Tuesday, May 8, 2012

"လူတိုင်း တကယ်လိုချင်တာ စိတ်ချမ်းသာမှုပါ..."


 


စိတ်ချမ်းသာအောင် လုပ်နည်းအကျဉ်းချုပ်…(၂၂)

၁။ စိတ်ချမ်းသာချင်ရင် အလိုဆန္ဒတွေကို ထိန်းချုပ်ပါ။

အလိုဆန္ဒမပြည့်တာဟာ စိတ်ကို မချမ်းမသာဖြစ်စေတယ်။
အလိုဆန္ဒတွေဟာ သူ့အလိုလို ပြည့်လာတာ မဟုတ်ဘူး။
ကိုယ်က ဖြစ်အောင် လုပ်ယူရတယ်။
အဲဒီလို လုပ်ရင်း အဆင်မပြေမှုတွေ ကြုံရတယ်။
အဲဒါ စိတ်ကို ပင်ပန်းစေတယ်။
အလိုဆန္ဒတွေ များတဲ့သူဟာ အလိုဆန္ဒတစ်ခုပြည့်လို့ စိတ်ချမ်းသာရတာ၊
မကြာခင် မပြည့်တဲ့အလိုဆန္ဒတွေကြောင့် စိတ်မချမ်းမသာ ဖြစ်ရပြန်တယ်။
အဲဒီတော့ အလိုဆန္ဒများလေ အလိုမပြည့်တာလည်း များလေ ဖြစ်လို့ စိတ်ချမ်းသာတဲ့အချိန်
နည်းတယ်။
တချို့အလိုဆန္ဒတွေ ပြည့်ဖို့လုပ်ရတာ ပျော်စရာကောင်းပါတယ်။
အလိုဆန္ဒကြောင့် လုပ်ချင်ကိုင်ချင်စိတ် ဖြစ်တယ်။ အားထုတ်တယ်။
အဲဒါကောင်းတယ်။
အဲဒီအလိုဆန္ဒ ပြည့်အောင် လုပ်ရတုန်းမှာလည်း စိတ်ချမ်းသာတယ်။
နောက်တော့လည်း ရေရှည်စိတ်ချမ်းသာမှုရတယ်။
အဲဒီအလိုဆန္ဒ ပြည့်လို့ သူ့အကျိုးကို ရေရှည်ခံစားရတယ် ဆိုရင် ကောင်းပါတယ်။
အချိန်ရှိသရွေ့ အလိုဆန္ဒတွေ အကြောင်းကိုပဲ စဉ်းစားနေရင်တော့ မကောင်းတော့ဘူး။
အလိုဆန္ဒဟာ စိတ်ကို အနားမပေးဘူး။ အလိုဆန္ဒတွေ များတဲ့သူဟာ စိတ်အနားမရဘူး။
ကိုယ့်အလိုဆန္ဒထဲမှာ ကိုယ့်စိတ် ချမ်းသာဖို့၊ သူများစိတ် ချမ်းသာဖို့၊ ဆိုတာပါသင့်တယ်။
အဲဒါကို ဦးစားပေးသင့်တယ်။
လူတိုင်း တကယ်လိုချင်တာ စိတ်ချမ်းသာမှုပါ။

+++++++++++++++++++++++++++




    ၂။     စိတ်ချမ်းသာအောင် လုပ်တဲ့နည်းထဲမှာ ကိုယ့်စိတ်ကိုကိုယ် သိပြီးတော၊့

 ကြည့်ပြီးတော့ စိတ်ချမ်းသာနေတာကို ပြန်အာရုံပြုတဲ့နည်းဟာ 

အရိုးဆုံးနဲ့ အကောင်းဆုံးနည်းပဲ။

ပထမ ကိုယ့်စိတ်ကိုကိုယ် ကြည့်တတ်အောင် လေ့ကျင့်ပါ။
စိတ်ချမ်းသာလာတဲ့အခါ စိတ်ချမ်းသာနေတယ်ဆိုတာကို ပြန်သိနေပါ။
စိတ်ချမ်းသာနေတယ်။ စိတ်ချမ်းသာနေတယ်။ အဲဒီလို လုပ်တာ များလာရင် စိတ်ကို သိလိုက်တာနဲ့
စိတ်ချမ်းသာနေတယ်။
ဘာမှ အပိုမလုပ်ရတဲ့ တိုက်ရိုက်နည်းပဲ။
စိတ်ကို သိတဲ့နည်းနဲ့တရားအားထုတ်တာကို အလေ့အကျင့် လုပ်ထားတဲ့သူအဖို့
နောက်ထပ် ဘာမှ ပြောဖို့ မလိုတော့ဘူး။

+++++++++++++++++++++++++++

ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် စိတ်ကို သိလိုက်ပြီး စိတ်ချမ်းသာအောင် နေလိုက်လို့ရတယ်။
ပြင်ပအကူအညီ ဘာမှ မလိုတော့ဘူး။                
အဲဒါ လွတ်လပ်တဲ့ မှီခိုမှုကင်းတဲ့ စိတ်ချမ်းသာနည်းပဲ။
အချိန်မရွေး၊ နေရာမရွေး ရနိုင်တယ်။
ဘယ်သူ့နဲ့မှ အဖော်ညှိစရာ မလိုဘူး။
ဘာမှ မကုန်ဘူး။
စိတ်နဲ့စိတ်ကို ချမ်းသာအောင် လုပ်တဲ့နည်းဟာ စိတ်ဓာတ်ကို ပိုပြီး ခိုင်မာရင့်ကျက်စေတယ်။
အသိဥာဏ်လည်း ပိုမြင့်လာတယ်။
စိတ်ဓာတ် ခိုင်မာရင့်ကျက်တဲ့သူ ဖြစ်လာတယ်။
ကိုယ့်ကို ဘယ်ပစ္စည်းကမှ မလွှမ်းမိုးနိုင်ဘူး။ ဘယ်သူမှလည်း မလွှမ်းမိုးနိုင်ဘူး။

+++++++++++++++++++++++++++



ပြင်ပကိုမှီခိုပြီးမှ ရတဲ့စိတ်ချမ်းသာမှုဟာ စိတ်ကို အားလျော့စေတယ်။
ကိုယ့်ကို စိတ်ချမ်းသာမှုပေးနိုင်တဲ့အရာဟာ ကိုယ့်ကို စိတ်ဆင်းရဲမှုလည်း ပေးနိုင်တယ်။
စိတ်က စိတ်ကို ချမ်းသာအောင် လုပ်နိုင်ရင် ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်အပေါ် မှာပဲ မူတည်တယ်။
မရမှာ မပူရတော့ဘူး။
ဘာပဲ လုပ်နေ လုပ်နေ မကြာခဏ စိတ်ကို သိပြီး စိတ်ချမ်းသာအောင်နေတဲ့အကျင့်ကို လုပ်ပါ။
တစ်ခါ ရသွားရင် နောက် ကြာလေ လွယ်လေ ဖြစ်လာမယ်။
ကြာကြာလုပ်လေ လွယ်လေပဲ။

+++++++++++++++++++++++++++

အလုပ်ကိစ္စတွေထဲမှာ စိတ်က နစ်နေတဲ့အခါ စိတ်ချမ်းသာမှုကို မေ့သွားတယ်။
စိတ်ချမ်းသာအောင်နေမယ်လို့ ဆုံးဖြတ်ထားပေမယ့် မေ့နေလို့ အလုပ်လုပ်ရင်း
အလုပ်သောက က စိတ်ကို လွှမ်းမိုးနေတော့တယ်။
ဒါကြောင့် စိတ်ကို သိပြီး စိတ်ချမ်းသာအောင် နေဖို့ မမေ့အောင် လုပ်ပါ။
ကိုယ့်ပတ်ဝန်ကျင်မှာ မြည်တတ်တဲ့ အသံတစ်ခုခုကို အမှတ်သင်္ကေတ အဖြစ်သုံးပါ။
စိတ်ပင်ပန်းလာတာနဲ့ စိတ်ချမ်းသာမှုဖက်ကို အလိုလိုသွားအောင် လေ့ကျင့်ပါ။
စိတ်ချမ်းသာအောင် နေတာကို လေ့ကျင့်ယူရမယ်။
မမေ့ဖို့ပဲ လိုတယ်။
သတိရတိုင်း စိတ်ကို စိတ်ချမ်းသာမှုဖက်ကို လမ်းတည့်ပေးပါ။

+++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။



Monday, May 7, 2012

“ ရှိခိုးတာချင်း မတူလို့လား...”




တစ်ခါတုန်းက
တောင်ကိုးရီးယား သင်္ဘောသားက 
 အင်္ဂလိပ်သင်္ဘောသားကို မေးတယ်။

“ ခင်ဗျားတို့ အင်္ဂလိပ်ရေတပ်ဟာ ဘာဖြစ်လို့ တိုက်ပွဲတွေ 
 အတော်များများမှာ အနိုင်ရတာလဲ ”

“မတိုက်ခင် ကျနော်တို့ ဘုရား ရှိခိုးတယ်။
ဒါကြောင့်ပါ ”

 တောင်ကိုးရီးယားက
“ ဟာ မဟုတ်တာ၊  
ကျနော်တို့လည်း ရှိခိုးတာပါပဲဗျ ”

အင်္ဂလိပ်သင်္ဘောသားပြန်ပြောလိုက်တာက...
“ ကျနော်တို့က အင်္ဂလိပ်လို ရှိခိုးတယ်လေ၊
ဟဲဟဲ ”

Sunday, May 6, 2012

"အမေ့ထံသို့ ပေးစာများ-၄၀..."





သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အမေ နေကောင်းလားဟင်။
သားတို့မိသားစု နေကောင်းကြပါတယ်။
ကျနော်တို့ မစ်ချီဂန်ရောက်တော့ အလုပ်မှာ ပိုအဆင်ပြေတယ်လို့ပြောရမယ်ထင်ပါတယ်။
ပိတ်ရက် နည်းသွားတယ်။ အလုပ်ဆင်းရက်များလာတယ်။
အလုပ်ဆင်းရက်များလာတော့ လခလည်း များလာတာပေါ့။
ဒီမှာက အလုပ်ချိန်နဲ့ ငွေကြေးက တိုက်ရိုက်အချိုးကျတယ်လေ။
ငွေကြေးများတော့ ငွေကို အဓိကထားတဲ့နိုင်ငံမှာ အဆင်ပြေတယ်လို့ပြောနိုင်တာပေါ့။
အဆင်မပြေတာ တစ်ခုတော့ရှိတယ်။
အဲဒါကတော့ ညတိုင်း အိပ်လို့မရဘူး။
အကြောင်းကတော့ ကြမ်းပိုးကိုက်တာပဲ။
ကြမ်းပိုးအကြောင်းပြောရင် အင်ဒီယားနားကို စရောက်တဲ့အချိန်ကစပြောရလိမ့်မယ်ထင်တယ်။
အစပိုင်းတုန်းကတော့ ကြမ်းပိုးကိုက်တယ်မထင်ဘူး။
အမေရိကန်မှာက ပိုးကောင်များများစားစား ရှိမယ်လို့မထင်ခဲ့ဘူး။
မြန်မာနိုင်ငံမှာတော့ ခြင်ကပေါက ပေါပါဘိသနဲ့။
အမေရိကန်နိုင်ငံမှာ ခြင်ကို မတွေ့ဖူးဘူး။
ဒါကြောင့်လည်း ကြမ်းပိုးရှိမယ်မထင်ဘူး။
ဒါပေမယ့် ညဖက်မှာ အိပ်ပြီးရင်တော့ ကိုယ်ခန္ဓာမှာ အနီစက်တွေ ပေါ်လာတယ်။
ယားတယ်။ ပြီးတော့ အဖုတွေဖြစ်လာတယ်။
နောက်တော့ ယားလို့ကုတ်ရင်းက အနာတွေ ဖြစ်လာတယ်။
အနာတွေ ပျောက်တော့ အနာရွတ်တွေ ကျန်ခဲ့တယ်။
တစ်ခုခုနဲ့မတည့်တာလို့ အစပိုင်းက ထင်ခဲ့တယ်။
လင်မယားနှစ်ယောက်စလုံးဖြစ်တယ်။
ယားနာလိမ်းဆေးတွေ လိမ်းဖြစ်တယ်။
သက်သာသလို ဖြစ်တော့ ဓာတ်မတည့်မှုလို့ လွယ်လွယ်ယူဆလိုက်တယ်။
ဝန်ထမ်းအများစုက နေလိုက်၊ပြောင်းလိုက်ဆိုတော့
အိမ်ခန်း အပတ်မန့်(Apartments)တွေရဲ့ထုံးစံအတိုင်း
ညစ်ပတ်လို့ဖြစ်တယ်လို့ထင်ခဲ့တယ်။
ညတိုင်း အဖုတွေကများများလာတော့ မသင်္ကာဖြစ်လာတယ်။
နီးစပ်တဲ့မိတ်ဆွေတွေကိုပြောပြတော့ ကြမ်းပိုးကိုက်တာ ဖြစ်နိုင်တယ်လို့ပြောကြတယ်။
သူငယ်ချင်းကိုပြောပြတော့ ကြမ်းပိုးကိုတွေ့လားလို့မေးတယ်။
မနီးစပ်ခဲ့တော့ မရှာဖွေမိဘူး။
မတွေ့ဖူးလို့ပြောတော့ ကြမ်းပိုးမဖြစ်နိုင်ဘူး။
ဓာတ်မတည့်တာ ပိုဖြစ်နိုင်တယ်လို့ပဲ ဆိုပြန်တယ်။
နောက်တော့ အပတ်မန့်တွေကို ပိုးသတ်ဆေးဖြန်းတဲ့ အမေရိကန်တစ်ယောက်လာတယ်။
အကျိုးအကြောင်းပြောပြတော့ သူက မွေ့ယာတွေကို လှမ်းကြည့်တယ်။
သူ့ရဲ့အားကောင်းလှတဲ့ဓာတ်မီးနဲ့ထိုးကြည့်တော့မှ ကြမ်းပိုးအကြီးကြီးကို စတွေ့တယ်။
ဒီတော့မှ ယားနာဖုတွေရဲ့လက်သည်တရားခံဟာ ကြမ်းပိုးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်။
သူ့ကိုပြောတော့ သူရဲ့အခုပါလာတဲ့ဆေးက မနိုင်နိုင်ဘူး။
ကုမ္ပဏီကို အကြောင်းကြားသင့်တယ်လို့ ပြောပြီ ပြန်သွားလေရဲ့။
ဒီတော့ ကြမ်းပိုးသေစေနိုင်တဲ့ဆေးတွေ ဝယ်ပြီးဖြန်းတော့ တာပေါ့။
ဒါပေမယ့် ကြမ်းပိုးသေတာတော့ မတွေ့မိဘူး။
ညတိုင်း အဖုတွေ၊ အနီစက်တွေက ထွက်မြဲထွက်နေတာပါပဲ။
အနာတွေအတွက်လည်း ဆေးအမျိုးမျိုးဝယ်ပြီး လိမ်းရပြန်တယ်။
ကြမ်းပိုးစားလို့တော်တော်ကုန်ပါတယ်။
ဒါနဲ့ပဲ အင်ဒီယားနားကနေ မစ်ချီဂန်ကိုပြောင်းရွေ့ခွင့်ရတယ်။
ကြမ်းပိုးရန်ကတော့ လွတ်ပြီးလို့ထင်လိုက်တယ်။
ဝမ်းသာလို့မဆုံးလိုက်ပါဘူး။ မစ်ချီဂန်ကျတော့ ပိုဆိုးနေတယ်။
ညတိုင်းကောင်းကောင်းမအိပ်ရဘူး။
တစ်ညကို အကောင်နှစ်ဆယ်ကျော်ဖမ်းမိတဲ့ညတွေ တောင်ရှိတယ်။
ညတိုင်းလိုလို ကြမ်းပိုးထထပြီး ဖမ်းနေရတယ်။တစ်ညကို
အနည်းဆုံး လေးငါးကြိမ်ကတော့ ထရတတ်တယ်။
ဒီတော့မှ နည်းနည်းအိပ်ရတယ်။
ကြမ်းပိုးကိုက်လို့ ညဖက် အိပ်မရ၊
နေ့ဖက်ကျတော့ အလုပ်ကများတော့ မနားရဘူး။
ကြာလာတော့ စိတ်ဓာတ်တွေ ကျဆင်းလာတယ်။
အမေရိကန်ရောက်ပြီး အကြီးအကျယ် စိတ်ဓာတ်တွေကျဆင်းတဲ့ကာလလို့ပြောရမယ်ထင်တယ်။
သန့်ရှင်းရေးကို အဓိကထားပြီးလုပ်ခဲ့တယ်။
အဝတ်အစားတွေ၊စောင်တွေ အပတ်စဉ်လျှော်ရတယ်။
အခန်းသန့်ရှင်းရေးအနေနဲ့vaccum စုပ်ရတယ်။
ဆေးတွေကတော့ ညတိုင်းဖြန်းနေရတုန်းပါပဲ။
ကြမ်းပိုးနည်းသွားပေမယ့် ရှိနေတုန်းပါပဲ။
အကိုက်ခံနေရတုန်းပဲအမေ။
အမေရိကန်ကြမ်းပိုးက အသက်ပိုပြင်းလေရော့သလား။
ပိုးသတ်ဆေးတွေ အများကြီးသုံးလည်း မသေဘူး။
ပိုးသတ်ဆေး မျိုးစုံအောင်ကို သုံးဖြစ်တယ်။
Shopping တွေဆီ သွားဖြစ်ရင် အရင်ဆုံးလိုက်ရှာတာက ကြမ်းပိုးဆေးပဲ။
ပြီးတော့ အနာလိမ်းဆေးတစ်မျိုးမျိုးဝယ်ရတယ်။
ပြီးတော့မှ ကျန်တာတွေကိုလိုက်ရှာဖြစ်တယ်။
အကုသိုလ်ကတော့ နေ့တိုင်းလိုလို ဖြစ်နေတဲ့သဘောပါပဲ။
ရောက်ဖူးတဲ့နေရာ လေးနေရာမှာတော့ ကာလီးဖိုးနီးယားကတော့ရာသီဥတု
အမျှတဆုံးလို့ပြောနိုင်တယ်။ သမုဒ္ဒရာနဲ့ နီးလို့ထင်တယ်။
အပူအအေးမျှတတယ်။ နေလို့ကောင်းတယ်။
နေလို့ကောင်းလို့ထင်ပါရဲ့။ လူနေထူထပ်တယ်။
လူနေမှုစရိတ်တွေ မြင့်မားလွန်းတယ်။
ငွေကုန်ကြေးကျများပြီး အလုပ်က ရှားနေတော့
ရေရှည်နေဖို့မဖြစ်နိုင်မှန်းသိလို့ စောစောပဲ ထွက်ခဲ့တယ်။
အင်ဒီယားက အေးတယ်။ ရေခဲတဲ့နေ့ရက်တွေနဲ့လည်း ကြုံခဲ့ရပါတယ်။
အင်ဒီယားနားထက် မစ်ချီဂန်က ပိုအေးတယ်လို့ သတင်းကြီးတယ်။
ကျနော်တို့ရောက်တဲ့အချိန်က နွေဦးရာသီဆိုတော့ မစ်ချီဂန်မှာ နေလို့ကောင်းတဲ့ရာသီဖြစ်နေပါတယ်။
ဒါတောင် အနွေးထည် မဝတ်ပဲ မနေနိုင်ပါဘူး။
အပြင်ထွက်ရင် အေးတုန်းပါပဲ။
နေလို့ကောင်းတဲ့ရာသီဆိုတာတောင်
မြန်မာနိုင်ငံရဲ့အအေးဆုံးဒေသတွေထက်တောင် အေးနေတုန်းပါပဲ။
အေးတဲ့အတွက် ကောင်းတဲ့အချက်ကတော့ အအေးကိုကြိုက်တဲ့သစ်ပင်၊ပန်းပင်တွေ
ရောင်စုံဖူးပွင့်နေတာပါပဲအမေ။
ကားမောင်းသွားရင် ဘေးတစ်ဖက်တစ်ချက်မှာ ရောင်စုံသစ်ပင်၊ပန်းပင်တွေကြောင့်
စိတ်ကြည်နူးရတယ်။ တော်တော်လှပတဲ့မြင်ကွင်းပါပဲ။
ဘာဘဲဖြစ်ဖြစ် ဒီမှာနေတာကဟာ အကောင်း၊အဆိုးတွေက
ဒွန်တွဲနေတယ်ဆိုတဲ့တရားသဘောကတော့
ပိုမို မြင်သာ၊ထင်သာစေပါတယ်။
ခံယူတတ်ရင် ဘေးတစ်ဖက် တစ်ချက်မှာ တရားတွေချည်းပါပဲ။
အဲဒါကို သတိထားမိဖို့ပဲလိုပါတယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
ဒီလကုန်ရင် အမေ့ဆီကို ငွေပို့လိုက်ပါ့မယ်။

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၅-၆-၂၀၁၂


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com