Tuesday, December 15, 2009

“ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ...”



မြတ်စွာဘုရားရှင်လက်ထက်က

အရှင်သာရိပုတ္တရာမထေရ် မြတ်ဟာ ဉာဏ်ပညာအရာမှာ ဧတဒဂ်ရပါတယ်။

အရှင်သာရိပုတ္တရာမထေရ်ရဲ့ နှလုံးသားကို

ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အလွန်ကောင်း လှပါတယ်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ အမှတ်တမဲ့ သင်္ကန်းကိုင်တော်မူတဲ့အခါ

သင်္ကန်းအစွန်းအနားကမညီမညာဖြစ်နေပါတယ်။

အဲဒါကို ရှင်သာမဏေဖြစ်စ (၇)နှစ်အရွယ် ကိုရင်တစ်ပါးက မြင်တွေ့သွားရာ

“အရှင်ဘုရား သင်္ကန်းကို ညီညီညာညာ ဝတ်ရုံသင့်ပါတယ် အရှင်ဘုရား?”

လို့ လက်အုပ်ချီပြီး လျှောက်ထားပါတယ်။

အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က မိမိသင်္ကန်းမညီညာတာကို

သင့်တော်တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်ပြီး ကိုရင်ထံ ပြန်လာက

“ဒီလောက်ဆို သင့်တော်ပါပြီလား?”လို့ ဆရာအရာမှာ ထားပြီးတလေးတစား တုံပြန်တော်မူခဲ့ပါတယ်။


အဲဒီဖြစ်ရပ်ကလေးကို အခြေပြုကာ နောင်တစ်ချိန်မှာ

အရှင်သာရိပုတ္တရာမထေရ်က

“ဒီနေ့မှာပဲ သာမဏေဖြစ်စ (၇)နှစ်အရွယ် ကိုရင်ငယ်ကလေးက ဆိုဆုံးမလာသည်ပင်ဖြစ်စေ

သူတော်ကောင်းတွေရဲ့ဆိုဆုံးမမှုမှန်သမျှကို ဦးထိပ်တင်ပြီးခံယူပါတယ်။

ကိုယ့်အမှားကိုထောက်ပြပြီး ဆုံးမသွန်သင်တတ်သူဆရာကို

ရွှေအိုးကို လက်ညှိုးထိုးညွှန်ပြပေးသူလို မြတ်နိုးတန်းဖိုးထားပြီး ဆည်းကပ်ပါတယ်။”

လို့ဥဒါန်းကျူးရင့်ကာ မိန့်ကြားတော်မူခဲ့ပါတယ်။


တကယ်တော့ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ဝါးရုံပင်မြင့်မြင့်ကြီးတွေလိုပါပဲ။

အထက်ကိုပိုမိုမြင့်မားလေ အောက်ကို ပိုမိုညွတ်ကိုင်းလေဖြစ်ပါတယ်။

“ ကြောက်စိတ်...”



ရှေးရှေးတုန်းက ရှေးပျူးနစ်စစ်ပွဲဖြစ်ကြတယ်။

ရောမနဲ့ ကာသေ့ခ်ျတို့တိုက်တဲ့စစ်ပွဲဖြစ်တယ်။

အဲဒီစစ်ပွဲမှာ ရောမတို့ကစစ်အောင်နိုင်ပြီး ကာသေ့ခ်ျတို့ကစစ်ပွဲရှုံးနိမ့်သွားကြတယ်။

ကာသေ့ခ်ျတို့ကစစ်ရှုံးသွားတော့ ကာသေ့ခ်ျတို့ရဲ့စိတ်ထဲမှာသူတို့ဟာ

မိုလော့ခ် နတ်ဘုရားကို ကိုးကွယ် ပူဇော်ရာမှာ တိတိကျကျ မှန်မှန်ကန်ကန် မလုပ်တဲ့အတွက်

မိုလော့ခ် နတ်ဘုရားကစိတ်ဆိုးလို့စစ်ရှုံးရတယ်လို့ယူဆကြတယ်။

မိုလော့ခ် နတ်ဘုရားဟာကလေးသူငယ်တွေကို ယဇ်ပူဇော်ခြင်းကို အလိုရှိတယ်။

အထူးသဖြင့် ဆွေကြီးမျိုးကြီးထဲက ကလေးတွေကို ပိုမိုနှစ်သက်တယ်။

ဒါပေမယ့် ကာသေ့ခ်ျသူကောင်းမျိုးတို့က အမျိုးညံ့သူ သူဆင်းရဲတို့ရဲ့ သားသမီးများကို

မိမိတို့ရဲ့ သားသမီးများအဖြစ် အစားထိုးပူဇော်နေခဲ့ကြတယ်။

ဒါကြောင့် ရောမတို့နဲ့တိုက်တဲ့စစ်ပွဲမှာ စစ်ရှုံးသွားရတာဟာ

မိုလော့ခ် နတ်ဘုရားကို လိမ်ညာလို့မိုလော့ခ် နတ်ဘုရားကအပြစ်ဒဏ်ခတ်တယ်

လို့တွေးတောထိတ်လန့်ကြတယ်။

ဒါနဲ့ပဲ မိုလော့ခ် နတ်ဘုရားကျေနပ်စေဖို့ အတွက် မင်းမျိုး၊မှူးမတ်မျိုးတွေဟာ

မိမိတို့ရဲ့သားသမီးကလေးသူငယ်အမြောက်အများကို မီးရှို့ပြီး

မိုလော့ခ် နတ်ဘုရားကိုပူဇော်ခဲ့ကြတယ်။


ကြောက်စိတ်ဟာ အယူသည်းစွဲလမ်းမှုများရဲ့ပင်မရင်းမြစ်ဖြစ်သလို

ရက်စက်ကြမ်းကြုတ်မှုရဲ့အခြေခံအကြောင်းတရားတစ်ခုလည်းဖြစ်တယ်။

ကြီးမားတဲ့၊ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်မျိုးတွေနဲ့ကြုံတဲ့အခါ

လူတစ်ဦးချင်းဖြစ်ဖြစ်၊

လူအုပ်စုတစ်စုဖြစ်ဖြစ်၊

တိုင်းပြည်တစ်ပြည်ဖြစ်ဖြစ်၊

ကျိုးကြောင်းဆင်ခြင်မှုနဲ့လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်စိတ်ချလို့မရပါဘူး။

မှန်ကန်တဲ့အသိဉာဏ်ရရှိဖို့ကိုယ့်ကိုယ်တွင်းမှာရှိတဲ့ကြောက်စိတ်ကို

ကိုယ့်ဘာသာ အရင်ဆုံးဝန်ခံဖို့လိုပါတယ်။သိမှဝန်ခံလို့ရမှာနော်။

ပြီးတော့ ဖြေရှင်းနိုင်တဲ့နည်းလမ်းကို ရှာဖို့လိုတယ်။

ဒါကြောင့် ကြောက်စိတ်ကိုအောင်နိုင်ခြင်းဟာ မှန်ကန်တဲ့အသိဉာဏ်ရရှိဖို့ လမ်းစဖြစ်ပါတယ်။


{ How to Sharpen Your Judgement by Bertrand Russell }

Monday, December 14, 2009

“ ပျင်းလာရင်...ဖျင်းလာပြီ။”



တစ်ခါတုန်းက လှည်းသမားတစ်ယောက်ဟာ သူ့ရဲ့လေးလံလှတဲ့ လှည်းကြီးကို

ရွှံ့နွံထူထပ်တဲ့ လမ်းကြောင်းအတိုင်းမောင်းသွားနေတုန်း

လှည်းဘီးတွေက ရွှံ့ထဲမှာ ကျွံဝင်ပြီးနစ်နေတာပေါ့။

နွားတွေလည်း ရှေ့ဆက်မသွားနိုင်တော့ဘူး။

ဒီတော့ အဲဒီလူဟာ မြေပြင်ပေါ်မှာ ဒူးထောက်ထိုင်လိုက်ပြီး ငိုကြွေးရင်း

တောစောင့်နတ်ကိုတိုင်တည်လိုက်ပါတယ်။


“တောစောင့်နတ်မင်းကြီး…

တပည့်တော်ရဲ့ဒုက္ခကလွတ်မြောက်ဖို့ ကူညီမှိုင်းမတော်မူပါအရှင်”


ဒါနဲ့ပဲ တောစောင့်နတ်ရောက်လာပြီးပြောတာကတော့


“ဟယ်….ပျင်းတဲ့အမောင်လူသား….ထလော့!

မင်းကိုယ်တိုင်ကနိုးနိုး ကြားကြား တက်တက် ကြွကြွ လုပ်လိုက်ပါအုန်း။

မင်းရဲ့နွားတွေကို ဇွဲကောင်းကောင်းနဲ့ ဆွဲထုတ်လိုက်ပါအုန်း။

မင်းရဲ့ ပခုံးနဲ့ လှည်းဘီးကို အားနဲ့တွန်းလိုက်ပါအုန်း။

မင်းကိုယ်တိုင်က အစွမ်းကုန် ကြိုးစားကြည့်လိုက်ပါအုန်း၊

အဲဒီလိုမှ မရလို့ ငါ့ရဲ့အကူအညီကို မင်းလိုအပ်သေးတယ်ဆိုရင်

မင်းရစေမယ်။”

လို့ပြောပြီးပျောက်ကွယ်သွားပါတော့တယ်။


လူတွေဟာအများအားဖြင့် အခြားသူတွေဆီက

အကူအညီကို လွယ်လွယ်ကူကူလိုချင်ကြတယ်။

တန်ရာတန်ဖိုး မပေးချင်ဘဲ လွယ်လွယ် လိုချင်တဲ့စိတ်ကြောင့်

ဘာမှမရဘဲ အများကြီး ဆုံးရှုံးနစ်နာရတတ်ပါတယ်။


ကိုယ်တိုင်က အစွမ်းကုန်ကြိုးစားအားထုတ်တာမျိုးမရှိဘူး။

ဒီတော့ ဘယ်သူက ကူညီချင်မလဲ။

ကိုယ်တိုင်က အစွမ်းကုန်ကြိုးစားကြည့်ပြီှး မရတော့မှ

အကူအညီတောင်းသင့်ရင် တောင်းပါ လို့ပုံပြင်လေးကမီးမောင်းထိုးပြနေပါတယ်။

“ မေတ္တာလည်းပွား...စိတ်ထားလည်းပြင်...”



နေထွက်နေဝင် ကိုးဂုဏ်ရှင်၊ နေ့စဉ်ရှိခိုးမယ်။

အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်။

မျက်နှာသစ်ရင်၊ ရေကိုမြင်၊မြင်စဉ်မေတ္တာပွားပါ့မယ်။

သစ်ရင်းသစ်ရင်း၊ လျော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါ့မယ်။

တန်းတူတွေ့ရင်၊ မေတ္တာဝင်၊ မဝင်နိုင်က ပြိုင်တတ်တယ်။

ပြိုင်မယ့်အစား၊မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ကိုယ့်အောက်တွေ့ရင်၊ ကရုဏာဝင်၊ မဝင်နိုင်က နိုင်တတ်တယ်။

နိုင်မယ့်အစား၊ ကရုဏာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ကိုယ့်ထက်သာရင်၊ မုဒိသာဝင်၊ မဝင်ဣဿာယိုင်တတ်တယ်။

ယိုင်မယ့်အစား၊မုဒိတာပွား၊စိတ်ထားပြုပြင်ပြောင်ပါ့မယ်။

ရုပ်ကိုလဲပြင်၊စိတ်လဲပြင်၊ ပြင်ဆင်တိုင်းရ၊ပြုတိုင်းလှ၊ သုခနိဗ္ဗာန်တိုင်လိမ့်မယ်။


အရှင်ဝိသုဒ္ဓါ ဘိဝံသ

အဘိဓဇမဟာရဋ္ဌဂုရု၊

မစိုးရိမ်ပဋ္ဌာန်းဆရာတော်ဘုရားကြီး

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com