Thursday, March 4, 2010

“ နောက်ထပ် ပန်းတိုင်က ဘာလဲ?...”



ကျနော်အသက်က ၁၂-နှစ်သာရှိသေးချိန်။

ကျနော်ဝါသနာက သေနတ်ပစ်အားကစား။

ဒီကာလမှာ ကျနော်ရဲ့ရည်မှန်းချက်က တစ်ခုတည်းပဲဖြစ်တယ်။

ရိုင်ဖယ်သေနတ်ပစ်သမားကောင်းတွေထွက်တဲ့နာမည်ကြီးလှတဲ့

ကျနော်တို့ကျောင်းမှာ အကောင်းဆုံးသေနတ်ပစ်သမားတစ်ဦးဖြစ်ဖို့။

ကျနော်ရဲ့အဖေထံကို စာတစ်စောင်ရေးပို့ခဲ့တယ်။

အမှတ်ပေါင်း၂၁၀ထိအမြင့်ဆုံးရနိုင်တဲ့ပွဲစဉ်မှာ

ကျနော်လေ့ကျင့်စဉ်ကအများဆုံး ၂၀၅-မှတ်အထိရခဲ့ကြောင်း၊

တကယ်ပြိုင်ပွဲမှာ ဒီအတိုင်းပစ်နိုင်ပါက ဗိုလ်စွဲမှာ သေချာကြောင်းဆိုပြီးစာရေးလိုက်ပါတယ်။

အဖေ့ထံမှ စာတစ်စောင်ပြန်ရေးလာပါတယ်။

အဖေ့စာက

“၂၀၅-မှတ်ကိုဘာလို့ထပ်ပစ်နေမှာလဲ?။

၂၁၀-မှတ်ရအောင်ပစ်ပါ။

သားအမြဲမှတ်ထား၊

ဘယ်လုပ်ငန်းပဲလုပ်လုပ် ရပြီးတဲ့အောင်မြင်မှုသရဖူနဲ့ကျေနပ်မနေနဲ့။

ပန်းတိုင်တစ်ခုရောက်ပြီးပြီဆိုရင်

နောက်ထပ်ဒီထက်မြင့်တဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခုထပ်ချရမယ်။”


အဖေ့စကားအတိုင်း အမှတ် ၂၁၀-မှတ်ရအောင်ကျနော်ကြိုးစားခဲ့တယ်။

ပြိုင်ပွဲကျင်းပတဲ့အခါ ကျနော် ၂၀၈-မှတ်ရတယ်။

ကျနော်တို့ကျောင်းအတွက် စံချိန်သစ်ဖြစ်တယ်။ ဒီစံချိန်ကို ဒီနေ့အထိ ချိုးနိုင်သူမပေါ်သေး။

အဖေ့စကားမှန်တယ်။ အဖေ့ဟာပြောတဲ့အတိုင်းလုပ်သူလည်းဖြစ်တယ်။

အဖေဟာ ၁၉၃၁-ခုနှစ်မှာ ဆာဘွဲ့ချီးမြှင့်ခြင်းခံရတယ်။

တစ်မိနစ်ကို ၄-မိုင်နှုန်းထက်ကျော်လွန်ပြီး မော်တော်ကားကို မောင်းနှင်နိုင်တဲ့

ပထမဆုံးလူသားဖြစ်တယ်။

အဖေဟာကုန်းရော၊ရေပြင်မှာပါ အမြန်ဆုံးစံချိန်ရှင်တစ်ဦးဖြစ်တယ်။

ကျနော်ဟာအဖေတူသားဖြစ်ချင်တယ်။

ဒါကြောင့်ကျနော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကို ရပ်ဆိုင်းပစ်လို့မဖြစ်ပါ။


ကြိုးစားအားထုတ်မှုတွေကို ရပ်ဆိုင်းလိုက်တာနဲ့ တပြိုင်နက်

ကျနော်တို့ရဲ့တိုးတက်ဖွံ့ဖြိုးမှုတွေရပ်ဆိုင်းသွားမှာ သေချာတယ်။


[ Ref: The Best Advice I Ever Had…..by Donald Campbell ]

“ အကောင်းလေးလည်း ရှိအုန်းမှ...”



ဆေးပညာမှာ ပါရဂူမြောက်တဲ့ ဆရာဇီဝကဟာ

ဘုရားရှင်ရဲ့ ကျန်းမာရေးကိစ္စအဝဝကို

စောင့်ရှောက် ကုသပေးနေတဲ့ သောတာပန် အရိယာကျောင်းဒကာတစ်ဦး ဖြစ်တယ်။

ဒီ့ပြင် ဗိမ္ဗိသာရမင်းကြီးရဲ့နန်းတွင်းသမားတော်ကြီးလည်းဖြစ်ပါတယ်။

ဆရာဇီဝကဟာ အဇာတသတ်မင်းသားက ခမည်းတော်ကြီးကိုဖယ်ရှားပြီး

ထီးနန်းစည်းစိမ်ကို သိမ်းပိုက်တဲ့အခါကျတော့လည်း

နန်းတွင်းသမားတော်တာဝန်ကို ဆက်လက်ထမ်းဆောင် နေရပါတယ်။

ရှင်ဘုရင်ကတာဝန်ပေးလို့သာ အမှုတော်ထမ်းနေရပေမယ့်

ဆရာဇီဝကရဲ့စိတ်ထဲမှာ

အဇာတသတ်ဟာ အလွန်ကျေးဇူးကန်းတယ်၊

ခမည်းတော်အရင်းကို ဖယ်ရှားပြီး အချိန်မကျသေးဘဲနဲ့

ထီးနန်းအာဏာကို မတရားသိမ်းပိုက်ထားတဲ့ မင်းဖြစ်တယ်။

ဆိုတဲ့ စိတ်ထားနဲ့ အဇာတသတ်မင်းအပေါ်မှာ အမြင်မကြည်လင်ပါဘူး၊

စကားတောင်မှမေးပြော ခေါ်ထူးသဘောမျိုးနဲ့နေခဲ့ပါတယ်။

တစ်နေ့တော့ အဇာတသတ်မင်းကြီးက ရာဇဂြိုဟ်မြို့ထဲမှာ မီးလောင်မှုခဏခဏဖြစ်လွန်းလို့

မီးလောင်မှုဖြစ်ပွားသူ ဘယ်သူမဆို မြို့ပြင်ထွက်နေရမယ်

လို့အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မကြာခင်မှာပဲ အဇာတသတ်မင်းရဲ့နန်းတော်ဝင်းထဲမှာ မီးလောင်မှုဖြစ်တဲ့အခါ

အဇာတသတ်မင်းကြီးက

ငါထုတ်ပြန်ထားတဲ့အမိန့်အရ ငါ့နန်းတော်ကိုမြို့ပြင်ထုတ်စေ

လို့ဆုံးဖြတ်ပြီး

မြို့သစ်ကိုတည်စေခဲ့တယ်။

အဇာတသတ်မင်းရဲ့ဆုံးဖြတ်ချက်ကိုလဲ ကြားလိုက်ရော

ဆရာဇီဝကစိတ်ထဲမှာ

ဒီမင်းသားဟာ ဖခင်အရင်းခေါက်ခေါက်ကြီးကိုသတ်မိတဲ့အထိ မိုက်လုံးကြီးခဲ့ပေမယ့်

သူ့အမိန့်သူတော့ လေးစားနာခံဖော်ရပေသားပဲ၊

ဒီလိုဆိုရင်တော့လည်း မဆိုးလှပါဘူး။

ပြုပြင်လို့ရနိုင်တဲ့ စိတ်ဓါတ်ကောင်းတော့ ရှိပေသားပဲ

လို့တွေးပြီး

အဇာတသတ်မင်းအပေါ် အမြင်ပြန်ကြည်သွားပါတယ်။

ဒါကြောင့်အဇာတသတ်မင်းကို ဘုရားရှင်ထံရောက်အောင်

ဆရာဇီဝကကိုယ်တိုင် စီစဉ်ပေးတာဖြစ်ပါတယ်။

ဘုရားရှင်နဲ့တွေ့ပြီးလို့ သာသနာတော်ရဲ့ကျေးဇူးကို သိခွင့်ရပြီးချိန်မှာတော့

အဇာတသတ်မင်းဟာ အပြစ်တွေ ပြေရာပြေကြောင်းအတွက် အများကြီးကျိုးစားခဲ့ပါတယ်။

ပထမဦးဆုံး သံဂါယနာတင်ပွဲကြီးအောင်မြင် ပြီးမြောက်အောင် တာဝန်ယူခဲ့ပါတယ်။


ဒါပေမယ့်...အဆိုးက အဆိုးပါဘဲ။

အကောင်းကလည်း အကောင်းပါဘဲ။

အကျိုးပေးတော့လည်း သတ်သတ်စီပါ။

တစ်ဘဝ စံစားရဖို့အတွက်

သံသရာနဲ့ချီပြီး ဘဝပေါင်းများစွာ ခံလိုက်ရတာကတော့

မတန်ပါဘူး။

သင်ခန်းစာယူတတ်မယ်ဆိုရင်

ယူစရာပါဘဲ။

Saturday, February 13, 2010

“ တူသောအကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ...”




တစ်ခါတွင် လယ်တီဆရာတော်ဘုရားကြီး သင်္ဘောစီးပြီး ခရီးထွက်တော်မူတယ်။
မနက်မိုးလင်းအချိန်တွင် ဆရာတော်ရဲ့ပစ္စည်းများသူခိုး ခိုးသွားတယ်။
မိုးလင်းလို့ ပစ္စည်းပျောက်တာကို တွေ့သွားတာနဲ့ ကပ္ပိယက
“ဆရာတော် လုပ်ပါဦးဘုရား၊ ဒုက္ခတော့ ရောက်ကုန်ပြီ၊ ရဲတိုင်မှ ဖြစ်တော့မယ်။”
“ဘာတုန်းဟ...ကပ္ပိယရဲ့၊ မင်းဟာ အရင်းမပါ အဖျားမပါ
ပြူးတူးပြဲတဲနဲ့ တိုးတိုးသက်သာ ပြောစမ်းပါ”
“ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား၊
ဒါကြောင့် သင်္ဘေင်္ာရဲကို တိုင်မှ ဖြစ်မယ်ဘုရား”

“ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ
ကိုယ်ကလည်း သူများပစ္စည်းခိုးခဲ့ဖူးလို့ဖြစ်မှာပေါ့ဟဲ့၊
သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ
တစ်ချိန်ချိန်မှာ တူသောအကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ၊
အသာနေစမ်းပါ ကပ္ပိယရယ်...
မင်းလုပ်လိုက်မှ ငါသူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ်”



(ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)...
မထေရ်မြတ်တို့ စကားဝိုင်း စာအုပ်မှ.....)
တရားရှိသူနဲ့တရားမရှိသူများကွာချင်တိုင်းကွာနေတတ်ပါတယ်။
တရားရှိသူများကတော့ လောကဓံအဆိုးများကြုံတိုင်း တရားအသိကြောင့်
ကုသိုလ်ဖြစ်အောင် တွေးတတ်တယ်။
ကုသိုလ်ဖြစ်အောင် ပြောတတ်တယ်။
ကုသိုလ်ဖြစ်အောင် လုပ်တတ်တယ်။

တရားမရှိသူများကတော့ လောကဓံအဆိုးများနဲ့တွေ့လေတိုင်း
ဒေါသတွေထွက်၊ အကုသိုလ်တွေတက်၊
အဆိုးသံသရာဝဲထဲကမထွက်အောင် လည်နေပါတော့တယ်။

Friday, February 12, 2010

“ သီလကို ဈေးတွက်တွက်မိသောအခါ....”



တစ်ခါတုန်းက ဥပုသ်နေ့တစ်နေ့မှာ

ကိုရင်လေး သုမန ဆွမ်းခံကြွလာတုန်း ဒကာကြီးဦးတင်ဝင်းက ထွက်ပြီးပင့်တယ်။

“ကိုရင်လေး ခဏကြွပါဦး”

အဲဒါနဲ့ ကိုရင်လေးကကြွပြီး ခင်းထားတဲ့နေရာမှာ အကျအနထိုင်လိုက်ပါတယ်။

ဒကာကြီးက ဆွမ်းလောင်းပြီးနောက် လက်အုပ်လေးချီကာ

“ကိုရင်လေး တပည့်တော်ကျောင်းသွားပြီး ဥပုသ်ယူဖို့ မမှီတော့လို့

တပည့်တော်ကို ရှစ်ပါးသီလပေးပါဘုရား”လို့ လျှောက်ထားပါတယ်။

ဒီတော့ ကိုရင်လေးကစဉ်းစားတယ်။

“ဆရာတော်က ဆယ်ပါးသီလကို မယုတ်မလျော့အောင် နေရမယ် လို့ မှာကြားထားတယ်။

အခု ရှစ်ပါးသီလတောင်းနေပြီး၊ဘယ်လိုလုပ်ရမလဲ?”

ကိုရင်လေးဆီက အသံမထွက်လာတော့ ဒကာကြီးကထပ်ပြီး

“ကိုရင်လေး တပည့်တော်ကို ရှစ်ပါးသီလ ပေးတော်မူပါဘုရား”လို့ထပ်လျှောက်ပြန်ပါတယ်။

ဒီတော့ ကိုရင်လေး သုမနက

“ဒကာကြီးရာ…ကိုရင်မှာကဆယ်ပါးရှိတာ။

ဒကာကြီးကိုရှစ်ပါးပေးလိုက်တော့ နှစ်ပါးပဲကျန်တော့မပေါ့။

မဖြစ်ပါဘူး။ဆရာတော်ဆူလိမ့်မယ်။”ဆိုပြီး ထပြန်သွားပါတော့တယ်။

ဒကာကြီးဦးတင်ဝင်းမှာ ကြမ်းခင်းတွင် ပုဆစ်တုတ်လျက် ငုတ်တုတ်ကျန်ရစ်ခဲ့ပါတယ်။


ရဟန်းတော်များက သီလကတော့…(၂၂၇)သွယ်သောဝိနည်းတော်များ၊

ကိုရင်များကတော့ (၁၀)ပါးသောသီလ၊

ဥပုသ်သည်များကတော့ (၈)ပါးသောသီလ၊

သာမန်လူများကတော့ (၅)ပါးသောသီလ၊ဆိုပြီးခွဲခြားထားပါတယ်။

သီလဆိုတာ မကျိုးမပေါက်အောင် စောင့်ထိမ်းရသောအကျင့်ဖြစ်တယ်။

Sunday, February 7, 2010

“အတွေးကြောင့် ပြေး...ပြေး...”



တစ်ခါတုန်းက ဆန်စပါးကို

တစ်နေရာက တစ်နေရာကို အရောက်ပို့ဆောင်ရောင်းချနိုင်ရင်

အမြတ်အစွန်းကြီးကြီးမားမား ရနိုင်တဲ့အချိန်ဖြစ်တယ်။

ဒါကြောင့် မြန်မာတစ်ယောက်ဟာ ရှမ်းမိတ်ဆွေ တစ်ယောက်ကို အဖော်ပြုကာ

ရှမ်းရွာဘက်ကို ဆန်ရောင်းဖို့အတွက် ခရီးထွက်ခဲ့ကြတယ်။

တောတစ်တောကို ဖြတ်သန်းနေစဉ်

ကျား၊ဆင် စတဲ့ တောရဲတိရ စ္ဆာန်တို့ရဲ့ရန်ကို စိုးရိမ်တာကြောင့်

ဆန်အိတ်ထမ်းလာတဲ့ မြန်မာကရှေ့၊

ရှမ်းကနောက်ကသွားနေတုန်း ရှေ့ကဆန်အိတ်ပေါက်တာကို တွေ့မြင်ရတဲ့အတွက်

ရှမ်းကဆန်အိတ်ပေါက်တယ်”လို့လှမ်းပြီး ပြောလိုက်တယ်။

ဒါပေမယ့် (ဆန်အိတ်ပေါက်တယ်)ဆိုတဲ့စကားက အသံဝဲတဲ့အတွက်

မြန်မာရဲ့နားမှာ ”ဆင်အီးပေါက်တယ်” လို့ကြားလိုက်တယ်။

မြန်မာကတွေးတာက “ဆင်အီးပေါက်သံကြားရင်တော့ ဆင်ကမဝေးတော့ဘူးလို့

တွေးတောကာ နောက်ကို လှည့်မကြည့်ဘဲ တအားကုန်ပြေးတော့တယ်။

နောက်ကရှမ်းကလည်း မြန်မာဟာအကြောင်းမရှိဘဲနဲ့တော့ မပြေးတန်ရာ၊

ပြေးစရာအကြောင်းရှိတဲ့ အတွက်သာ ပြေးတာဘဲဖြစ်မယ်ဆိုပြီး

နောက်ကလိုက်ပြေးလေတော့တယ်။

ရှမ်းကပြေးတဲ့အတွက် မြန်မာလည်း အမှန်ပင် ဆင်နဲ့နီးနေပြီလို့ ယူဆတွေးတောကာ

ပို၍ပိုကာမြန်မြန်ပြေးတယ်။

ရှမ်းကလည်း မြန်မာကိုအမီလိုက်တဲ့အခါ နှစ်ယောက်သားမှာ အားကုန်ပြေးနေလေတော့တယ်။

မြန်မာကရှေ့ကပြေး၊

ရှမ်းကနောက်ကအမီလိုက်ပြေး၊

နှစ်ယောက်စလုံး အလွန်မောလာတဲ့အခါ မပြေးနိုင်တော့အောင် ဖြစ်လာတယ်။

နောက်ဆုံးတော့ သစ်ပင်တစ်ပင်အောက်မှာ နားကြတယ်။

တစ်ယောက်နဲ့တစ်ယောက် ပြေးရတဲ့အကြောင်းကို မေးကြ၊

ရှင်းကြလေတော့မှ “ဆန်အိတ်ပေါက်တယ်” ဆိုတာကို

“ ဆင်အီးပေါက်တယ်” လို့နားကြားလွဲပြီး ပြေးကြကြောင်းကို သိရတော့တယ်။

အဲဒီတော့မှ မောမိသမျှ နှမြောတသကြရလေတယ်။

“ မေတ္တာသုခ တုမရ...”



လောကကြီးထဲမှာ မေတ္တာလောက်ကောင်းတာ

ဘာမှမရှိဘူး။

မေတ္တာဟာ လောကကြီးတစ်ခုလုံးတွင်

တန်ခိုးအထက်ဆုံး

အချမ်းသာဆုံး တရားကြီးပဲ

ချမ်းသာမှု တကာတို့တွင်

ဘယ်ချမ်းသာနဲ့မှ မတူဘူး

မေတ္တာတရားကိုသာ

စွဲစွဲမြဲမြဲ လက်ကိုင်ထားနိုင်ရင်

သံသရာကျင်လည်ရသည့်တိုင်အောင်

ဘာမှကြောက်စရာမရှိတော့ဘူး ။


(တောင်တန်းဆရာတော် ဦးဥတ္တမသာရ)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com