Wednesday, April 4, 2012

"ယဉ်ကျေးမှုဝန်ကြီးဆိုတဲ့ပုဂ္ဂိုလ်…."


တစ်ခါတုန်းက

ပြင်သစ်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာကွန်ဂရက်တစ်ရပ်ကို ကျင်းပရာ

ကမ္ဘာ့နိုင်ငံအသီးသီးမှ ထင်ရှားတဲ့စာပေနဲ့အနုပညာရှင်မျာတက်ရောက်ကြတယ်။

ကွန်ဂရက်ကျင်းပတဲ့ခန်းမရဲ့ အဝင်ပေါက်ဆီကို

ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆို ရောက်လာကာ တံခါးစောင့်တာဝန်မှူးကို ပြောတယ်။

“ ဖိတ်ကြားစာကို ကျနော် ဟော်တယ်မှာ မေ့ကျန်ခဲ့တယ်။

ကျနော် ပီကာဆိုပါ”

“ လူကြီးမင်း ပီကာဆို ဖြစ်တယ်ဆိုတာကို ဘယ်လို သက်သေထူနိုင်မလဲ ခင်ဗျာ”

ကမ္ဘာကျော် ပန်းချီဆရာကြီးရဲ့ မျက်နှာမှာ အပြုံးရိပ်ပေါ်လာတယ်။

အဲဒီနောက် မှန်တံခါးပေါ်မှာ သူရဲ့နာမည်ကြီး ခိုပုံကို ဆွဲပြလိုက်တယ်။

အပေါက်စောင့်ဟာ ချက်ချင်းတံခါးကို ဆွဲဖွင့်လိုက်ပြီး

အများကြားအောင် အော်ပြောလိုက်တယ်။

“ လူကြီးမင်းများခင်ဗျာ၊ ပန်းချီဆရာကြီး ပီကာဆို ကြွရောက်လာပါပြီ ခင်ဗျာ”

ပီကာဆို ဝင်သွားအပြီးမှာ ဆိုဗီယက် ယဉ်ကျေးမှုဝန်ကြီး ရောက်လာပါတယ်။

ဝန်ကြီးက

"ကျုပ်ဟာ ဆိုဗီယက် ယဉ်ကျေးမှုဝန်ကြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဖိတ်ကြားစာကို ယူမလာမိဘူး”

တံခါးစောင့်တာဝန်မှူးက

"လူကြီးမင်းခင်ဗျာ၊ လူကြီးမင်းဟာ ဆိုဗီယက်ယဉ်ကျေးမှုဝန်ကြီး ဖြစ်ကြောင်း

ကျနော် အခိုင်အမာ သိဖို့လိုပါတယ် ခင်ဗျာ”

ယဉ်ကျေးမှုဝန်ကြီးက

“ခင်ဗျာ ယုံကြည်အောင် ကျနော် ဘာလုပ်ပြရမလဲ”

တံခါးစောင့်တာဝန်မှူးက

“ ခုနလေးတင်က ပီကာဆိုကတော့ ဟောဒီ ခိုပုံကလေးကို ဆွဲပြပါတယ်ခင်ဗျာ”

ဝန်ကြီးက

“ပီကာဆို ဆိုတာ ဘယ်သူလဲ”

ဒီစကားကို ကြားတဲ့အခါ ခွင့်လွှတ်ဖို့ တောင်းပန်ကာ တံခါးကို

ဆွဲဖွင့်လိုက်ပါတယ်။

အားလုံးကြားအောင်လည်း ကြောငြာလိုက်ပါတယ်။

“ ဆိုဗီယက် ယဉ်ကျေးမှု ဝန်ကြီး ကြွရောက်လာပါပြီခင်ဗျာ”


Tuesday, April 3, 2012

"ပြင်ပကမ္ဘာသို့ အလည်သွားခြင်း..."



တစ်နေ့မှာတော့

အမေရိကန်နိုင်ငံ(AMERICAN) ၊ အင်ဒီယားနားစတိတ်(INDIANA STATE) ၊

ကလပ်ဘေးလ် (CLARKSVILLE) ဒေသမှာ

ရှိတဲ့ပြင်ပကမ္ဘာသို့ အလည်သွားဖြစ်ပါတယ်။

နေအိမ်နဲ့နီးပေမယ့် အလုပ်တွေများနေတာကြောင့် နီးရက်နဲ့ဝေးနေခဲ့ပါတယ်။

အလုပ်နားရက်တစ်ရက်မှာတော့ အလည်သွားခဲ့ပါတယ်။

ပြင်ပကမ္ဘာဆိုလို့ ဘာတွေများရှိမလဲဆိုတာကို သိချင်တာကြောင့်

အလည်သွားခြင်းဖြစ်ပါတယ်။

အထဲကိုရောက်တော့ ပြတိုက်တစ်ခုလို တောကောင်အမျိုးမျိုးရဲ့

အစားသွတ်ရုပ်ပုံအမျိုးမျိုးကို သဘာဝအတိုင်း စိတ်ဝင်စားစဖွယ် ပြသထားပါတယ်။

သမင်တွေ တွေ့ရတယ်။

ဝက်ဝံတွေ တွေ့ရတယ်။

မြေခွေးတွေ တွေ့ရတယ်။

တောဝက်တွေ တွေ့ရတယ်။

တောင်ဆိတ်တွေ တွေ့ရတယ်။

ခြင်္သေ့တွေ လည်းတွေ့ရပါတယ်။

သတ္တဝါတွေကတော့ တော်တော်စုံလင်လှပါတယ်။

သားကောင်အမျိုးမျိုးကို တောလိုက်နိုင်ကြောင်းကို ပြသထားပြီး

တောလိုက်ရာမှာ အသုံးပြုရမယ့် ပစ္စည်းအမျိုးမျိုးကို ရောင်းချခြင်းဖြစ်ပါတယ်။

ပစ္စည်းများကလည်း စုံလင်လွန်းလှပါတယ်။

အဝတ်အစားအမျိုးမျိုး၊

စားစရာပစ္စည်းအမျိုးမျိုး၊

အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊

တောလိုက်ဓားကအစ လေးမြှားအမျိုးမျိုးကိုဝယ်ယူရနိုင်သလို

ကျည်ဆံကအစ သေနတ်အမျိုးမျိုးအထိ ဝယ်ယူရနိုင်ပါတယ်။

အဆောက်အဦးက သုံးထပ်ရှိပါတယ်။

အောက်ထပ်ရဲ့အလည်လောက်မှာ ရေတံခွန်တစ်ခု စီးဆင်းနေပါတယ်။

ရေတံခွန်က ရေကန်တစ်ခုထဲစီးဝင်နေပြီး ရေကန်ထဲမှာတော့

ငါးအမျိုးမျိုးကို တွေ့မြင်ရပါတယ်။

ရေကန်ရဲ့ပတ်ပတ်လည်မှာတော့ မှန်အထူစားများကာရံထားတဲ့အတွက်

ငါးအမျိုးမျိုးကို ရေအောက်ကမ္ဘာထဲရောက်နေသလို ခံစားတွေ့မြင်ရပါတယ်။

ပြီးတော့ ငါးစာကအစ ငါးမျှားတံအမျိုးမျိုးကို ရောင်းချနေတာကို တွေ့မြင်ရပါတယ်။

ငါးမျှားရာတွင်

အသုံးပြုတဲ့ပစ္စည်းအမျိုးမျိုးကို ဈေးနှုန်းများကပ်ထားတာကိုလည်းတွေ့ရပါတယ်။

ထူးခြားတာက ရောင်းချတဲ့ပစ္စည်းထဲမှာ ငါးမျှားရာတွင်အသုံးပြုတဲ့

စက်လှေအရွယ်အစားအမျိုးမျိုးကို ရောင်းချခြင်းဖြစ်ပါတယ်။

ရခဲ့တဲ့ ငါးအပါအဝင် သားကောင်အမျိုးမျိုးကို ချက်ပြုတ်စားသောက်ဖို့အထိ

ဝယ်ယူရနိုင်ပါတယ်။

တောထဲမှာ ညအိပ်ရာတွင် အသုံးပြုတဲ့ ရွက်ဖျင်တဲအမျိုးမျိုးကိုလည်း ဝယ်ယူရနိုင်ပါတယ်။

ကလေးများနဲ့လူငယ်များအတွက် သေနတ်ပစ်ကွင်းများ၊လေးမြှားပစ်ကွင်းများ၊

ဂိမ်းအမျိုးမျိုးကိုလည်း စီစဉ်ထားပါတယ်။

ဒါကြောင့်ပင် တစ်ချိန်က သူငယ်ချင်းတစ်ဦးကပြောခဲ့ဖူးတယ်။

“အမေရိကန်တွေက ဈေးရောင်းအလွန်တော်သူများဖြစ်တယ်”

ဆိုတဲ့စကားကို ပြင်ပကမ္ဘာသို့အလည်သွားတော့မှ လက်ခံမိပါတော့တယ်။





ကြောက်လန့်တကြားပြေးနေတဲ့သမင်...


ဝက်ဝံကလည်း ဘာလုပ်ရမှန်းမသိ...


မြေးခွေးက အူလို့ကောင်းတုန်း...


သေနတ်အမျိုးမျိုးကို ကြိုက်ရာဝယ်ယူနိုင်တယ်...



တောဝက်သားအမိတွေ အစာရှာလို့ကောင်းတုန်း...


ဝက်ဝံကြီးတစ်ရေးနှိုးလာပြီ...


တောင်ဆိတ်က ရေငတ်လို့စမ်းချောင်းထဲဆင်းဖို့လုပ်တုန်း...



စမ်းချောင်းဘေးမှာ သားကောင်တွေအများကြီးပါလား...



သားကောင်တွေ ပစ်ဖို့ ကျည်ဆံအမျိုးမျိုး...



မြှားပစ်ချင်ရင် လက်တည့်စမ်းလို့ရတယ်လေ...

Monday, April 2, 2012

"ငါ တစ်ယောက်ထဲရှိတယ်..."


တစ်ခါတုန်းက

ကျနော်ဟာ ကချင်ပြည်နယ်၊ ဖါးကန့်မြို့နယ်တွင်

နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးပါတယ်။

ဆေးခန်းဖွင့်ပြန်တော့ ကချင်တိုင်းရင်းသားများစွာနဲ့ ဆက်ဆံရပါတယ်။

ကချင်များဟာ ရိုးသားပွင့်လင်းသူများ ဖြစ်ကြပါတယ်။

တစ်နေ့မှာတော့ ဆေးခန်းသို့ ကချင်တိုင်းရင်းသားကြီးတစ်ယောက်လာပါတယ်။

ချောင်းဆိုးပြီး ဖျားနေသောကြောင့် ဆေးခန်းလာပြခြင်း ဖြစ်ပါတယ်။

သူက ဆေးခန်းကို မကြာခဏလာတတ်သူဖြစ်သောကြောင့်

သူ့ကို ဆေးခန်းရှိ ဝန်ထမ်းအားလုံးက ခင်မင်နေကြပါတယ်။

သူ့နာမည်ကိုလည်း ကချင်ကြီး လို့သာ အားလုံးက ခေါ်ကြပါတယ်။

ကချင်ကြီးက

" ဆရာ၊ ငါ ဖျားနေတယ်။ ပြီးတော့ ချောင်းဆိုးနေတယ်။

ညဖက် ငါ အိပ်လို့မပျော်ဘူး။ အဲဒါ ငါ အမြန်ဆုံးပျောက်ချင်တယ်။

ညဖက် ငါ ကောင်းကောင်း အိပ်ပျော်ချင်တယ်"လို့ပြောပါတယ်။

ကျနော်က

" အနာသိရင် ဆေးရှိပါတယ်။

ကချင်ကြီး ဖြစ်နေတာ ငှက်ဖျားလား

ကြက်ဖျားလား သဲသဲကွဲကွဲ သိဖို့လိုမယ်နော်"လို့ နောက်လိုက်ပါတယ်။

ကချင်ကြီးက

"အခုငါဖြစ်တာတော့ ငှက်ဖျားဖြစ်မယ် ထင်တယ်နော်။

ကြက်ဖျား မဖြစ်တာတော့ ကြာပြီပဲ။

ကြက်ဖျားက ချောင်းဆိုးလို့လား" တဲ့။

ကျနော် နောက်လိုက်တာကို နောက်မှန်းမသိပဲ ရိုးရိုးသားသား ပြန်ဖြေနေပါတယ်။

ကျနော်က သူ့ကိုသေသေချာချာ စမ်းသပ်ပြီးနောက်

ဓာတ်ခွဲခန်းမှူးကို သွေးစစ်ဖို့ ညွှန်ကြားလိုက်ပါတယ်။

ဖါးကန့်ကို ရောက်လာခါစ ဓာတ်ခွဲခန်းမှူးအသစ်က

"ကချင်တွေက စကားပြောရင် ငါ ငါ နဲ့ပြောတယ်။

ကျနော် ကျနော် နဲ့မပြောတတ်ဘူးလား မသိဘူးနော်။

ရန်ကုန် နားနဲ့နားထောင်တော့ ရိုင်းနေသလို ဖြစ်နေတယ်။"လို

ပြောပါတယ်။

ဒီတော့ ကချင်ကြီး ပြန်ပြောလိုက်တာက...

"ဟုတ်တယ်ဆရာလေး။

ဒီဖါးကန့်နယ်မှာ ကျနော် ကျနော်လို့ ပြောတတ်တဲ့ကချင်ဆိုလို့

ငါတစ်ယောက်ထဲရှိတယ် ဆရာလေး" တဲ့။

ဆေးခန်းထဲမှာ ရှိတဲ့ လူနာတွေအားလုံးက ဝိုင်းရီကြတယ်။

ကျနော်တို့လည်း ပြုံးမိကြပါတယ်။



Sunday, April 1, 2012

"စိတ်ချမ်းသာတဲ့သူတွေမှာ ရှိတတ်တဲ့ အချက်များ...(၁၆)..."


ကိုယ်ကိုယ်တိုင် ဖတ်ဖို့...(၁၆)


စိတ်ချမ်းသာတဲ့သူတွေမှာ ရှိတတ်တဲ့ အချက်(၆)ချက်…


(၁) Researchers have found that happy people tend to have high self-esteem.

စိတ်ချမ်းသာတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို ကိုယ် ကျေနပ်တဲ့စိတ် ပိုရှိတယ်။

ကိုယ့်ကိုယ်ကိုယ် အထင်မသေးဘူး။

ကိုယ့်ကိုယ်ကိုယ် တော်တယ်လို့ယူဆတယ်။ ကောင်းတယ်လို့ ယူဆတယ်။

++++++++++++++++++++++++++++++++++++

(၂) The best predictor of general life satisfaction is not satisfaction

with family life,friendship, or income, but satisfaction with self.

ဘဝကို ကျေနပ်မှုဘယ်လောက်ရတယ်ဆိုတာ ခန့်မှန်းချင်ရင်

အကောင်းဆုံးအချက်က Satisfaction with self

ကိုယ့်ကိုယ်ကို ဘယ်လောက် ကျေနပ်သလဲဆိုတဲ့ အချက်က အကောင်းဆုံးပဲ။

Family life - မိသားစုဘဝက အကောင်းဆုံးအချက် မဟုတ်ဘူး။

Friendships -မိတ်ဆွေအပေါင်းအသင်းက အကောင်းဆုံးအချက် မဟုတ်ဘူး။

Income - ဝင်ငွေက အကောင်းဆုံးအချက် မဟုတ်ဘူး။

အဲဒါကိုကြည့်ရင် တခြားအချက်တွေ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ၊

ကိုယ့်ကိုယ်ကို မကျေနပ်တဲ့သူ အားမရတဲ့သူဟာ စိတ်ချမ်းသာမှု ပြည့်ပြည့်ဝဝ မရနိုင်ဘူး။

ကိုယ်နဲ့အမြဲတန်း ရှိနေတာ ကိုယ်ပဲ။ ဘယ်သွားသွား အမြဲ ကိုယ်နဲ့ပါနေတယ်။

တခြားသူတွေက တစ်ခါတစ်လေ တွေ့ရတယ်။ အမြဲတန်း ကိုယ်သွားလေရာ မလိုက်နိုင်ဘူး။

ကိစ္စတစ်ခု အဆင်မပြေတာ ခဏပဲ။ ကိုယ့်ကိုယ်ကို ကိုယ် ကျေနပ်တာက ခဏမဟုတ်ဘူး။

တခြားကိစ္စတွေ တခြားလူတွေဟာ အပြင်မှာပဲ ရှိတယ်။

ကိုယ့်ကိုယ်နဲ့ကိုယ်ကတော့ ခွဲသွားလို့ မရဘူး။

ကိုယ့်ကိုယ်ကို ကိုယ် ကျေနပ်နေတဲ့သူက သွားလေရာမှာ

ကျေနပ်စရာက ကိုယ်နဲ့အတူ ပါနေတယ်။

ကိုယ့်ကိုယ်ကို ကိုယ်မကျေနပ်တဲ့သူက သွားလေရာမှာ

မကျေနပ်စရာက ကိုယ်နဲ့အတူ ပါနေတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို ကိုယ် ချစ်ဖို့အရေးကြီးတယ်။

ကိုယ့်ကိုယ်ကို ကိုယ်နားလည်ဖို့ အရေးကြီးတယ်။

ကိုယ့်ကိုယ်ကို ကိုယ် တန်ဖိုးထားဖို့ သိပ်အရေးကြီးတယ်။

ဘယ်သူမှ အထင်မကြီးချင်ရင် နေပါစေ။

ကိုယ့်ကိုယ်ကို ကိုယ်တော့ အထင်မသေးဖို့ လိုတယ်။

လူတိုင်းဟာ သူ့နည်းနဲ့သူ တန်ဖိုးရှိတဲ့ သူတွေပဲ ဆိုတာ ကို လူတိုင်းနားလည်ဖို့ လိုတယ်။

++++++++++++++++++++++++++++++++++++

ကလေးတွေကို ကိုယ့်ကိုယ်ကို ကိုယ် အထင်မသေးအောင်

လူကြီးတွေက ဆက်ဆံရေးမှာ သတိထားဖို့ လိုတယ်။

ကျောင်းမှာ ဆရာ ဆရာမတွေက ကျောင်းသူ ကျောင်းသားတွေကို

ဆက်ဆံတဲ့အခါ မလေးမစား မပြောသင့်ဘူး။

လေးစားတယ် ဆိုတာနဲ့ ရိုသေတယ် ဆိုတာ နဲ့ အဓိပ္ပာယ်မတူဘူးနော်။

ရိုသေရမယ်လို့ မဆိုလိုဘူး။ လေးစားရမယ်လို့ ဆိုလိုတာပါ။

++++++++++++++++++++++++++++++++++++

လူတိုင်းကို စိတ်ချမ်းသာစေချင်ရင် လူတိုင်းဟာ သူ့နေရာနဲ့သူ အရေးပါတယ်။

တန်ဖိုးရှိတယ်။

လေးစားစရာကောင်းတယ် ဆိုတာကို ရိုးရိုးသားသား အသိအမှတ်ပြုဖို့ လိုတယ်။

တစ်ယောက်ကို တစ်ယောက် အထင်သေးတဲ့ အသိုင်းအဝိုင်းဟာ

စိတ်ချမ်းသာစရာကောင်းတဲ့အသိုင်းအဝိုင်း မဖြစ်နိုင်ဘူး။

++++++++++++++++++++++++++++++++++++

ကိုယ့်ကိုလေးစားရင် သိပ်ကြိုက်တယ်နော်။

လူတိုင်းကြိုက်တယ်ဆိုတာကို မမေ့ဖို့ပဲ လိုပါတယ်။

လူတွေကို စိတ်ချမ်းသာစေချင်ရင် တန်ဖိုးထားတဲ့စိတ်နဲ့ ဆက်ဆံပါ။

ကိုယ့်ကိုယ်ကို ကိုယ် တန်ဖိုးထားတယ်။ ကျေနပ်တယ်။

ကိုယ့်အသိုင်းအဝိုင်းကလည်း ကိုယ့်ကို တန်ဖိုးထားတယ်ဆိုရင် စိတ်ချမ်းသာမယ်။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်ကို ကောက်နှုတ်ဖော်ပြပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com