို့

သားဖွားမီးယပ်ဘာသာရပ်ကို နောက်ဆုံးနှစ်အပိုင်း(ခ)တွင်သင်ကြားရပါတယ်။

ကျန်သောဘာသာရပ်ထက် ဒီဘာသာရပ်က ပိုပြီးပျော်စရာကောင်းတဲ့အချက်

တစ်ချက်က

ကိုယ်ဝန်ဆောင်မိန်းမတွေဟာ ပင်ပန်းကြီးစွာနဲ့ဆေးရုံကိုရောက်လာကြတယ်။

အချို့ဆိုရင် အော်ဟစ်ပြီးရောက်လာကြတယ်။

အချို့ဆိုရင် ငိုကြွေးပြီးရောက်လာကြတယ်။

တော်တော်နာကျင်တဲ့ဝေဒနာတစ်ခုဆိုတာကို နားလည်လာတဲ့အတွက်

မိခင်ကို အထူးကျေးဇူးတင်မိပါတယ်။

ငိုကြွေးသံ၊အော်ဟစ်သံတွေကြားက

သားသမီးတွေကိုအောင်မြင်စွာမွေးဖွားပြီးဆိုရင်

မိခင်ဟာချက်ချင်းပဲ နာကျင်တာကိုမေ့ပြီး

ကမ္ဘာပေါ်မှာ အလှဆုံးအပြုံးနဲ့သားသမီးကို

လှမ်းကြည့်တာကို သတိပြုမိတာကြောင့်ပျော်ရွှင်မိပါတယ်။

နောက်တစ်ချက်က

ကိုယ့်ရဲ့ကြိုးစားအားထုတ်ပြီးမွေးပေးလိုက်တာကြောင့်

လာတုန်းက တစ်ယောက်ထဲ။

ပြန်တော့ သုံးယောက်ဖြစ်သွားကြတယ်။

မိခင်ရယ်၊ သားသမီးရယ်၊ဖခင်ရယ်။

သားသမီးကိုဖွေ့ချီပြီးပြန်သွားကြတဲ့မိသားစုကိုကြည့်ပြီး

အလွန်ကြည်နူးရပါတယ်။

ဒါကြောင့်ဒီဘာသာရပ်ကိုကျနော်ကကြိုက်နှစ်သက်မိပါတယ်။

ကျနော့်သူငယ်ချင်းကိုအောင်နိုင်ဦးက ဘာကြောင့်မှန်းမသိပါ။

ဒီဘာသာရပ်ကိုမကြိုက်ပါ။

စာမေးပွဲမှာ မဖြေမဖြစ်ဘာသာရပ်ဖြစ်တဲ့အတွက်

ဆေးရုံကိုလာပေမယ့် စာကောင်းကောင်းမကျက်ဖြစ်တာများကြောင်းပြောပါတယ်။

စာမေးပွဲမှာမေးခွန်းတစ်ခုပါလာပါတယ်။

“သားဖွားတာ ဘယ်နှစ်မျိုးရှိသလဲ”

ဆိုတာကိုမေးပါတယ်။

သူ့ရဲ့အဖြေက

“သုံးမျိုးရှိပါတယ်။

တစ်။ မင်္ဂလာမဆောင်ခင် တစ်နှစ်အလိုမှာ မွေးရင်

အချိန်မရောက်ဘဲ မွေးဖွားခြင်း၊

နှစ်။ ယောက်ျားသေပြီး တစ်နှစ်အကြာမှာ မွေးရင်

နောက်ကျတဲ့မွေးဖွားခြင်း၊

သုံး။ ကိုယ့်မိန်းမ မဟုတ်ဘဲ အိမ်နီးချင်းမိန်းမက

မွေးရင် မှားယွင်းတဲ့မွေးဖွားခြင်းတို့ဖြစ်ကြပါတယ်လို့

ငါပြန်ဖြေခဲ့တယ်” တဲ့။

သူ့အဖြေကြောင့် ကျနော်တို့သူငယ်ချင်းတစ်စုပြုံးမိကြပါတယ်။


Tuesday, January 3, 2012

"မြန်မာနဲ့အမေရိကန်ဘာကွာခြားသလဲ..."





အမေရိကန်နိုင်ငံတွင် လပေါင်းများစွာသာသနာပြုလုပ်ငန်းကိုလုပ်ကိုင်ပြီးနောက်
မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့နိုင်ငံကျော်ဆရာတော်တစ်ပါးကို
မြန်မာနိုင်ငံသူ-သားတွေကမေးခွန်းတစ်ခုမေးပါတယ်။
မြန်မာနိုင်ငံကလူတွေနဲ့အမေရိကန်(နိုင်ငံသားစစ်စစ်)ကလူတွေဘာကွာခြားပါသလဲ
ကလေးဆိုရင်ကလေးချင်း၊
လူကြီးဆိုရင် လူကြီးချင်း
ခြားနားချက်ကိုနှိုင်းယှဉ်ပြပါလို့မေးကြပါတယ်။
ဆရာတော်ပြန်ဖြေတာက
မြန်မာနိုင်ငံကလူတွေက နူတ်ဆောင်အားဖြင့်တော့တော်တော်ကောင်းကြတယ်။
သုံးတန်း၊လေးတန်း၊အရွယ်ရောက်လာတယ်ဆိုရင်ပဲ
ကံငါးပါးနဲ့ပတ်သက်တဲ့
“ပါဏာတိပါတာ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ”
သူ့အသတ်ကိုသတ်ခြင်းမှရှောင်ကြဉ်ပါ၏။
သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
ဆိုတဲ့ငါးပါးသီလကိုအလွတ်ရွတ်ဆိုနေကြပြီ။
နူတ်ဆောင်မှာတော့အလွန်ကောင်းကြတယ်။
အမေရိကန်နိုင်ငံသားတွေကတော့
“ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ”
ကိုမဆိုဖူးကြပါဘူး။
သရုပ်ဆောင်အားဖြင့်တော့
အမေရိကန်နိုင်ငံကလူတွေက
နိုင်ရင် နိုင်သလို ပိုးဟပ်တွေ၊ပုဇဉ်းတွေ၊လိပ်ပြာတွေ လိုက်သတ်တဲ့အလုပ်ကို မလုပ်ကြဘူး။
မြန်မာနိုင်ငံကလူတွေက တစ်နိုင်တစ်ပိုင်တော့ဖြင့် သတ်နေကြပြီ။
အားလေးနည်းနည်းရှိတဲ့အရွယ်ရောက်လာရင် ပုရွက်ဆိတ်တွေကို သတ်နေပြီ။
သရေကွင်းပစ်တတ်တဲ့အရွယ်ရောက်လာရင်
ပိုးကောင်တွေ၊လိပ်ပြာတွေ၊ပုဇဉ်းတွေကိုလိုက်ပစ်သတ်နေပြီ။
လေဂွကိုင်တတ်တဲ့အရွယ်ရောက်ရင် ငှက်တွေကိုသတ်နေပြီ။
ဒူးလေးကိုင်နိုင်တဲ့အရွယ်ရောက်ရင် သမင်နဲ့သားကောင်တွေကိုသတ်နေပြီ။
သေနတ်ကိုင်နိုင်တဲ့အရွယ်ရောက်ရင် လူတွေကိုသတ်တော့တာပဲ။(ရီသံများ)
++++++++++++++++++
အမေရိကန်နိုင်ငံသားတွေက သေနတ်တွေကိုလူတိုင်းကိုင်ဆောင်ခွင့်ရှိပေမယ့်
လူသတ်ခွင့်မရှိဘူး။တိရိစ္ဆာန်တွေကိုလည်းသတ်ခွင့်မရှိဘူး။
တောရိုင်းတိရိစ္ဆာန်တွေနဲ့လူတွေနဲ့ယဉ်ပါးနေကြတာကိုကြည့်ခြင်းဖြင့်
မသတ်ကြတာကို သိနိုင်တယ်။
အမေရိကန်ကလူတွေက ငါးပါးသီလဆိုတာဘာမှန်းတောင်သိကြတာမဟုတ်ဘူး။
မသိပေမယ့် ရှောင်ကြဉ်ကြတယ်။
ထိမ်းသိမ်းကြတယ်။စာနာကြတယ်။
စည်းကမ်းနဲ့ဥပဒေကိုလေးစားကြတယ်။
ဥပဒေရဲ့အောက်မှာ လူတိုင်းရှိကြတယ်။
အမေရိကန်နိုင်ငံသားတွေအားလုံးဟာ သူ့တို့ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလေးစားကြတယ်။
သမ္မတလည်း ဥပဒေရဲ့အောက်မှာ ရှိနေကြတာကိုသိသလို
ပြည်သူ့တွေအားလုံးလည်း ဥပဒေရဲ့အောက်မှာ အေးချမ်းစွာနေထိုင်ကြတယ်။

Monday, January 2, 2012

"စဉ်းစားလို့ကို မရဘူး..."


တစ်ခါတုန်းက
အခုမှ ဆရာဝန်ဖြစ်ခါစဒေါက်တာအောင်ဟိန်းကို
သမားတော်ကြီးဒေါက်တာကျော်မြင့်ကပြောတယ်။
" ဆရာလေးရဲ့ပထမဆုံးလူနာ နေပြန်ကောင်းသွားပြီလေ။
ဆရာ့ကိုကြည့်ရတာ ဝမ်းသာရမယ့်အစား စိတ်ညစ်နေတဲ့ပုံပါလား"
ဒေါက်တာအောင်ဟိန်းပြန်ပြောလိုက်တာက
" သူ ဘာဆေးနဲ့တည့်ပြီး နေပြန်ကောင်းသွားသလဲဆိုတာ
စဉ်းစားလို့ကို မရလို့ပါဆရာကြီး"

+++++++++++++++++++++

ကျနော်တို့ဆရာဝန်ဖြစ်ခါစမှာ
လက်တွေ့အတွေ့အကြုံကနည်းပြီးစာသိကများနေပါတယ်။
အဲဒီအခါ လူနာတွေကိုကုသတဲ့အခါ မသေချာတဲ့အခြေအနေမျိုးမှာ
ဆေးကုသမှုကို ကိုးလုံးကျည်နဲ့ပစ်သလို ထိချင်တဲ့ကျည်ဆံနဲ့ထိစေတော့
ဆိုပြီးဆေးအများအပြားပေးရတာမျိုးရှိခဲ့ဖူးပါတယ်။
လူနာကတော့ရောဂါပျောက်သွားပါရဲ့။
ဘာဆေးနဲ့ပျောက်သွားမှန်းမသိတာမျိုး
မကြာခဏကြုံခဲ့ဖူးပါတယ်။
ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးကို မစဉ်းစားနိုင်ပါ။
အဓိကအရေးကြီးတာက
လူနာရောဂါပျောက်ဖို့ဖြစ်နေတတ်ပါတယ်။


Sunday, January 1, 2012

"သင်အရင်ကောင်းဖို့လိုပါတယ်..."


အရင်ကောင်းလို့ အခုကောင်းပါသည်။

အခုကောင်း နောင်ကောင်းပါလိမ့်မည်။


(ကျေးဇူးရှင် လယ်တီဆရာတော်ဘုရာကြီး)


++++++++++++++++++


သူတစ်ပါး ကောင်းတာ၊

မကောင်းတာကို ဝေဖန်နေရမယ့်အချိန်မဟုတ်တော့ပါဘူး။

ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ၊

ဘာဖြစ်လို့လည်းဆိုတော့ သေဖို့က တဖြည်းဖြည်း နီးလာပြီလေ။


ရဝေနွယ်(အင်းမ)


++++++++++++++++++



ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။

အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။

လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။


(ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ)


++++++++++++++++++



"အလုပ်များလွန်းလို့ စာမဖတ်နိုင်ဘူးတဲ့လား" လို့

ပါမောက္ခ အော်စလားကမေးပါတယ်။

ပါမောက္ခ အော်စလားကပြောပါတယ်။

လူသည် မနက်ထက်ညမှာပညာပို ရှိရမည်။

မနေ့ကထက် သည်ကနေ့ အသိဉာဏ်သာရမည်။

အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက် အလေးချိန်ပိုစီးလာရမည်။

ဒီအတွက် ဘာလုပ်မလဲ၊

တစ်နည်းသာ ရှိသည်။

စာဖတ်ပါ။

နေ့စဉ်ဖတ်ပါ။

စာကောင်းပေကောင်းကို ရွေးဖတ်ပါ။

ကိုယ့်အလုပ်အတွက် ကိုယ့်ဘဝအတွက် အသုံးဝင်မယ့်အရာ

ကို ဦးစားပေးရွေးဖတ်ပါ။

ကိုယ့်ကိုကိုယ် စစ်ဆေးမေးမြန်းပါ။

စာဖတ်ချိန်ရချိန်ရင် အိပ်ချိန်ထဲက ဖဲ့ယူဖို့ကလွဲပြီး

အခြားနည်းလမ်းမရှိတော့ပါ။

သို့နှင့် အိပ်ရာမဝင်မီ စာ (၁၅) မိနစ်ဖတ်တဲ့အလေ့အကျင့်

တစ်ခု ပါမောက္ခ အော်စလား အစပြုခဲ့တယ်။

စာအုပ်ကျမ်းပေါင်း ( ၇၇၈၇ )အုပ်ကို စံနစ်တကျ ညွှန်းဆိုသွားပါတယ်။

တကယ်တန်ဖိုးရှိတဲ့ စာအုပ်ကောင်းတွေရွေးချယ်ဖတ်မိဖို့လိုပါတယ်။

သိပ္ပံလောကမှာ ရှေ့ကသွားလေသူတို့ရဲ့ တွေ့ရှိချက်များဟာ

နောက်လူတို့ အသိပညာတောင်ထွတ်ကို ဆက်ပြီးတက်ရာမှာ

လှေကားထစ်များသဖွယ် အထောက်အကူပြုမြဲဖြစ်တယ်။

ပညာရှာရာမှာ ကြီးလှခြင်းတည်းဟူသော

၎င်းပုဂ္ဂိုလ်တို့ရဲ့ထူးခြားသောဓလေ့စရိုက်ကောင်းတစ်ခုသည်လည်း

နောက်လူအတွက်လေးစားအားကျစရာအတုယူစရာ

အရည်အချင်းတစ်ရပ်ဖြစ်တယ်။

အဲဒါကတော့

ပါမောက္ခ အော်စလားရဲ့ စာဖတ်နည်း ဖြစ်ပါတယ်။




++++++++++++++++++



လောကကြီး ကောင်းစေချင်လျှင်

ကိုယ်က အရင်ကောင်းထားဖို့လိုတယ်။


++++++++++++++++++



၁။ အများသူငါ သွားတဲ့လမ်းမပေါ်မှာ ချည်းမနေနှင့်။

၂။ သူတစ်ပါးသွားပြီးသားနေရာတွေချည်း မသွားနှင့်။

၃။ လမ်းဟောင်းဖုန်ဖုန်မှ တစ်ခါတစ်လေ ဘေးဖဲ့ဆင်းကာ

လမ်းမရှိတဲ့ တောထဲကို လည်းဝင်ကြည့်ပါ။

၎။ သင်တစ်ခါမျှ မတွေ့ဖူးတဲ့အခြင်းအရာတစ်စုံတစ်ရာတော့

တွေ့မှာသေချာတယ်။

၅။ သေးသေးမွှားမွှားဖြစ်ချင်ဖြစ်မယ်၊ဒါပေမယ့် လျစ်လျူမရှုပါနှင့်။

သူ့နောက်ဆက်လိုက်ကြည့်ပါ။

၆။ သူ့အနီးပတ်ဝန်ကျင်ကို စူးစမ်းကြည့်ပါ။

၇။ တွေ့ရှိချက်တစ်ခုမှ နောက်တစ်ခုဆီ ဆက်လက်ဦးတည်ကာ ကိုယ်တိုင်

သတိမထားလိုက်မိတဲ့အချိန်မှာ အလေးအနက်စဉ်းစားရမယ့်တန်ဖိုးရှိတဲ့အရာ

တစ်ခုသင်တွေ့ရှိလာမည်။

( ဂရေဟမ်ဘဲလ် )

တယ်လီဖုန်းကိုစတင်တီထွင်သူ




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com