Sunday, May 6, 2012

"အမေ့ထံသို့ ပေးစာများ-၄၀..."





သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အမေ နေကောင်းလားဟင်။
သားတို့မိသားစု နေကောင်းကြပါတယ်။
ကျနော်တို့ မစ်ချီဂန်ရောက်တော့ အလုပ်မှာ ပိုအဆင်ပြေတယ်လို့ပြောရမယ်ထင်ပါတယ်။
ပိတ်ရက် နည်းသွားတယ်။ အလုပ်ဆင်းရက်များလာတယ်။
အလုပ်ဆင်းရက်များလာတော့ လခလည်း များလာတာပေါ့။
ဒီမှာက အလုပ်ချိန်နဲ့ ငွေကြေးက တိုက်ရိုက်အချိုးကျတယ်လေ။
ငွေကြေးများတော့ ငွေကို အဓိကထားတဲ့နိုင်ငံမှာ အဆင်ပြေတယ်လို့ပြောနိုင်တာပေါ့။
အဆင်မပြေတာ တစ်ခုတော့ရှိတယ်။
အဲဒါကတော့ ညတိုင်း အိပ်လို့မရဘူး။
အကြောင်းကတော့ ကြမ်းပိုးကိုက်တာပဲ။
ကြမ်းပိုးအကြောင်းပြောရင် အင်ဒီယားနားကို စရောက်တဲ့အချိန်ကစပြောရလိမ့်မယ်ထင်တယ်။
အစပိုင်းတုန်းကတော့ ကြမ်းပိုးကိုက်တယ်မထင်ဘူး။
အမေရိကန်မှာက ပိုးကောင်များများစားစား ရှိမယ်လို့မထင်ခဲ့ဘူး။
မြန်မာနိုင်ငံမှာတော့ ခြင်ကပေါက ပေါပါဘိသနဲ့။
အမေရိကန်နိုင်ငံမှာ ခြင်ကို မတွေ့ဖူးဘူး။
ဒါကြောင့်လည်း ကြမ်းပိုးရှိမယ်မထင်ဘူး။
ဒါပေမယ့် ညဖက်မှာ အိပ်ပြီးရင်တော့ ကိုယ်ခန္ဓာမှာ အနီစက်တွေ ပေါ်လာတယ်။
ယားတယ်။ ပြီးတော့ အဖုတွေဖြစ်လာတယ်။
နောက်တော့ ယားလို့ကုတ်ရင်းက အနာတွေ ဖြစ်လာတယ်။
အနာတွေ ပျောက်တော့ အနာရွတ်တွေ ကျန်ခဲ့တယ်။
တစ်ခုခုနဲ့မတည့်တာလို့ အစပိုင်းက ထင်ခဲ့တယ်။
လင်မယားနှစ်ယောက်စလုံးဖြစ်တယ်။
ယားနာလိမ်းဆေးတွေ လိမ်းဖြစ်တယ်။
သက်သာသလို ဖြစ်တော့ ဓာတ်မတည့်မှုလို့ လွယ်လွယ်ယူဆလိုက်တယ်။
ဝန်ထမ်းအများစုက နေလိုက်၊ပြောင်းလိုက်ဆိုတော့
အိမ်ခန်း အပတ်မန့်(Apartments)တွေရဲ့ထုံးစံအတိုင်း
ညစ်ပတ်လို့ဖြစ်တယ်လို့ထင်ခဲ့တယ်။
ညတိုင်း အဖုတွေကများများလာတော့ မသင်္ကာဖြစ်လာတယ်။
နီးစပ်တဲ့မိတ်ဆွေတွေကိုပြောပြတော့ ကြမ်းပိုးကိုက်တာ ဖြစ်နိုင်တယ်လို့ပြောကြတယ်။
သူငယ်ချင်းကိုပြောပြတော့ ကြမ်းပိုးကိုတွေ့လားလို့မေးတယ်။
မနီးစပ်ခဲ့တော့ မရှာဖွေမိဘူး။
မတွေ့ဖူးလို့ပြောတော့ ကြမ်းပိုးမဖြစ်နိုင်ဘူး။
ဓာတ်မတည့်တာ ပိုဖြစ်နိုင်တယ်လို့ပဲ ဆိုပြန်တယ်။
နောက်တော့ အပတ်မန့်တွေကို ပိုးသတ်ဆေးဖြန်းတဲ့ အမေရိကန်တစ်ယောက်လာတယ်။
အကျိုးအကြောင်းပြောပြတော့ သူက မွေ့ယာတွေကို လှမ်းကြည့်တယ်။
သူ့ရဲ့အားကောင်းလှတဲ့ဓာတ်မီးနဲ့ထိုးကြည့်တော့မှ ကြမ်းပိုးအကြီးကြီးကို စတွေ့တယ်။
ဒီတော့မှ ယားနာဖုတွေရဲ့လက်သည်တရားခံဟာ ကြမ်းပိုးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်။
သူ့ကိုပြောတော့ သူရဲ့အခုပါလာတဲ့ဆေးက မနိုင်နိုင်ဘူး။
ကုမ္ပဏီကို အကြောင်းကြားသင့်တယ်လို့ ပြောပြီ ပြန်သွားလေရဲ့။
ဒီတော့ ကြမ်းပိုးသေစေနိုင်တဲ့ဆေးတွေ ဝယ်ပြီးဖြန်းတော့ တာပေါ့။
ဒါပေမယ့် ကြမ်းပိုးသေတာတော့ မတွေ့မိဘူး။
ညတိုင်း အဖုတွေ၊ အနီစက်တွေက ထွက်မြဲထွက်နေတာပါပဲ။
အနာတွေအတွက်လည်း ဆေးအမျိုးမျိုးဝယ်ပြီး လိမ်းရပြန်တယ်။
ကြမ်းပိုးစားလို့တော်တော်ကုန်ပါတယ်။
ဒါနဲ့ပဲ အင်ဒီယားနားကနေ မစ်ချီဂန်ကိုပြောင်းရွေ့ခွင့်ရတယ်။
ကြမ်းပိုးရန်ကတော့ လွတ်ပြီးလို့ထင်လိုက်တယ်။
ဝမ်းသာလို့မဆုံးလိုက်ပါဘူး။ မစ်ချီဂန်ကျတော့ ပိုဆိုးနေတယ်။
ညတိုင်းကောင်းကောင်းမအိပ်ရဘူး။
တစ်ညကို အကောင်နှစ်ဆယ်ကျော်ဖမ်းမိတဲ့ညတွေ တောင်ရှိတယ်။
ညတိုင်းလိုလို ကြမ်းပိုးထထပြီး ဖမ်းနေရတယ်။တစ်ညကို
အနည်းဆုံး လေးငါးကြိမ်ကတော့ ထရတတ်တယ်။
ဒီတော့မှ နည်းနည်းအိပ်ရတယ်။
ကြမ်းပိုးကိုက်လို့ ညဖက် အိပ်မရ၊
နေ့ဖက်ကျတော့ အလုပ်ကများတော့ မနားရဘူး။
ကြာလာတော့ စိတ်ဓာတ်တွေ ကျဆင်းလာတယ်။
အမေရိကန်ရောက်ပြီး အကြီးအကျယ် စိတ်ဓာတ်တွေကျဆင်းတဲ့ကာလလို့ပြောရမယ်ထင်တယ်။
သန့်ရှင်းရေးကို အဓိကထားပြီးလုပ်ခဲ့တယ်။
အဝတ်အစားတွေ၊စောင်တွေ အပတ်စဉ်လျှော်ရတယ်။
အခန်းသန့်ရှင်းရေးအနေနဲ့vaccum စုပ်ရတယ်။
ဆေးတွေကတော့ ညတိုင်းဖြန်းနေရတုန်းပါပဲ။
ကြမ်းပိုးနည်းသွားပေမယ့် ရှိနေတုန်းပါပဲ။
အကိုက်ခံနေရတုန်းပဲအမေ။
အမေရိကန်ကြမ်းပိုးက အသက်ပိုပြင်းလေရော့သလား။
ပိုးသတ်ဆေးတွေ အများကြီးသုံးလည်း မသေဘူး။
ပိုးသတ်ဆေး မျိုးစုံအောင်ကို သုံးဖြစ်တယ်။
Shopping တွေဆီ သွားဖြစ်ရင် အရင်ဆုံးလိုက်ရှာတာက ကြမ်းပိုးဆေးပဲ။
ပြီးတော့ အနာလိမ်းဆေးတစ်မျိုးမျိုးဝယ်ရတယ်။
ပြီးတော့မှ ကျန်တာတွေကိုလိုက်ရှာဖြစ်တယ်။
အကုသိုလ်ကတော့ နေ့တိုင်းလိုလို ဖြစ်နေတဲ့သဘောပါပဲ။
ရောက်ဖူးတဲ့နေရာ လေးနေရာမှာတော့ ကာလီးဖိုးနီးယားကတော့ရာသီဥတု
အမျှတဆုံးလို့ပြောနိုင်တယ်။ သမုဒ္ဒရာနဲ့ နီးလို့ထင်တယ်။
အပူအအေးမျှတတယ်။ နေလို့ကောင်းတယ်။
နေလို့ကောင်းလို့ထင်ပါရဲ့။ လူနေထူထပ်တယ်။
လူနေမှုစရိတ်တွေ မြင့်မားလွန်းတယ်။
ငွေကုန်ကြေးကျများပြီး အလုပ်က ရှားနေတော့
ရေရှည်နေဖို့မဖြစ်နိုင်မှန်းသိလို့ စောစောပဲ ထွက်ခဲ့တယ်။
အင်ဒီယားက အေးတယ်။ ရေခဲတဲ့နေ့ရက်တွေနဲ့လည်း ကြုံခဲ့ရပါတယ်။
အင်ဒီယားနားထက် မစ်ချီဂန်က ပိုအေးတယ်လို့ သတင်းကြီးတယ်။
ကျနော်တို့ရောက်တဲ့အချိန်က နွေဦးရာသီဆိုတော့ မစ်ချီဂန်မှာ နေလို့ကောင်းတဲ့ရာသီဖြစ်နေပါတယ်။
ဒါတောင် အနွေးထည် မဝတ်ပဲ မနေနိုင်ပါဘူး။
အပြင်ထွက်ရင် အေးတုန်းပါပဲ။
နေလို့ကောင်းတဲ့ရာသီဆိုတာတောင်
မြန်မာနိုင်ငံရဲ့အအေးဆုံးဒေသတွေထက်တောင် အေးနေတုန်းပါပဲ။
အေးတဲ့အတွက် ကောင်းတဲ့အချက်ကတော့ အအေးကိုကြိုက်တဲ့သစ်ပင်၊ပန်းပင်တွေ
ရောင်စုံဖူးပွင့်နေတာပါပဲအမေ။
ကားမောင်းသွားရင် ဘေးတစ်ဖက်တစ်ချက်မှာ ရောင်စုံသစ်ပင်၊ပန်းပင်တွေကြောင့်
စိတ်ကြည်နူးရတယ်။ တော်တော်လှပတဲ့မြင်ကွင်းပါပဲ။
ဘာဘဲဖြစ်ဖြစ် ဒီမှာနေတာကဟာ အကောင်း၊အဆိုးတွေက
ဒွန်တွဲနေတယ်ဆိုတဲ့တရားသဘောကတော့
ပိုမို မြင်သာ၊ထင်သာစေပါတယ်။
ခံယူတတ်ရင် ဘေးတစ်ဖက် တစ်ချက်မှာ တရားတွေချည်းပါပဲ။
အဲဒါကို သတိထားမိဖို့ပဲလိုပါတယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
ဒီလကုန်ရင် အမေ့ဆီကို ငွေပို့လိုက်ပါ့မယ်။

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၅-၆-၂၀၁၂


Saturday, May 5, 2012

"သစ္စာစကား မှန်ကန်ခဲ့မယ်ဆိုရင်..."





တစ်ခါတုန်းက
တောရွာတစ်ရွာမှာ သားအမိသုံးယောက်နေထိုင်ကြတယ်။
တစ်နေ့တော့ မိခင်ကြီးဟာ ရောဂါတစ်ခုဖြစ်ပြီး အိပ်ရာထဲလဲနေပါတယ်။
သမားတော် အတော်များများနဲ့ကုသပါတယ်။ ရောဂါက မပျောက်ပါဘူး။
ဘာဆေးဆေးနဲ့ကုကု ရောဂါက မပျောက်တော့
လူနာနဲ့မိသားစုဟာ စိတ်ဓာတ်တွေ ကျဆင်းလာပါတယ်။
အဲဒီအချိန်မှာ သမားတော်တစ်ယောက်က ယုန်သွေးလတ်လတ်ဆတ်ဆတ်
သာရှာပေးနိုင်ရင် ပျောက်အောင် ကုပေးမယ်လို့ေ ပြာပါတယ်။
ညီအကို နှစ်ယောက်ဟာ အမေရဲ့ရောဂါပျောက်ဖို့အတွက်ဖြစ်တာကြောင့်
အကိုက ညီဖြစ်သူကို ယုန်အရှင်တစ်ကောင်ကို ဖမ်းဖို့ခိုင်းလိုက်ပါတယ်။
ညီကလည်း ကျော့ကွင်းထောင်တော့ ယုန်တစ်ကောင်ကို မိပါတယ်။
မိနေတဲ့ယုန်ကို သွားဖြုတ်တော့ ယုန်က သေမှာကြောက်တဲ့အတွက်
တဆတ်ဆတ် တုန်နေပါတယ်။ ယုန်ကိုတွေ့တော့ ညီဟာ သနားသွားတယ်။
ပြီးတော့ တွေးမိတယ်။
“လူတစ်ယောက် အသက်ရှင်ဖို့ အခြားသတ္တဝါတစ်ကောင် သေရတယ်ဆိုတာ နည်းလမ်းတော့
မကျလှဘူး။ ငါ့အမေတော့ အသက်ရှင်စေ၊ ယုန်လေးရဲ့အသက်တော့ သေစေဆိုတာကတော့
မတရားဘူး။ အခြားနည်းလမ်းတစ်ခုခုတော့ ရှိရမယ်” လို့တွေးမိပြီး
မိနေတဲ့ယုန်လေးကို ပြန်လွှတ်လိုက်တယ်။
အိမ်ပြန်ရောက်တော့ အကိုကမေးတော့ ညီလေးက အမှန်အတိုင်းပြောပြလိုက်တယ်။
ဒီတော့ အကိုက ညီလေးကို ဆူပူကြိမ်းမောင်းတာပေါ့။
ညီလေးက အကိုကို ဘာမှပြန်မပြောပဲ မိခင်ရဲ့အခန်းထဲဝင်သွားတယ်။
ပြီးတော့ သောက်ရေတစ်ခွက် ခပ်လိုက်တယ်။
သစ္စာဆိုတယ်။ ဒီလိုအခက်အခဲမျိုးက သစ္စာမှတစ်ပါးအခြားဘာအရာနဲ့မှ ဖြေရှင်းမရနိုင်ဘူး။
သစ္စာသာ အားကိုးရာဖြစ်တယ်။
ညီလေးက
“ငါဟာ သိတတ်တဲ့အရွယ်ကစပြီး သူတစ်ပါးရဲ့အသက်ကို သေစေလိုတဲ့စေတနာနဲ့
တစ်ကြိမ်တစ်ခါမှ မသတ်ခဲ့ဖူးပါ။ဒီစကားဟာ မှန်ကန်ပါတယ်။ ဒီမှန်ကန်တဲ့သစ္စာစကားကြောင့်
အခု ငါ့ရဲ့အမေ ဖြစ်ပေါ်နေတဲ့ရောဂါ ဝေဒနာတွေ အမြန်ဆုံးပျောက်ကင်းပါစေသတည်း”လို့
သစ္စာစကားဆိုပါတယ်။
ပြီးတော့ အဲဒီသစ္စာရေကို ရောဂါဝေဒနာခံစားနေတဲ့ မိခင်ကို တိုက်လိုက်ပါတယ်။
သမားတော်အတော်များများနဲ့ကုသလို့မပျောက်ခဲ့တဲ့မိခင်ရဲ့ဝေဒနာဟာ
မကြာခင်မှာပဲ ပျောက်ကင်း၊ကျန်းမာလာပါတယ်။


+++++++++++++++++++++++++++
 ကြီးမားတဲ့အခက်အခဲ ဖြစ်ပေါ်လာတဲ့အခါ မှန်ကန်တဲ့သစ္စာစကားကို အားကိုးအားထား
ပြုနိုင်တဲ့ အဖြစ် အပျက်တစ်ခုဖြစ်တယ်။
လူတိုင်းလူတိုင်း တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကြီးမားတဲ့အခက်အခဲဆိုတာ
ဖြစ်ပေါ်တတ်ပါတယ်။
အဲဒီအခက်အခဲကို မမှန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းမယ့်အစား
သစ္စာပြုတိုင်တည်ပြီးဖြေရှင်းတာက ပိုမိုအဆင်ပြေနိုင်ကြောင်းကို
သတိပေးထားတဲ့အကြောင်းအရာဖြစ်ပါတယ်။
သတိထားရင် သတိရှိပါတယ်။ 
သတိရှိရင် ဖြေရှင်းမယ့်နည်းလမ်း ရှိကြောင်း သိနိုင်ပါတယ်။

Friday, May 4, 2012

"အော်...သနားပါဘိ..."



တစ်ခါတုန်းက
ကော့သောင်းမြို့ရဲ့ ခွဲစိတ်ခန်းတွင် ဖြစ်တယ်။
လူနာဖြစ်သူကိုအောင်ညိမ်းဟာ မေ့ဆေးပြယ်ပြီး သတိရလာတယ်။
ဒေါက်တာ၊ 
 ကျနော့်ခြေထောက်ကို
စမ်းလို့ မရပါလား ခင်ဗျား

ခွဲစိတ်ဆရာဝန်ဒေါက်တာခင်မောင်ဝင်းပြန်ပြောလိုက်တာက
အေးဗျာ၊ 
 ခင်ဗျာရဲ့ လက်နှစ်ဘက်စလုံးကို
ကျနော်တို့ ဖြတ်လိုက်ရတယ်"




Thursday, May 3, 2012

“ လုပ်အားတန်ဖိုး ချစ်မြတ်နိုး…”





တစ်ခါတုန်းက  

ကွန်ပျူတာတင်ထာတဲ့ စားပွဲရှေ့မှာ

စာရေးမနှစ်ယောက်ထိုင်နေကြတယ်။

မနှင်းဆီဆိုသူတစ်ယောက်ကပြောတယ်။

ယူ သိလား၊

ဒီကွန်ပျူတာကလေးဟာ ယောက်ျားဆယ်ယောက်ရဲ့

လုပ်အားကို အစားထိုးနိုင်သတဲ့

မခွာညိုဆိုသူ အမျိုးသမီးပြန်ပြောလိုက်တာက...

ယူ ပြောတာ မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်၊

ဒါပေမယ့် အိုင်ကတော့ ဘာဘဲပြောပြော

ယောက်ျားရဲ့လုပ်အားကိုပဲ ပိုကြိုက်တယ်




Wednesday, May 2, 2012

"သူရဲကောင်းဆိုတာ ဘာလဲ…"






ကျနော် အလုပ်ပင်ပန်းတဲ့အချိန်၊ အလုပ်အားရက်တစ်ရက်မှာ
စိတ်အပန်းဖြေတဲ့အနေနဲ့ နိုင်ငံခြားရုပ်ရှင်ကားတစ်ကားကို ကြည့်ဖြစ်ခဲ့တယ်။
အဲဒီကားက ထရွိုင်(Troy) ဆိုတဲ့ဇာတ်ကား။
သမိုင်းနောက်ခံထားတဲ့ကားတစ်ကားပါ။
အာခီးလိဆိုတဲ့လူစွမ်းကောင်းအဖြစ် ကမ္ဘာကျော်ရုပ်ရှင်မင်းသားအဖြစ် ဘရတ်ပစ်တ်( Brad Pitt)က
ပီပီပြင်ပြင် သရုပ်ဆောင်ထားတယ်။ အလွန်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။
ဇာတ်ကားကောင်းတို့မည်သည် တစ်ခါကြည့်ရုံနဲ့မလုံလောက်ပါဘူး။                
နောက်ပိုင်း စိတ်အလေ့အကျင့်ကောင်းတွေရဖို့အကြိမ်ကြိမ်အထပ်ထပ် ကြည့်ဖြစ်ခဲ့ပါတယ်။

+++++++++++++++++++++++++++


အလွန်ချောမောလှပတဲ့ ဟယ်လင်မင်းသမီးကို 
ပဲရစ်ဆိုတဲ့ ထရွိုင်(Troy) မင်းသားငယ်က လှေပေါ်တင်ပြီး
ခိုးပြေးတယ်။မင်းသားကြီး ဟက်တာက လမ်းတစ်ဝက်ရောက်မှ သိရတော့ ဘာမှလုပ်လို့မရတော့ဘူး။
အဲဒီဟယ်လင်မင်းသမီးကိုအကြောင်းပြုပြီး ထရွိုင်(Troy)နဲ့ ဂရိတွေ စစ်ဖြစ်ကြတယ်။
စစ်သဘောင်္ အစီးပေါင်း ထောင်ကျော်နဲ့ ထရွိုင်(Troy)ကို လာဝိုင်းထားတယ်။
အဲဒီစစ်သဘောင်္တွေထဲမှာ လူစွမ်းကောင်း အာခီလိပါလာတယ်။
အာခီလိဟာ သူနဲ့ဘယ်သူပြိုင်ပြိုင် သူကနိုင်တာချည်းပါပဲ။

+++++++++++++++++++++++++++
တစ်နေ့တော့ အာခီလိအရမ်းချစ်ရတဲ့ညီဝမ်းကွဲဟာ ဟက်တာပစ်လိုက်တဲ့လှံနဲ့
သေဆုံးသွားတာကို အာခီလိက သိတော့ ဒေါသထွက်တယ်။
ဒီတော့ တစ်ယောက်ချင်းစိန်ခေါ်ဖို့ ထရွိုင်မြို့ရိုးနားကို ကပ်ပြီး အော်တယ်။
“ဟေ့ကောင်…ဟက်တာ၊ သတ္တိရှိရင် ထွက်ခဲ့”လို့
အကြိမ်ကြိမ်အော်တယ်။           
အာခီလိကိုယှဉ်ပြိုင်ရဲတဲ့သူမရှိပါဘူး။
ယှဉ်ပြိုင်တဲ့သူတိုင်း ရှုံးတာချည်းပါပဲ။ သေတာချည်းပါပဲ။
ဒါကို ဟက်တာက သိတယ်။ဘုရင်ကြီးလည်းသိတယ်။
မြှားသည်တော်တွေက အာခီလိကို ဝိုင်းပစ်မယ်လုပ်တော့ 
မင်းသားကြီးဟက်တာက တားတယ်။                      
“ထရွိုင် ရဲ့သမိုင်းကို အမည်းကွက်မစွန်းထင်စေချင်ဘူး။
သူစိန်ခေါ်နေတာက ငါ့ကို ဖြစ်တဲ့အတွက် ငါကိုယ်တိုင်ပဲ ထွက်တိုက်မယ်”
လို့ပြောပြီးထွက်တိုက်တယ်။
ထရွိုင်ရဲ့ဘုရင်ကြီးကလည်း သူ့သားရှုံးနိုင်တယ်ဆိုတာ သိတယ်။
ဒါပေမယ့် သူရဲကောင်းဆိုတာ စစ်မြေပြင်မှာသာ ကျဆုံးရတာ ဓမ္မတာမို့ မတားဘူး။
တကယ်တန်းထွက်တိုက်တော့ အတော်ကိုကြည့်ကောင်းတဲ့ပြိုင်ပွဲပါပဲ။
နောက်ဆုံးတော့ မင်းသားကြီးဟက်တာ ဟာ အာခီလိပစ်လိုက်တဲ့လှံနဲ့ပဲ ကျဆုံးသွားတယ်။
အာခီလိဟာ ဒေါသထွက်နေတာမို့ ဟက်တာရဲ့ခြေထောက်ကို ကြိုးနဲ့တုတ်ပြီး 
သူရဲ့စစ်ရထားနောက်မှာ ချည်နှောင်ပြီး သူရဲ့စစ်စခမ်းကို ထရွှတ်တိုက်ဆွဲလာခဲ့တယ်။
မြို့ရိုးပေါ်က တိုက်ပွဲကိုကြည့်နေတဲ့ဘုရင်မိသားစုတွေ ရင်ကွဲပက်လက်ဖြစ်ကျန်ခဲ့ကြတယ်။

+++++++++++++++++++++++++++


အဲဒီည အာခီလိ ဒါးသွေးနေတဲ့အချိန်မှာ ခေါင်းကို မိုးကာခေါင်းဆောင်းနဲ့အုပ်ထားတဲ့
အဖိုးကြီးတစ်ယောက် စစ်စခမ်းရဲ့တဲနန်းထဲဝင်လာတယ်။
 မိုးကာခေါင်းဆောင်းကို ဖွင့်လိုက်ပြီးတော့ 
လူစွမ်းကောင်း အာခီလိရဲ့လက်အစုံကို နမ်းတယ်။
အာခီလိက "ခင်ဗျား ဘယ်သူလဲ" လို့မေးတော့...              
                            
“ဒီကမ္ဘာမြေကြီးပေါ်မှာ ဘယ်လိုလူမျိုးမှ သီးခံနိုင်စွမ်းမရှိတဲ့ ခံစားမှုတွေနဲ့လူတစ်ယောက်ပါပဲ၊
ငါ့သားကိုသတ်တဲ့လူရဲ့လက်အစုံကို ငါ နမ်းရှုတ်ဂုဏ်ပြုပါတယ်”         
  
အာခီလိက       
“ဒီလိုဆို ခင်ဗျားဟာ ဘရီယာန်ဘုရင်ကြီးပေါ့၊
ခင်ဗျားဘယ်လို လုပ်ပြီးဒီကိုရောက်နေတာလဲ၊ 
ဒါဟာ စစ်စခမ်းပဲ”
ဘရီယာန်ဘုရင်ကြီးက
“ ဒါဟာ ငါပိုင်တဲ့နယ်မြေပဲ။ ငါ့မြေအကြောင်း ရန်သူဂရိတွေထက် ငါပိုသိတာပေါ့”
အာခီလိကပြန်ပြောတယ်။
“ခင်ဗျားဟာ တော်တော်သတ္တိကောင်းလှပါလား၊ ဒါပေမယ့် လက်တစ်ပြစ်အတွင်းမှာ
ခင်ဗျားခေါင်းကိုဖြတ်ပြီး တိုင်ပေါ်ချိတ်ထားလိုက်ရင် ခင်ဗျားသတ္တိတွေ အလကားဖြစ်သွားမှာပေါ့”
ပရီယာန်ဘုရင်ကြီးက...
“မင်းက ငါ့ကို သေခြင်းနဲ့ချိန်းခြောက်တာလား၊
 ငါ့သားကြီးသေဆုံးပြီးနောက် ငါ့အဖို့ အရာအားလုံးသေဆုံးသွားပါပြီ၊
ဘာဆိုဘာမှ မရှိတော့ပါဘူး။
မင်း ငါ့သားကို သတ်ခဲ့တယ်၊ငါ့သားအလောင်းကို မင်းမြေကြီးပေါ်မှာ ဒရျွတ်တိုက်ဆွဲခဲ့တယ်။ ငါ့မြင်ခဲ့တယ်။
ငါ့သားရဲ့အလောင်းကို ပြန်ပေးပါကွာ၊သူဟာ အခမ်းအနားနဲ့သင်္ဂြုလ်ထိုက်တဲ့သူပါ”
အာခီလိက
“သူက ကျုပ်ရဲ့ညီကို သတ်ခဲ့တယ်လေ”

ပရီယာန်ဘုရင်ကြီးက...
“မင်းညီမှန်းသိလို့ရွေးသတ်ခဲ့တာလား၊
ဒါဟာ စစ်ဖြစ်နေတာလေ။ညီတွေ၊အကိုတွေ၊တူတွေ၊ဦလေးတွေ၊ အဖေတွေ မရွေးနိုင်ဘူး။
လူစွမ်းကောင်း အာခီလိအခေါ်ခံရဖို့ ညီတွေ၊အကိုတွေ၊ ဦးလေးတွေ၊ အဖေတွေ ဘယ်လောက်များများ သတ်ခဲ့ပြီးပြီလဲဆိုတာ မင်းစဉ်းစားပါအုန်း၊
 အေး…ငါ့မှာတော့ မင်းဖျက်ဆီးလိုက်တဲ့အတွက် အရာအားလုံး ပျက်စီးသွားပြီး။ 
ငါ့ရဲ့အနာဂတ်၊
 ငါ့ထီးနန်းကို ဆက်ခံမယ့်သူ၊
ငါ့တိုင်းပြည်ကို ကာကွယ်မယ့်သူ ငါ့သားတော်ကြီး
မရှိတော့ဘူးကွ၊ငါ့ကို လူတွေက ဘုရင်ကြီးလို့ဘယ်လောက်ခေါ်ခေါ်  အဲဒီဘုရင်ကြီးဟာ သူဖြစ်ချင်တာတွေ ဘာမှမဖြစ်တော့တဲ့၊
 ပြောင်းလွဲနိုင်စွမ်းမရှိတော့တဲ့ဘုရင်အိုကြီး ဖြစ်သွာပြီလေ။
အေး…မင်းအဖေကို ငါသိတယ်။ မင်းအဖေဟာလေ အရွယ်မတိုင်ခင်မှာ သေသွားတာ၊
မင်းအဖေဟာ သိပ်ကံကောင်းတယ်ကွာ၊ မင်းအဖေဟာ သူ့သားကျဆုံးသွားတာကို ဘယ်တော့မှ မြင်မသွားရဘူး။ 
ငါ့ကျတော့ အဲဒီလိုမဟုတ်ဘူး။ ငါ့သားတော်ကြီး ကျဆုံးသွားတာကို မြင်ရတယ်။
ငါ့လောက်ကံဆိုးတဲ့အဖေ ရှိဦးမလားကွာ၊
ငါ့သားကို ငါသိပ်ချစ်တာ၊
 သူ့မျက်လုံးအစုံ ပွင့်တဲ့အချိန်ကစပြီး မင်းသတ်လို့ သူ့မျက်လုံးအစုံ ပိတ်တဲ့အချိန်အထိ 
ငါ မနားတမ်း ချစ်ခဲ့တာပါကွာ၊
သူ့အလောင်းကို ပြန်ပေးပါကွာ၊ သူ့ရဲ့အလောင်းကို ဆေးကြောသုတ်သင်ပေးပါရစေ၊
သူ့ရဲ့မျက်လုံးအစုံဟာ ရွှေဒင်္ဂါးနှစ်ပြားကပ်ပြီး ဘဝကူးကောင်းအောင် ဆုတောင်းပေးပါရစေ၊
မင်း ငါ့ကို အဲဒီအခွင့်အရေးကိုတော့ ပေးပါကွာ”
အာခီလိက...
“ကျုပ် တစ်ရေးအိပ်လိုက်လို့ ပြန်နိုးလာတဲ့အချိန်မှာ ကျုပ်ရန်သူဟာ ကျုပ်ရန်သူပါပဲ။
ခင်ဗျားရဲ့သားအလောင်းကို ပြန်ပေးလိုက်လို့လဲ ခင်ဗျားဟာ ကျုပ်ရဲ့ရန်သူပါပဲ။
ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ”
ပရီယာန်ဘုရင်ကြီးက...
“ ငါက ညအိပ်ရာမဝင်ခင်ကထဲကိုက မင်းဟာ ငါ့ရန်သူပါပဲ၊
ဒါပေမယ့် ရန်သူဟာလည်း လူပဲ။ လူဆိုတာ ဂါဝရတရားရှိရတယ်။
လူဆိုတာ လေးစားထိုက်တဲ့အရာကို လေးစားရတယ်။
ငါ မင်းရဲ့သတ္တိကို လေးစားတယ်။ငါ့သားကို ပြန်ပေးပါ”
အာခီလိက
“ခင်ဗျား သားရဲ့အလောင်းကို ပြန်ပေးမယ်၊ ခင်ဗျား တဲအပြင်ကစောင့်နေပါ။
ကျုပ်ရင်ဆိုင်ရတဲ့ရန်သူတွေထဲမှာ ခင်ဗျားသားဟာ အတော်ဆုံးပါပဲ၊
ခင်ဗျားသားကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ကစပြီး ၁၂-ရက်အတွင်းမှာ စစ်ပြေငြိမ်းထားလိုက်ပါ့မယ်
ဒါးတစ်ချောင်း၊လှံတစ်စင်းမှ ခင်ဗျားတို့ဆီမကျရောက်စေရဘူး၊ 
ဒါဆိုရင် ကျုပ်က ခင်ဗျားသားကို လေးစားရာ ရောက်ပြီးပေါ့နော်”


+++++++++++++++++++++++++++

ဒီဇာတ်ကားကို ကြည့်ပြီးအတွေးပေါင်းများစွာကို တွေးမိပါတယ်။
သူရဲကောင်းဆိုတာ ဘာလဲ...?
နိုင်တဲ့လူကမှ သူရဲကောင်းလား...?
ရှုံးတဲ့လူရော သူရဲကောင်းမဖြစ်နိုင်ဘူးလား...?
အနိုင်၊အရှုံးဆိုတာ ဘာလဲ...?
အမြဲတမ်း နိုင်တဲ့သူရော ရှိလား...?
အမြဲတမ်း ရှုံးတဲ့သူရော....?
သတ္တိဆိုတာ ဘာလဲ...?
အဖေဆိုတာ ဘာလဲ...?
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲ...?
ဘာလဲ....?
လဲ... ? လဲ....?




 

Tuesday, May 1, 2012

"တစ်ခါတုန်းက..."






တစ်ခါတုန်းက ရွာတစ်ရွာမှာတောရဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။
အဲဒီတောရကျောင်းမှာမကြာခဏဆိုသလို တရားစခမ်းတွေ ဖွင့်လေ့ရှိတယ်။
အဲဒီမှာ တရားစခမ်းဝင်သူတွေက“ဒုက္ခ…ဒုက္ခ..ဒုက္ခ” လို့ ပါးစပ်က ရွတ်ကြတယ်။
အဲဒီကျောင်းဝင်းထဲမှာရှိတဲ့သစ်ပင်တစ်ပင်မှာ မျောက်တွေထဲက မျောက်တစ်ကောင်က
“ဒုက္ခ” ဆိုတာကိုမကြာခဏကြားနေရတော့ “ဒုက္ခဆိုတာ ဘာလဲ”လို့သိချင်တယ်။
ဒါနဲ့ပဲ သစ်ပင်အောက်ကွပ်ပစ်မှာ ကပ္ပိယကြီး လာထိုင်ချိန်မှာ
မျောက်ကမေးတယ်။
“ဒုက္ခဆိုတာဘာလဲ” ပေါ့။
ကပ္ပိယကြီးကတော့ "မသိချင် စမ်းပါနဲ့"လို့ပြောလိုက်တယ်။
ဒါပေမယ့် မျောက်ကအလျော့မပေးပါဘူး။ ခဏခဏမေးပါတယ်။
ခဏခဏ မေးဖန်များတော့မျောက်ကိုပြောတယ်။
"မင်း ငါ ပြောတဲ့အတိုင်းလုပ်မလား"ပေါ့လေ။
မျောက်က "လုပ်မယ်"လို့ကတိပေးတယ်။
"ဒါဆိုရင် ဒုက္ခကို ငါပြမယ်"လို့ပြောလိုက်တယ်။
တစ်နေ့တော့ မျောက်ကိုကြိုးနဲ့ချီထားတဲ့
အထုပ်ကြီးတစ်ထုပ်ကပေးလိုက်တယ်။
ပြီးတော့ ကပ္ပိယကြီးပြောတာက
“ ဒီအထုပ်ကို သစ်ပင်နဲ့ဝေးတဲ့ကွင်းပြင်ရောက်တော့မှ ကြိုးကို ဖြေလိုက်ပါ၊
အဲဒါဆိုရင် မင်းသိချင်တဲ့ဒုက္ခကိုတွေ့လိမ့်မယ်”လို့ပြောလိုက်တယ်။
မျောက်ကလည်း သူသိချင်တဲ့ဒုက္ခကိုသိရတော့မှာမို့ ပျော်နေတာပေါ့။
ကပ္ပိယကြီးပြောတဲ့အတိုင်းသစ်ပင်နဲ့ဝေးရာ ကွင်းပြင်ကို အထုပ်ကို ထမ်းလာတယ်။
ပြီးတော့ အထုပ်ကိုဖြေလိုက်တော့ထွက်လာတာက ခွေးကြီးတစ်ကောင်ဖြစ်နေတယ်။
ခွေးကလည်း သူ့ကိုအထုပ်ထဲကြိုးချီပြီးထည့်ထားတော့ ဒေါသကထွက်နေတယ်။
အထုပ်ဖြေလိုက်တော့မျောက်ကိုတွေ့တော့ ဒေါသထွက်ထွက်နဲ့မျောက်ကို ခုန်ကိုက်တာပေါ့။
မျောက်ကလည်း ရှောင်တာမြန်ပေလို့ပေါ့။
ပြီးတော့ ခွေးမှန်းသိတော့ထွက်ပြေးတာပေါ့။
ခွေးကလည်း နောက်ကဟောင်ပြီးလိုက်တယ်။
ကွင်းပြင်ဆိုတော့သစ်ပင်ကမရှိဘူး။
မျောက်က အားကုန်ပြေးရတာပေါ့။
ခွေးကလည်း မှီလုမှီခင်လိုက်တယ်။
မျောက်နဲ့ခွေးရှေ့နောက် ပြေးနေတာ အကြာကြီးပါပဲ။
နောက်ဆုံးတော့မျောက်က အနီးဆုံးသစ်ပင်တစ်ပင်ကို ရောက်တော့ သစ်ပင်ပေါ်ခုန်တက်လိုက်တယ်။
မျောက်က သစ်ပင်ပေါ်ရောက်တော့မောလွန်းလို့ လျှာကိုထွက်နေတယ်။
အသက်ကို မနဲရှုရတယ်။
အမောပြေလောက်မှမျောက်ပြောလိုက်တာက
“အော်….ဒုက္ခ ဆိုတာဒါပါလား”တဲ့။


+++++++++++++++++++++++++++

ကျနော်တို့ ငယ်ငယ်တုန်းကအမေပြောခဲ့ဖူးတဲ့ပုံပြင်ပါ။
အထက်ကြီးစိတ် တစ်ခွဲသားနဲ့အမေရိကန်ကိုရောက်လာတယ်။
ကိုယ်အထင်ကြီးသလိုလည်းမဟုတ်မှန်းသိတော့ ခရီးကတော်တော်လွန်နေပြီ။
ကွင်းပြင်အလယ်လောက်ရောက်နေတဲ့မျောက်လိုဖြစ်နေတယ်။
ပြေးဖို့ကလွဲလို့ရွေးစရာ လမ်းမရှိဘူး။
ဒုက္ခကို သိချိန်မှာလျှာက တစ်လံလောက်ထွက်နေပြီ။
နောက်ဆုံးတော့"သိချင်အုန်းဟဲ့ ဒုက္ခ"လို့သာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။
သစ်ပင်ပေါ်ရောက်ရင်တော့အမောပြေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ရီမိမလားတော့ မသိဘူး။
ခုတော့ မရီနိုင်သေးဘူး။
ပြေးနေရတုန်း...။




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com