Monday, November 28, 2011

" ငါကိုက မိုက်တာပါ..."





တစ်ခါတုန်းက တောတစ်တောထဲမှာ

ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတဲ့ မြေခွေးတစ်ကောင်ရှိလေရဲ့။

အဲဒီမြေခွေးဟာ ဆာလောင်နေချိန်မှာ

တောတစ်လုံးအနှံ့စားစရာ လိုက်ရှာပါတယ်။

တစ်နေရာမှာတော့ မမျှော်လင့်ပဲ မြင်းတစ်ကောင်ကို တွေ့တယ်။

ဒီတော့ မြေခွေးက

“ဟေ့ မြင်း၊ မင်းကို ငါစားရမယ်”

မြင်းကပြန်ပြောပါတယ်။

“ငါ့ကို မင်းစားလို့မရဘူး”

“ဘာဖြစ်လို့လဲ”

“ငါက အများပိုင် မြင်းဖြစ်နေလို့ပေါ့.”

“ဘာဆိုင်လို့လဲ”

မြင်းက

“ဒီလိုလေ၊

ဆိုကြပါစို့ကွာ၊

ပုဂ္ဂလိကပိုင်မြင်းကို မင်းစားလိုက်တယ်ဆိုပါစို့၊

ပိုင်ရှင်က မင်းကို တစ်ရက်၊နှစ်ရက်ထက်ပိုမရှာနိုင်ပါဘူး။

နောက်ဆုံးမောပြီး သူ လက်လျှော့လိုက်မှာပဲ။

အများပိုင်မြင်းကျတော့ ဒီလိုမဟုတ်ဘူး။

တို့ရဲ့ကျေးရွာအုပ်စုမှာ အသင်းဝင်ပေါင်းကိုးရာကျော်ရှိတယ်။

သူတို့ဝိုင်းရှာရင် မင်းကို ခဏလေးနဲ့ဖမ်းမိမှာကွ”

မြေခွေးက

“မင်းပြောတာ သဘာဝကျပါတယ်။

ဒါပေမယ့် မင်းဟာ အများပိုင်မြင်းဆိုတာကို ဘယ်လိုလုပ်သက်သေပြမလဲ၊

ကဲပြော.”

“ငါ့ရဲ့နောက်ခြေထောက်မှာ အများပိုင်တံဆိပ်ပါတဲ့သံခွာရိုက်ထားတယ်၊

ကြည့်ပါလား.”

မြေခွေးငုံ့ကြည့်လိုက်တယ်။

အဲဒီအချိန်မှာ မြင်းက ဖနောင့်နဲ့မြေခွေးကိုပေါက်ကန်လိုက်ရာ

မြေခွေးလွင့်စင်ထွက်သွားတယ်။

နာရီဝက်လောက်သတိမရဘဲဖြစ်သွားတယ်။

သွားတွေလည်းကျိုးကုန်ပါတယ်။

သတိပြန်လည်လာတဲ့အခါ

မြေခွေးက အောက်ပါအတိုင်းပြောလိုက်ပါတယ်။

“ငါကိုက မိုက်တာ၊

စာမဖတ်တတ်ပဲနဲ့များ၊

ငုံ့ကြည့်ရတယ်လို့”


Sunday, November 27, 2011

" ကြံကြံဖန်ဖန်မေးတတ်တဲ့ကလေး..."


တစ်ခါတုန်းက တာချီလိတ်မြို့မှာနေစဉ်

အိမ်နီးချင်းအိမ်တစ်အိမ်တွင်

မူကြိုကျောင်းသားလေးတိုင်းအောင်ကျော်ဆိုတဲ့ယောက်ျားလေးနဲ့

အကျွမ်းတဝင်ရှိလှပါတယ်။

တိုင်းအောင်ကျော်ဟာ စကားအလွန်တတ်တဲ့ကလေးလဲဖြစ်တယ်။

အမေးအမြန်းလည်းအလွန်ထူပါတယ်။

ဆေးခန်းတွင် လူမရှိရင် ဆေးခန်းဖက်ကူးလာပြီးသူသိချင်တာကို လာရောက်မေးလေ့ရှိတယ်။

ကျနော့်ရဲ့ဇနီးကလည်း တိုင်းအောင်ကျော်ကို အလွန်ချစ်ပါတယ်။

တိုင်းအောင်ကျော်ရဲ့မိခင်ဟာ အမျိုးသမီးအဝတ်အစားများကိုရောင်းသူဖြစ်တယ်။

မိန်းမအရုပ်များတွင် အင်္ကျီးဝတ်ပေးပြီးစတိုင်းအင်္ကျီကိုရောင်းနေတတ်တော့

တိုင်းအောင်ကျော်က ကူညီပေးရတတ်ပါတယ်။

ကျနော်ရဲ့ဇနီးသည်က နေ့တိုင်း ငှက်ကလေးများကိုအစာကျွေးလေ့ရှိပါတယ်။

ငှက်စာကျွေးရင်းတရံတစ်ခါမှာ

အိမ်ဘေးနားက ကြက်သားအုပ်မ,ကဆန်များကိုလာစားလေ့ရှိပါတယ်။

တိုင်းအောင်ကျော်က ဆန်များကိုလိုက်ကျွေးတတ်ပါတယ်။

တစ်နေ့တော့ ငှက်စာကျွေးရင်းနဲ့ တိုင်းအောင်ကျော်က

ကြက်မနဲ့ကြက်ကလေးများအစာလာစားတာကိုတွေ့ပြီးမေးခွန်းတစ်ခုကိုမေးပါတော့တယ်။

“ဦးဦးဆရာ၊ကြက်မမှာ နို့(ရင်သား) ဘာဖြစ်လို့မရှိတာလဲ”

ဗုဒ္ဓေါ….ဘာဖြေရမှန်းမသိရိုးအမှန်ပါ။

မဖြေမချင်းမေးနေပါတော့တယ်။

နောက်တော့ စိတ်ကူးတည့်ရာတစ်ခုခုဖြေလိုက်ဖို့လိုလာပါတယ်။

ကျနော်ပြန်ဖြေလိုက်တာက

“ ကြက်ဖမှာ လက်မရှိလို့ပေါ့ကွ”


"နောက်ဆုတ်ဖို့တော့ မကြိုးစားနဲ့..."


ဒီရေတက်တော့မယ်ဆိုရင်
တံငါလှေတွေဟာ ကမ်းနဲ့ဝေးရာ
ပင်လယ်အတွင်းပိုင်းကို ရောက်နိုင်သမျှရောက်အောင် တိုးဝင်ရတယ်။
နောက်ဆုတ်ဖို့တော့ မကြိုးစားနဲ့။
ကမ်းဖက်ကို ဦးလှည့်လို့ကမ်းပေါ်မရောက်ခင်
ဒီလှိုင်းက မီလာလို့ကတော့ ကမ်းနဲ့လှိုင်းကြားမှာ တစ်စစီဖြစ်သွားမယ်။
သာသနာတော်မှာလည်း ကိုယ်စွမ်းနိုင်သမျှ
ဒါန၊ သီလ၊ ဘာဝနာတို့ကို အားထုတ်တဲ့နေရာမှာ
ဆင်းရဲတစ်ခုခုကြုံလာလို့ ဒီဆင်းရဲကို ကြောက်တယ်ဆိုရင် နောက်မဆုတ်လိုက်နဲ့။
ရှေ့တိုးနိုင်သမျှတိုးကျင့်ရမယ်။

( ဒေးဒရဲ ကွင်းကျောင်းဆရာတော် )

++++++++++++++++++

ခန္ဓာကိုယ်နာသော်လည်း
စိတ်မနာစေနဲ့။

++++++++++++++++++

လောကမှာ စွန့်နိုင်ခဲတဲ့အရာလေးမျိုးရှိတယ်။
၁။ ။အာရုံငါးပါး ကာမဂုဏ်တရား၊
၂။ ။အယူဝါဒ
၃။ ။အကျင့်စရိုက်
၎။ ။မိမိကိုယ်မိမိ (စွန့်ရန်အခက်ခဲဆုံး )

++++++++++++++++++

ရုပ်ခန္ဓာကြီးက သေရွာဘက်သွားနေချိန်မှာ
နာမ်ခန္ဓာ (အထူးသဖြင့် ဉာဏ်ပညာ )က
မသေရာဘက်သွားနေစေရမယ်။

++++++++++++++++++

ရုပ်ခန္ဓာရဲ့ယိုးယွင်းပျက်စီးမှုများကို
နာမ်ခန္ဓာ(=ဉာဏ်ပညာ)ရဲ့တိုးတက်မှုအတွက်
အသိထား၊
အသိပွားအောင် အသုံးချကြ။

++++++++++++++++++

ဘယ်ပုံဘယ်နည်းနှလုံးသွင်းပြီး ခုလိုနေထိုင်နိုင်ကြပါသလဲ လို့
မြတ်စွာဘုရားက ကမေးတော့ အရှင်အနုရုဒ္ဓါမထေရ်က
“ တပည့်တော်စိတ်ထဲမှာ ဒီလိုသီတင်းသုံးဖော်တို့နဲ့နေရတာ အရတော်ပါပေတယ်လို့
ဆင်ခြင်ပြီး တစ်ပါးပါးကြောင့်ဖြစ်ပေါ်လာတဲ့ပြုဖွယ်ကိစ္စကို ကိုယ့်ကိစ္စလို သဘောထားပြီး မတွယ်မကပ်ဆောင်ရွက်ပါတယ်။
အချင်းချင်းချိုသာအေးကြည်ပြောဆိုပါတယ်။”

++++++++++++++++++

တပည့်တော်…..
မိမိရဲ့စိတ်အလိုဆန္ဒကို ဖယ်ထားပြီး
ကျန်အရှင်နှစ်ပါးတို့ရဲ့အလိုဆန္ဒအတိုင်း
အသာလက်ခံကျင့်သုံးနေထိုင်ပါတယ်အရှင်ဘုရား

( အရှင်အနုရုဒ္ဓါမထေရ် )

++++++++++++++++++

အညီအညွတ် ဝမ်းမြောက်ဝမ်းသာ၊ငြင်းခုံခြင်းမရှိကြဘဲ၊
နို့ နှင့် ရေပမာ ရောနှောပြီး အချင်းချင်း ချစ်ကြည်တဲ့မျက်လုံးများနဲ့ ကြည့်ရှုနေထိုင်ကြပါကြောင်း လျှောက်ထားပါတယ်အရှင်ဘုရား ” ဟု အရှင် အနုရုဒ္ဓါမထေရ်မြတ်က မြတ်စွာဘုရားကို လျှောက်ထားခဲ့ပါတယ်။

++++++++++++++++++


ကျန်မာချမ်းသာစေကြောင်း နှလုံးကောင်းထားပြီး မေတ္တာပွားပါတယ်။
ဒီလိုကံ သုံးပါးနဲ့ယှဉ်တဲ့မေတ္တာစိတ်ကို မွေးမြူပါတယ် ”

++++++++++++++++++

“ တပည့်တော်စိတ်ထဲမှာ မိမိရဲ့စိတ်အလိုဆန္ဒကို ဖယ်ထားပြီး
ကျန်အရှင် နှစ်ပါးရဲ့စိတ်အလိုဆန္ဒအတိုင်း လက်ခံကျင့်သုံးရရင်ကောင်းမှာပဲလို့ နှလုံးသွင်းပြီး ဒီအတိုင်းပဲကျင့်သုံးနေထိုင်ပါတယ် အရှင်ဘုရား ”လို့
လျှောက်ထားပါတယ်။

++++++++++++++++++

နိဗ္ဗာန်ကို စေလွှတ်တဲ့ စိတ်ထားနဲ့မမေ့မလျော့နေထိုင်ပြီး
ငါးရက်တစ်ကြိမ်ညဥ့်သုံးယံပတ်လုံး တရားဟော၊ တရားနာခြင်း၊ ပိဋကတ်တော်လာ ပါဠိအနက် အဓိပ္ပါယ်တို့ကို ဆွေးနွေး၊ မေးမြန်းခြင်းကို ပြုပြီးတခြားစကားများကို မပြောမဆိုကြပါကြောင်း ”လျှောက်ထားကြပါတယ်။

++++++++++++++++++

မင်းတို့ ဘုန်းကြီးကိုကြည်ညိုတာလား၊
ဒါမှမဟုတ် အလောင်းကို ကြည်ညိုတာလား၊

++++++++++++++++++

မြတ်ဗုဒ္ဓအလိုအရ အမြင့်ဆုံးစိတ်ထားဆိုတာ…
၁။ ။သတ္တဝါအားလုံးကို မိမိနဲ့ထပ်တူထားပြီး ချစ်ခင်တတ်တဲ့ မေတ္တာစိတ်။
၂။ ။ဒုက္ခိတ သတ္တဝါကို စာနာသနားတဲ့ ဂရုဏာစိတ်။
၃။ ။သူတစ်ပါးကြီးပွားချမ်းသာတာကို ဝမ်းသာကျေနပ်တဲ့ မုဒိတာစိတ်။
၎။ ။သူတစ်ပါးရဲ့ချို့ယွင်းချက်အပြစ်တို့ကို ခွင့်လွှတ်လျစ်လျူရှုတဲ့ ဥပေက္ခာစိတ်။
များထားရှိနိုင်တာကို ဆိုတာပါ။
ဒီစိတ်ထားများဟာ ဗြဟ္မာစရိယ ( ဗြဟ္မာစိုရ် )စိတ်ထားလို့လည်း ခေါ်ဆိုတယ်။

++++++++++++++++++

ဂရုဏာတရားကို အကောင်အထည်ဖော်ဖို့ဆိုတာ
ကိုယ့်အိတ်ထဲက စိုက်ပြီးကုန်တန်ကုန်ရသေးတယ်။
မုဒိတာစိတ်ဖြစ်ဖို့ကတော့ အိတ်ထဲက ဘာမှစိုက်ကုန်စရာ မလိုတဲ့အပြင်
ကိုယ်ကတောင် ရလိုက်သေးတယ်။

++++++++++++++++++

ဗုဒ္ဓက ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးမပြီးမှ
သူတစ်ပါးတို့ကိုဆုံးမရမယ်။
အဲဒါက အရေးအကြီးဆုံးနဲ့အခက်ဆုံးပါပဲ။

++++++++++++++++++

သီလဆိုတာ အရွယ်မရွေး အတင့်တယ်ဆုံး၊
အလှပဆုံး၊
အမြင့်မြတ်ဆုံး အဆင်တန်ဆာဖြစ်တယ်။

++++++++++++++++++

ဘုရားလောင်း သီလဝဆင်မင်းက
“ ကျွန်ုပ် ဒီအစွယ်တွေကို မချစ်၊မနှစ်သက်လို့ ပေးလှူတာ မဟုတ်ပါ။
ဒီအစွယ်တွေထက် သဗ္ဗုညုတ ဉာဏ်တော်ကြီးကို ပိုပြီး ချစ်မြတ်နိုးလို့ လှူတာပါ။
ဒီအစွယ်ကို လှူဒါန်းရတဲ့ကုသိုလ်ဟာ
သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်ခြင်းရဲ့ အထောက်အပံ့ဖြစ်ပါစေသား ”
ဆိုပြီး လှူလိုက်ပါတယ်။

++++++++++++++++++

ပြုဖူးတဲ့ သူ့ကျေးဇူးကို သိတတ်သူ၊
သိပြီးပေးဆပ်သူများဟာ တောင့်တသလို လိုတိုင်း ရနိုင်တယ်။
မသိ၊မဆပ်သူများဟာ တောင့်တသမျှ ပျက်စီးရတယ်။

++++++++++++++++++

ဒေါသအားကြီးသူက တုတ်၊ဒါးလက်နက်ကိုင်ပြီး အနိုင်ယူတတ်ကြတယ်။
မေတ္တာခွန်အားကြီးသူကျတော့ ခန္ဓီလက်နက်စွဲကိုင်ပြီး အရှုံ့းပေးရဲတဲ့သတ္တိရှိရတယ်။

( တူးမောင်းဆရာတော် )

++++++++++++++++++

သီလလုံခြုံသူအတွက် ဘေးရန်အမျိုးမျိုးတို့နဲ့လဲ မတွေ့မကြုံရဘူး၊
မိမိသန္တာန်မှာ အပြစ်ကင်းခြင်းဆိုတဲ့ ချမ်းသာကိုလဲ ခံစားရမယ်။

++++++++++++++++++

ဓားအိမ်ထဲက ဓားကို ဆွဲထုတ်လိုက်တာ ငရဲတံခါးတွေ ပွင့်သွားတာ။
ဓားအိမ်ထဲက ဓားကို ပြန်သွင်းပြီး ဦးညွှတ်ကန်တော့တာ နတ်ဘုံတံခါးတွေ ပွင့်သွားတာ။

++++++++++++++++++

မြတ်စွာဘုရားက
“ ချစ်သားဝက္ကလိ၊ ဒီအပုပ်ကိုယ်ကြီးကို ကြည့်နေလို့ ဘာအကျိုးရှိမလဲ။
တရားကိုမြင်သူသာ ငါ ဘုရားကိုမြင်သူဖြစ်တယ်။
တရားကိုမမြင်သူဟာငါ ဘုရားကိုတွေ့နေရပေမယ့် မြင်ရသူမဟုတ်ဘူး။
တရားကို ကြည့်သူဟာ ငါဘုရားကိုမြင်အောင် ရှုကြည့်သူဖြစ်ရမယ် ”
လို့ ဆုံးမတော်မူပါတယ်။
တရားတော်ကို မြင်နေသမျှ ငါ ဘုရားရှင်ကို တွေ့မြင်နေသူဖြစ်တယ်။

++++++++++++++++++

ကုသိုလ်ဆိုတာ သူတစ်ပါးအကျိုးဆောင်ရင်း
ကိုယ့်အကျိုးရစေတဲ့ အလုပ်ဖြစ်တယ်။

++++++++++++++++++

လက်ကို အမြဲတမ်းဆုပ်ထားတာလည်း အင်္ဂါချို့ယွင်းတာပဲ။
လက်ကို အမြဲတမ်းဖြန့်ထားတာလဲ အင်္ဂါချို့ယွင်းတာ တစ်မျိုးပဲ။

( ဂျပန်ဘုန်းတော်ကြီးမိုကုဘင်တိတိ )

++++++++++++++++++

“ ဗုဒ္ဓအဆုံးအမ…”
၁။ ။နေ့စဉ်ဝင်ငွေရဲ့လေးဖို့ နှစ်ဖို့ကို လည်ပတ်ငွေ အဖြစ်သတ်မှတ်ပါ။
(2/4)=(1/2)=50%

၂။ ။တစ်ဖို့ကို အရေးပေါ်လိုအပ်ချက်အတွက် အရန်သင့် ဆောင်ထားပါ။ (1/4)=25%

၃။ ။တစ်ဖို့ကို စားသောက်၊ လှူဒါန်းရေးအတွက် သုံးစွဲသင့်တယ်။ (1/4)= 25%

++++++++++++++++++

“ ကြောက်တတ်ရင် ရှေ့တိုး…”
( ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)





Saturday, November 26, 2011

" သိပ်တဲ့လူ နှိုးပေါ့…"





တစ်ခါတုန်းက

တာချီလိတ်မြို့ရဲ့အလယ်တန်းကျောင်းတွင်ဖြစ်တယ်။

ဆရာမ ဒေါ်ခင်မေဦးရဲ့စာသင်ချိန်တွင်ဖြစ်တယ်။

ဆရာမက တပည့်မောင်တင်ဝင်းကို

လှမ်းပြောလိုက်တယ်။

“ဟေ့...မောင်တင်ဝင်း ၊

မင်းဘေးက မောင်လှမင်းကို နှိုးလိုက်စမ်း”

“ ဘာဖြစ်လို့ ကျနော် နှိုးရမှာလဲ၊

ဆရာမပဲ သူ့ကို အိပ်ပျော်အောင် လုပ်လိုက်ပြီးတော့…”



“ သတိထားရင် သတိရှိပါတယ်…”


ဘယ်နေရာရောက်ရောက်
ဘာအလုပ်ပဲလုပ်လုပ်၊
မိမိလုပ်မယ့်လို့ ဦးတည်ထားတဲ့အာရုံပေါ်
စိတ်ကို ကျရောက်နေစေဖို့
သတိနဲ့အမြဲထိန်းပေးရမယ်။
စိတ်ကို သတိနဲ့အမြဲထိန်းပေးရင်
ဘာဝနာဖြစ်တယ်။

( ယောဆရာတော် )

++++++++++++++++++

စိတ်ပါရင် အိပ်ရာက ရိပ်သာဖြစ်တယ်။
စိတ်မပါရင် ရိပ်သာက အိပ်ရာဖြစ်တယ်။

++++++++++++++++++

သတိဆိုတာ…
၁။ ။ဘာလုပ်မယ်၊
ဘာကို အာရုံပြုမယ်ဆိုတဲ့ အာရုံကို ပုံဖော်ပေးတယ်။

၂။ ။ဒီအာရုံနဲ့စိတ်ကို တွဲကပ်ပေးတယ်။

၃။ ။ရည်ရွယ်ချက် မပြီးမြောက်သမျှ အာရုံမပျောက်အောင်
အသိနဲ့အာရုံကိုလည်း တွဲစပ်ပေးထားတယ်။

၎။ ။အလုပ်လုပ်နေစဉ်
အခြားအာရုံတွေ လက်မခံမိအောင်လည်း ကာကွယ်ပေးတယ်။

၅။ ။သိစရာကို သိနေတဲ့အသိလေးအဆက်ပြတ် မသွားအောင်လည်း
သတိက ဆက်စပ်ပေးထားတယ်။

၆။ ။အလုပ်တိုင်းအရေးကြီးတယ်လို့ သဘောထားတယ်။

အတိုချုပ်ကတော့…
အာရုံကို ပုံဖော်၊
အသိစိတ်ပေါ်အောင် လုပ်ပေးပြီး
အခြား မလိုအပ်တဲ့ အာရုံဆီ ပျံ့လွင့်မပြေးအောင်၊
မလိုအပ်တဲ့ အတွေးတွေ ဝင်မလာအောင်၊
အစောင့်အရှောက်ပေးနေတာဟာ သတိ ရဲ့အလုပ်ပါပဲ။

++++++++++++++++++

ကိလေသာ အကြောက်ဆုံးဟာ
သူ့ကို သတိနဲ့ဉာဏ်နဲ့ အေးအေးဆေးဆေး ကြည့်တာကို
အကြောက်ဆုံးပဲ။

( ဆရာတော် ဦးဇောတိက )

++++++++++++++++++

အဆိုးလောကဓံဆိုတာ
ဇွဲ၊ လုံ့လ နဲ့ သတ္တိ ၊ဗျတ္တိကို စမ်းသပ်ဖို့
လွှတ်လိုက်တဲ့ ဗြဟ္မရဲ့ ကိုယ်စလှယ်တွေဖြစ်တယ်။

အကောင်းလောကဓံဆိုတာ
ကိုယ်ကျင့်တရား နဲ့ သမာဓိကို စမ်းသပ်ဖို့
မာရ်နတ်က လွှတ်လိုက်တဲ့ ကိုယ်စလှယ်တွေ ဖြစ်တယ်။

အဆိုးလောကဓံဆိုတာ
ရုန်းကန်တက်လှမ်းရမှာ ဖြစ်လို့
တောင်တက်ခရီးကြမ်းတစ်ခုပါ။

++++++++++++++++++

စာအုပ်ထဲမှာ အဓိပ္ပါယ်ကြည့်တယ်ဆိုတာ
တောထဲမှာ ဆေးပင် ရှာရသလိုပါပဲ။
နားမလည် (မသိ)ရင် တစ်တောလုံးလိုက်ရှာလို့
ဆေးတစ်ပင်တွေ့ချင်မှ တွေ့မယ်။
နားလည်သူကျတော့ တစ်ထိုင်တည်းနဲ့
ဆေးတစ်ဖုံစာမက ရနိုင်တယ်။

( တူးမောင်းဆရာတော် )

++++++++++++++++++

နားလည်ကျွမ်းကျင်ပြီးသားပုဂ္ဂိုလ်က
အဓိပ္ပါယ်ကို ရှင်းပြတာဟာ
တစ်ခွန်းက စာတစ်အုပ်ဖတ်ရတာထက် ခရီးရောက်တယ်။
ဆရာဆိုတာ
စာတစ်အုပ်လုံးထဲက လိုရင်းကို ထုတ်ပြီး တပည့်ရဲ့နားထဲသွင်းပေးနေတာ။

++++++++++++++++++

ကျွန်စိတ်အပြည့်ရှိတဲ့မြို့ပိုင်တစ်ယောက်က ရှေးဘုရင်တွေကို
သနားယောင်ယောင်စကားကို
သခင်ကိုယ်တော်မှိုင်း (ဆရာကြီး ) ရှေ့မှာပြောတော့
သခင်ကိုယ်တော်မှိုင်း (ဆရာကြီး )ပြန်ပြောလိုက်တာက
“ ဟ…မင်းလိုကောင်တောင်မှ ခုချိန်မှာ ငါးထောင်စားဖြစ်နေသေးရင်
အလောင်းမင်းတရားကြီးသာရှိရင် စင်္ကြာဝတေးမင်းကြီးဖြစ်နေမှာပေါ့ကွ ”

++++++++++++++++++

နားဆိုတာ စိန်နားကပ်ကြီးကြောင့် မတင့်တယ်နိုင်ဘူး။
အသိပညာကို နားထောင်နာယူခြင်းနဲ့သာ တင့်တယ်နိုင်ပါတယ်။

++++++++++++++++++

ကျေနပ်စရာကြောင့်ဖြစ်စေ၊
မကျေနပ်ကြောင့်ဖြစ်စေ၊
လောကဓံကြောင့် တုန်လှုပ်နေသူမှန်သမျှ…
လောကကို အရှုံးပေးနေရသူချည်းပါပဲ။

++++++++++++++++++

“ အဖြစ်အပျက်ကို သိမြင်တဲ့ ဝိဿနာအသိမရှိဘဲ
အနှစ်တစ်ရာ အသက်ရှည်ရခြင်းထက်
အဖြစ်အပျက်ကို သိမြင်တဲ့ ဝိဿနာအမြင်ရှိပြီး
တစ်ညဥ့်တစ်ရက် အသက်ရှည်ရခြင်းက မြတ်တယ် ”

( ဗုဒ္ဓ )

++++++++++++++++++

ကောင်း၊ဆိုး နှစ်တန် လောကဓံကြုံတွေ့ရာမှာ
မတုန်မလှုပ် စိတ်ဓာတ်ခိုင်မာသူဟာ
လောကကို အနိုင်ရတဲ့အမြင့်ဆုံး ပုဂ္ဂိုလ်အစစ်ဖြစ်ပါတယ်။

++++++++++++++++++

အယောင်ဆောင်ပညာရှိက
အပြစ်ကိုသာ ရှာပြီး ထောက်ပြတတ်တယ်။
ပညာရှိအစစ်က
အမှန်ကို ချီးကျူးပြီး အမှားကို ပြုပြင်ပေးတယ်။

++++++++++++++++++

ဝေဖန်ရေးသမားဆိုတာ
အမှားကိုထောက်ပြခြင်းနဲ့
အမှန်ကို အစားထိုးပေးခြင်းဆိုတဲ့
မျက်လုံးနှစ်လုံးနဲ့ ပြည့်စုံသူဖြစ်ရမယ်။

++++++++++++++++++

ကိုယ့်စေတနာအတိုင်း ကိုယ့်ကို အကျိုးပေးမှာဖြစ်လို့
စေတနာကိုပဲ ပြန်ပြီး သုံးသပ်ပါ။

++++++++++++++++++

ဒုက္ခလွတ်မြောက်မှုတရား (၇)ပါးမှာ…

၁။ ။အရှက်၊အကြောက် (ဟိရိသြတ္တပ္ပ)
၂။ ။ဣနြေ္ဒစောင့်စည်းမှု၊
၃။ ။ကိုယ်ကျင့်သီလ၊
၎။ ။တည်ကြည်မှု ( သမာဓိ )၊
၅။ ။အမှန်အတိုင်း သိမှုပညာ၊
၆။ ။ငြီးငွေ့ထိတ်လန့်မှု နိဗ္ဗိန္ဓ နှင့် သံဝေဂ၊
၇။ ။ဒုက္ခမှ လွတ်မြောက်မှု ဝိမုတ္တိ၊
တို့ဖြစ်ပါတယ်။

++++++++++++++++++

စိတ်ချမ်းသာမှုကို
ဘာနဲ့မှ ရောင်းမစားပါနဲ့။

++++++++++++++++++

ပညာဆိုတာ
ဘဝကို စနစ်တကျ ရုန်းကန်တတ်ဖို့ သင်ရတာဖြစ်တယ်။
ဘဝရုန်းကန်မှုကို အထောက်အကူမပြုနိုင်ရင်
ဘယ်လောက်ကြီးတဲ့ ဘွဲ့ထူးကြီးတွေဖြစ်စေ ပညာမခေါ်ဘူး။

++++++++++++++++++

အိုတာ၊နာတာဟာ
သေမည့်ဘက် နီးလာတာ မဟုတ်ဘူး။
သေရာနဲ့ မသေရာတို့ရဲ့ လမ်းခွကို ရောက်လာတာပါ။

သတိမဲ့သူက သေရာဘက်နီးပြီး
သတိရှိသူက မသေရာဘက်ပိုနီးလာပါတယ်။

++++++++++++++++++

အလိုအပ်ဆုံး အရင်းအနှီးကတော့
အများက ယုံကြည်လေးစားလာဖို့ပဲ။

++++++++++++++++++

အများအကျိုးဆောင်ရွက်တယ်ဆိုတာ
အများစုရဲ့ဒုက္ခ အရောက်ဆုံးနဲ့အခက်ခဲဆုံး၊
အလိုအပ်ဆုံးကိစ္စကို ကူညီဆောင်ရွက်ပေးရမှာဖြစ်တယ်။

++++++++++++++++++

အများအကျိုးဆောင်ရွက်တဲ့နေရာမှာ
ကိုယ့်ကျိုးလုံးဝမဖက်ဖို့နဲ့ဆင်းရဲ၊ချမ်းသာမရွေး၊
လူမျိုးမရွေး၊အားလုံးအပေါ်မှာ တသဘောတည်း ထားပြီး
ဆောင်ရွက်ကြဖို့ အရေးကြီးတယ်။

++++++++++++++++++


“ ကြောက်တတ်ရင် ရှေ့တိုး…”
( ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) စာအုပ်မှ.....


Friday, November 25, 2011

" အတိတ်စိမ်း..."



တစ်ခါတုန်းက

ယောကျာ်းဖြစ်သူ ကိုလျှံဟာ မြင်းအလောင်းအစား အလွန်ဝါသနာပါသူဖြစ်တယ်။

တစ်နေ့မှာ သူဟာ မြင်းပြိုင်ပွဲကို သွားကာ

"သေချင်းဆိုး"

အမည်ရှိတဲ့မြင်းဖက်ကနေပြီး ပုံအောလောင်းလိုက်တယ်။

"သေချင်းဆိုး" ပထမ ပန်းဝင်တဲ့အတွက် ဆုငွေ အမြောက်အများရလိုက်တယ်။

“ ဒီမြင်း နိုင်မယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိသလဲဗျ”

လို့ သူငယ်ချင်းဖြစ်သူမောင်မောင်ကမေးတယ်။

“ ကျနော့်မိန်းမက အတိတ်စိမ်းပေးလိုက်လို့ပါ၊

အိမ်ကအထွက် မြင်းပွဲသွားမယ်ဆိုတာ သိတာနဲ့

"သေချင်းဆိုး"

လို့ လှမ်းအော်ပြောလိုက်တယ်လေ”




" မယုံတာကခက်တယ်..."


တစ်ခါတုန်းက သဲကန္တာရခရီးသွားတစ်စုဟာ
လသာတဲ့ညအခါမှာ စခန်းချ နားနေကြတယ်။
လူငယ်တစ်ယောက်က သူ့ရဲ့ကုလားအုတ်ပျောက်သွားတဲ့အတွက်
လိုက်ရှာပါတယ်။
တစ်နေရာရောက်တော့ ရေတွင်းပျက်ကြီးတစ်ခုကိုတွေ့ပါတယ်။
အောက်ကို ငုံ့ကြည့်လိုက်တော့
လရောင်နဲ့တစ်လက်လက်တောက်ပနေတဲ့အရာတွေကိုတွေ့တော့
ဒါဟာ ရတနာတွေ လို့ယူဆပါတယ်။
ဒါနဲ့ပဲ ဝမ်းသာအားရနဲ့
သူငယ်ချင်းတွေကိုပြန်ခေါ်ပါတယ်။
သူငယ်ချင်းတွေကို စခန်းမှာ ရှိသမျှကြိုးတွေအားလုံးယူလာခဲ့ဖို့မှာတယ်။
အဲဒီရေတွင်းပျက်ဆီရောက်တော့ ရှိသမျှကြိုးတွေကိုဆက်လိုက်ပါတယ်။
အရင်ဆုံးတွေ့တဲ့လူငယ်က အရင်ဆင်းကြည့်ပါတယ်။
ကြိုးက အောက်ထိမရောက်ပါဘူး။
လူတစ်ရပ်စာလောက်မှာ ကြိုးက ဆုံးသွားပါတယ်။
အဝေးကကြည့်တုန်းကတော့ ရတနာတွေလို့ထင်တဲ့အရာတွေဟာ
အနီးကပ်ကြည့်တော့ ရတနာတွေ မဟုတ်ဘဲ
အဆိပ်ပြင်းတဲ့မြွေတွေဖြစ်နေတာကိုတွေ့ရတယ်။

" ဟေ့ကောင်တွေ မဆင်းခဲ့နဲ့၊
အောက်မှာမြွေတွေ...မြွေတွေ"
လို့အော်ပြောပါတယ်။
သူငယ်ချင်းတွေက မယုံပါဘူး။
ဒီကောင်တစ်ယောက်ထဲရတနာတွေလိုချင်လို့ပြောတယ်လို့ထင်ကြတယ်။
နောက်တစ်ယောက်က ထပ်ဆင်းသွားပြန်ပါတယ်။
အောက်ရောက်ခါနီးမှာ ထပ်အော်ပြန်ပါတယ်။

" ဟေ့သူငယ်ချင်းတို့...
မဆင်းခဲ့နဲ့၊
အောက်မှာမြွေတွေ...မြွေတွေ"
လို့အော်ပြန်ပါတယ်။
အပေါ်မှာကျန်ခဲ့တဲ့သူငယ်ချင်းတွေက
မယုံပါဘူး။
ဒီကောင်နှစ်ကောင် ရတနာတွေကို တို့ကိုမပေးချင်လို့
ပြောနေတာလို့ထင်ကြတယ်။
တစ်ယောက်ပြီးတစ်ယောက်ဆင်းကြတယ်။
ဆင်းတဲ့လူတိုင်းက အော်တယ်။
" ဟေ့ကောင်တွေ မဆင်းခဲ့နဲ့၊
အောက်မှာမြွေတွေ...မြွေတွေ"
အပေါ်မှာကျန်ခဲ့သူတွေက မယုံပါဘူး။
မြင်နေရတာက ရတနာတွေ၊
အရောင်ကတစ်လက်လက်နဲ့၊
ဖိတ်ဖိတ်ကိုတောက်လို့၊
တစ်ယောက်ပြီးတစ်ယောက်
ဆင်းဖို့ကြိုးစားကြဆဲ။



++++++++++++++++++

ဒီပုံပြင်က ဘာနဲ့တူသလဲဆိုတော့
မိန်းမယူပြီးတဲ့လူကို
မိန်းမ မရသေးတဲ့လူက
ရေတွင်းပျက်ထဲကိုဆင်းချင်ကြောင်းပြောတော့
မိန်းမယူပြီးသူက
"မိန်းမ မယူနဲ့"
လို့စေတနာနဲ့ပြောတာကို
ဒီကောင်ကတော့မိန်းမယူပြီးတော့
ငါတို့ကိုတော့ မယူခိုင်းတာဘာသဘောလဲလို့
မေးကြတယ်၊
တွေးကြတယ်။
ပြီးတော့
မယုံဘူး၊
နားမထောင်ဘူး။



++++++++++++++++++

ကျနော် တက္ကသိုလ်ကကျောင်းပြီးခါနီးမှာ
တက္ကသိုလ်ကဆရာတစ်ယောက်ကိုမေးကြည့်ဖူးတယ်။
"မိန်းမယူသင့်သလား"ပေါ့။
ဆရာကပြန်ဖြေတာက...
" မင်း မိန်းမ မယူလည်းတစ်ချိန်ချိန်မှာ
မင်းနောင်တရလိမ့်မယ်။
မင်း မိန်းမယူရင်လည်း တစ်ချိန်ချိန်မှာ
မင်း နောင်တ ရအုန်းမှာပဲ။
အဲဒီတော့ နောင်တရတာချင်းအတူတူ
မိန်းမသာ ယူလိုက်ပေါ့ကွာ"တဲ့။

အဲဒီဆရာမြှောက်ပေးလိုက်တဲ့အတွက်
ကျနော်မိန်းမရခဲ့ကြောင်းပါခင်ဗျာ။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com