Friday, November 11, 2011

" အမြင်သာကန်းစေ၊ ဥာဏ်မကန်းစေနဲ့..."


တစ်ခါတုန်းက
ဘောလုံးကို ဝါသနာပါတဲ့လူတစ်စုက
ထူးထူးဆန်းဆန်းဘောလုံးပွဲတစ်ခုကိုစီစဉ်ကြပါတယ်။
တစ်ဖက်အသင်းက မျက်မမြင်အသင်း။
မျက်မမြင်အသင်းရဲ့နည်းပြဆရာက သူ့လူတွေကိုမှာပါတယ်။
ဘောလုံးမှာ ချူတပ်ပေးထားမယ်။
ဘောလုံးသွားရာလမ်းကြောင်းကို ချူသံကိုနားထောင်ပြီးလိုက်ရုံပါပဲ။
တစ်ဖက်အသင်းရဲ့ဂိုးတိုင်မှာလည်း ချူတပ်ပေးထားမယ်။
ဘောလုံးကစားတဲ့လူဆယ့်တစ်ယောက်စလုံးလဲ ချူတွေကိုယ်စီနဲ့မို့
တစ်ယောက်နဲ့တစ်ယောက်အပေးအယူလုပ်နိုင်ကြောင်းကို
နည်းပြဆရာက ရှင်းပြထားတယ်။
ပြီးတော့ အသင်းသားတွေအားလုံးကိုလည်း လေ့ကျင့်ပေးထားတယ်။
နောက်တစ်ဖက်အသင်းသားတွေကတော့ အရူးတွေဖြစ်ကြတယ်။
အရူးအသင်းရဲ့နည်းပြက မှာထားပါတယ်။
ဂိုးများများသွင်းနိုင်ရင် မင်းတို့တွေနိုင်တယ်။
ဒါကြောင့်ဂိုးများများသွင်းနိုင်ဖို့ကိုလေ့ကျင့်ပေးထားတယ်။
တကယ်ကစားရမယ့်နေ့မှာ ဒိုင်လူကြီးက ချူမှုတ်လိုက်တာနဲ့
တစ်သင်းနဲ့တစ်သင်းအကြိတ်အနယ်တောင်မကစားလိုက်ရပါဘူး။
အချိန်ပြည့်သွားတဲ့အချိန်မှာတော့ ၁၁-ဂိုး၊ဂိုးမရှိနဲ့အပြတ်အသတ်နိုင်သွားကြပါတယ်။
နိုင်တဲ့အသင်းကတော့ မျက်မမြင်အသင်းဖြစ်ပါတယ်။
အရူးတွေက ဂိုးများများသွင်းနိုင်ရင်နိုင်မယ်လို့နည်းပြဆရာပြောထားတဲ့အတိုင်း
အနီးဆုံးဖြစ်တဲ့သူ့တို့ရဲ့ဂိုးတိုင်မှာပဲ
တစ်ယောက်ပြီးတစ်ယောက် ဂိုးသွင်းနေပါတော့တယ်။
နောက်ဆုံး ဂိုးဖမ်းသမားကလည်း များများနိုင်အောင် ငါလည်းသွင်းမယ်ဆိုပြီး
သူ့ဂိုးတိုင်အပြင်ထွက်ပြီးသွင်းသွားတဲ့အတွက်
ဆယ့်တစ်ဂိုးဖြစ်သွားပါတယ်။



++++++++++++++++++

အလောင်းအစားဝါသနာပါသူတွေလည်း အလောင်းအစားလုပ်ကြတဲ့အတွက်
အောက်ကြေးသမားတွေ နိုင်သွားပြီး
အထက်ကြေးသမားတွေ ခွက်ခွက်လန်အောင်ရှုံးသွားပါတယ်။
မထင်မှတ်မှုတွေက အချိန်မရွေးဖြစ်တတ်တဲ့သဘောကြောင့်
အလောင်းအစားဟာလည်း ဘာမှမသေချာ၊မရေရာမှုတွေနဲ့
တွေ့ကြုံသွားရပါတယ်။

++++++++++++++++++

တွေးမိသလိုပြောချင်တဲ့အချက်ကတော့...
အမြင်ကန်းတဲ့သူတွေထက် အသိဥာဏ်ကန်းတဲ့လူတွေက
ပိုဆိုးလှပါတယ်။
အမြင်ကန်းတဲ့သူဟာ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းသူများဖြစ်တယ်။
အရူးတွေကတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများဖြစ်တယ်။
စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူဖြစ်တဲ့အရူးတွေဟာ
အသိဥာဏ်ပါချို့ယွင်းသွားပါတယ်။
ဒါကြောင့် အမှား၊အမှန်ကို မခွဲခြားနိုင်တော့ပါ။
အကောင်း၊အဆိုးကိုလည်း ခွဲခြားမသိတော့ပါ။

++++++++++++++++++

အဝိဇ္ဇာဖုံးနေတဲ့လူတွေဟာလည်း
စိတ်ပိုင်းဆိုင်ရာ နုံ့နဲ့သူများဖြစ်တယ်။
အတ္တ၊မာနကြီးသူ၊
လောဘ၊ဒေါသ၊မောဟကြီးသူတွေဟာ
တစ်နည်းအားဖြင့်ပြောရရင်
အသိဥာဏ်နည်းသူများဟုပြောရမယ်ထင်ပါတယ်။



ကိလေသာ (လောဘ၊ ဒေါသ၊ မောဟအပါအဝင်)
ကြီးမားစွာဖြစ်ပေါ်နေတဲ့တဒင်္ဂမှာ
လူတိုင်းကိုယ်စီ အသိဥာဏ်ကန်းနေကြသူများ
ဖြစ်တယ်လို့တွေးမိကြောင်းပါခင်ဗျာ။





Thursday, November 10, 2011

“ တိကျပြတ်သားတဲ့ ရည်မှန်းချက်…”


ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ရွေးချယ်လိုက်တဲ့ ဦးတည်ချက်တစ်ခု

ရှိလာပြီဆိုရင် အဲဒိလူဟာ စွမ်းရည်သတ္တိတွေ၊ အင်အားတွေ

အများကြီးတက်လာပြီ၊

အဲဒီလူဟာ တစ်နေ့တာ၊

တစ်နေ့တာဘဝကို နေသွားရတာ

အင်မတန်အဓိပ္ပာယ်ရှိတဲ့နည်းနဲ့နေသွားတယ်။

++++++++++++++++++

ဘဝဦးတည်ချက်ကို တကယ်သိချင်ရင်

အရင်ဆုံး ကိုယ့်စိတ်ကို ကိုယ်ကောင်းကောင်းသိအောင်လုပ်ပါ။

ကိုယ့်စိတ်ကို ကိုယ်တကယ်သိလာရင် ကိုယ်ဘာကို တကယ်

ချစ်တယ်ဆိုတာသိလာမယ်။

ကိုယ်တကယ်ချစ်တာကို လုပ်ရမှ

စိတ်ပါလက်ပါလုပ်မယ်။

တစ်သက်လုံးလုပ်မယ်။

ရှိသမျှကိုယ်စွမ်း၊ဉာဏ်စွမ်းတွေကို

အကုန်ထုတ်မယ်။

ဒါမှ အကောင်းဆုံးဖြစ်အောင်လုပ်နိုင်မယ်။

အကောင်းဆုံးဖြစ်အောင်

လုပ်မှ အဆင့်မြင့်တဲ့ပျော်ရွှင်မှုကိုရမယ်။

++++++++++++++++++

ဦးတည်ချက်လေးနက်တဲ့သူ၊

ခံယူချက်မြင့်မြတ်တဲ့သူ၊

ကိုယ့်စိတ်ကိုကိုယ်ကောင်းကောင်းသိတဲ့သူဟာ

အခက်အခဲနဲ့တွေ့တဲ့အခါ ခံနိုင်ရည်အများကြီးရှိတယ်။

++++++++++++++++++



ပြဿနာတွေ၊အခက်အခဲတွေ၊

ဒုက္ခတွေဆိုတာဟာ ပညာရဖို့၊

အသိဉာဏ်ကြီးဖို့ရာ

အတွေ့အကြုံတွေပါပဲ။

++++++++++++++++++

ပြဿနာကို ဉာဏ်ပါပါနဲ့ ဖြေရှင်းဖို့ကို ဦးစားပေးပြီး

အဖြေကို ရှာရတာက စိတ်သက်သာမှုကိုရတယ်။

ဉာဏ်ပညာလည်း ပိုကြီးလာတယ်။

++++++++++++++++++

ဘာအခက်အခဲကိုမှ ရင်မဆိုင်ရဲတဲ့သူဟာ

ဘယ်လိုနည်းနဲ့မှ

စိတ်ဓာတ်ရင့်ကျက်တဲ့သူ၊

အသိဉာဏ်ရင့်ကျက်တဲ့သူ၊

ပညာတတ်တဲ့သူ၊

အစွမ်းအစရှိတဲ့သူ မဖြစ်နိုင်ဘူး။

++++++++++++++++++



အခက်အခဲဆိုတာဘဝရဲ့ သဘာဝပါပဲ။

တွေ့ကြုံလာရတဲ့ အခက်အခဲကို သတိနဲ့ဉာဏ်နဲ့

သဘောထားကြီးကြီးနဲ့ဖြေရှင်းနိုင်တဲ့အရည်အချင်းရှိဖို့ပဲ

လိုပါတယ်။

+++++++++++++++++++++

ကိုယ်တွေ့ကြုံခံစားရတဲ့ဒုက္ခထဲက လေးနက်တဲ့အသိဉာဏ်ကို

ရအောင်လုပ်နိုင်တဲ့သူ၊

ဒုက္ခကြုံရလို့စိတ်ထားပိုပြီးလေးနက်သွားတဲ့သူဟာ

အောင်မြင်မှုရတဲ့သူလို့ ဆိုနိုင်တယ်။

+++++++++++++++++++++

အနိုင်၊အရှုံးဆိုတာကို လုံးဝထည့်မစဉ်းစားတာ

အကောင်းဆုံးပါပဲ။

++++++++++++++++++

ငါ စိတ်ဆင်းရဲသွားရတဲ့အကြောင်းရင်းဟာ

ငါ့အတွင်းမှာရှိနေတယ်။

အဲဒါကို အရင်ဆုံးမြင်အောင်ကြည့်ရမယ်။

အဲဒီလို ကြည့်တာဟာ ကိုယ့်အတွက်

အကျိုးအများဆုံးပါပဲ။

++++++++++++++++++

လူဆိုတာ အကုန်လုံးမှားတဲ့လူလည်း မရှိဘူး။

အကုန်လုံးမှန်တဲ့လူလည်း မရှိဘူး။

++++++++++++++++++

သင့်ခေါင်းပေါ်ကို ငှက်တွေ ဖြတ်ပြီး မပျံအောင်

သင်ထားလို့ မရဘူး။

ဒါပေမယ့် သင့်ခေါင်းပေါ်က ဆံပင်ထဲမှာ အသိုက်လာ

မလုပ်အောင်တော့ တားမယ်ဆိုရင် ရပါတယ်။

++++++++++++++++++

( ဆရာတော် ဦးဇောတိက )


" သေးငယ်တဲ့အမှား..."


တစ်ခါတုန်းက

ထောင်ကျတစ်ယောက်ဖြစ်တဲ့စိုးသန်းဟာ

သူနဲ့အတူတူထောင်ကျတစ်ယောက်ဖြစ်တဲ့သိန်းအောင်ကို

သက်ပြင်းချပြီးပြောတယ်။

“ အမှားကလေးတစ်ခုကိုသာ

ငါမလုပ်မိခဲ့ရင် ငါ အခု သန်းကြွယ်သူဌေးဖြစ်နေပြီ။”

သိန်းအောင်က

“ဘယ်လိုအမှားလဲ”

စိုးသန်းပြန်ပြောလိုက်တာက

“ငါရဲ့ရာတန်တွေဟာ

အစိုးရထုတ်ငွေစက္ကူထက် ၂-မီလီမီတာ ပိုရှည်သွားတဲ့အမှားပေါ့”


Wednesday, November 9, 2011

" ဒါပေမယ့် ကြောက်တယ်..."



တစ်ခါတုန်းက

ကြောက်ကြောက်လန့်လန့်နဲ့ခွဲစိတ်ခန်းထဲက

ထွက်ပြေးလာတဲ့လူနာတစ်ယောက်ဖြစ်တဲ့ ကိုမောင်ထွန်းကို

ဆေးရုံအုပ်ကြီးက မေးလိုက်တယ်။

“ခင်ဗျားဘာဖြစ်လို့ခွဲစိတ်ခန်းထဲကနေ ထွက်ပြေးရတာလဲ”

ကိုမောင်ထွန်းက

“သူနာပြုဆရာမက

' မကြောက်နဲ့၊

အူအတက်ပေါက်တယ်ဆိုတာ

သေးငယ်တဲ့ရောဂါ(minor case)ဖြစ်တယ်။

ခွဲစိတ်တာ စိုးရိမ်စရာမရှိပါဘူးလို့ပြောလို့ပါ”

ဆေးရုံအုပ်ကြီးက

“အေးလေ၊

အဲဒီလိုပြောတာ ဘာဖြစ်သလဲ၊

သူနာပြုဆရာမပြောတာမှန်တာပဲ”

ကိုမောင်ထွန်းပြန်ပြောလိုက်က...

“သူနာပြုဆရာမက ကျနော်ကိုပြောတာမဟုတ်ဘူး။

ခွဲစိတ်မယ့်ဆရာဝန်ကိုပြောနေတာခင်ဗျ”



" စာအုပ်ရဲ့နာမည်ကြောင့်လား…"


တစ်ခါတုန်းက တာချီလိတ်မြို့ရဲ့ဗယ်လင်တိုင်းကဖီးဆိုင်တွင်

သူငယ်ချင်းများနဲ့လက်ဖက်ရည်သောက်နေကြပါတယ်။

ကျနော့်တို့ရဲ့ဘေးကပ်လျက်လက်ဖက်ရည်ဝိုင်းမှ

လူတစ်ယောက်ဟာ သူ့ဇနီးသည်မီးဖွားတဲ့အကြောင်းကို ပြောပြနေပါတယ်။

“ကျနော့်ရဲ့ဇနီးသည်ဟာ သူ မမွေးဖွားခင်မှာ

"နှစ်ယောက်ထဲနေချင်တယ်"

ဆိုတဲ့စာအုပ်ကိုဖတ်မိတယ်ဗျ။

အဲ မွေးလဲလာရော နှစ်မြွာပူး မွေးတော့တာပဲ”

အဲဒီအခါ နောက်တစ်ယောက်က ပြောပြန်တယ်။

“ ဒါ ဘာဟုတ်သေးလို့လဲဗျ၊

ကျနော့်ဇနီးကမှဗျာ၊သူကလေးမမွေးခင်

"သူရဲကောင်းသုံးယောက်"

စာအုပ်ဖတ်မိတယ်။

မွေးလည်းမွေးရော သုံးမြွာပူးမွေးတော့တာပါပဲ”



အဲဒီအခါ ကျန်တတိယတစ်ယောက်ဖြစ်တဲ့ကိုစိုင်းစိုင်းက

ထိတ်လန့်တကြားနဲ့ပြောလိုက်တာက...

“ ဟာ ဒါဆိုရင် ကျနော်တော့ ဒုက္ခတွေ့တော့မယ်ဗျို့၊

ဘာဖြစ်လို့လဲဆိုတော့ ကျနော့်မိန်းမက ကိုယ်ဝန်ကြီးနေ့စေ့၊လစေ့နဲ့

အခု သူမဟာ "အလီဘာဘာနဲ့ခိုးသားလေးဆယ်"

စာအုပ်ကိုဖတ်နေတယ်ဗျ၊

ကျနော်တော့ အိမ်အမြန်ပြန်မှ ဖြစ်တော့မယ်ဗျို့”



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com