Tuesday, December 31, 2013

"အမေ့ထံသို့ ပေးစာများ-၈၇..."



သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။
ကျနော်တို့ အေသင်မြို့ ကထွက်ခွာချိန်ကတော့ နေ့လည်တစ်နာရီလောက်ရှိတော့မယ်။
နံနက် (၉)နာရီလောက်ထွက်ခွာဖို့ စီစဉ်ထားပေမယ့် လုပ်စရာကိစ္စက မပြီးပြတ်တဲ့အတွက်
နောက်ကျသွားတယ်။
အက်စ်ဘန်းမြို့ကိုသွားရမယ့်ခရီးက မိုင်ပေါင်း ခြောက်ရာကျော်ဆိုတော့
ပုံမှန်မောင်းသွားမယ်ဆိုရင် ဆယ်နာရီကျော်မောင်းရမယ်။
ဒီက အဝေးပြေးလမ်းမပေါ်မှာ အမြန်လည်းမောင်းလို့မရဘူး။
သတ်မှတ်မိုင်နှုန်းနဲ့ပိုမောင်းရင် နောက်က ပုလိပ်လိုက်လာလိမ့်မယ်။
အဲဒီလိုဆိုရင် သွားရမယ့်ခရီးက ပိုကြန့်ကြာသွားနိုင်သလို ဒဏ်ကြေးကလည်း လိုက်လာလိမ့်မယ်။
ဒီလိုဆိုရင် နှေးနှေးမောင်းပေါ့လို့ အမေကပြောလာရင် အဲဒါလည်း မရပြန်ဘူး။
အချို့နေရာတွေမှာ အမြန်ဆုံးမောင်းနိုင်တဲ့နှုန်းနဲ့အနှေးဆုံးမောင်းနိုင်တဲ့နှုန်းကို
သတ်မှတ်ထားပြီးသားဖြစ်နေတယ်။
မြန်လွန်း၊နှေးလွန်းလို့မရတဲ့သဘောဖြစ်နေတယ်။
ကျနော်တို့က အားလပ်ချိန်သုံးပတ်လောက် ရထားတဲ့အတွက် လောစရာတော့ မလိုပါဘူး။
တစ်ပတ်တာနီးပါးကတော့ အေသင်မြို့မှာ လုပ်စရာတွေလုပ်ရင်း ကုန်ခဲ့ပြီ။
နှစ်ပတ်ကျော်ကျော် ကျန်သေးတယ်။
နောက်တစ်ခုက ကျနော်တို့ပြောင်းရွေ့ရမယ့်လမ်းကြောင်းပေါ်မှာ
သမုဒ္ဒရာကမ်းခြေတစ်ခုရှိတယ်။ သာယာတဲ့နေရာမှာ နာမည်ကြီးတယ်။
အဲဒီနေရာကို သွားလည်ဖို့ ဆုံးဖြတ်ထားတယ်။
ဒီလိုမျိုးအားလပ်ချိန်ကတော့ နောက်တစ်ကြိမ်ထပ်ရဖို့ဆိုတာ မသေချာဘူး။
အလုပ်ခွင်ထဲရောက်သွားရင် ဘယ်မှ မသွားနိုင်တော့ဘူး။
ဒါကြောင့် ဗာဂျီးနီးယားသမုဒ္ဒရာကမ်းခြေကို သွားလည်ဖို့စီစဉ်တာဖြစ်တယ်။
အဲဒီတော့ ဂူဂယ်(google)ကနေ ရှာကြည့်တော့ ဟော်တယ်တွေကို တွေ့တယ်။
လိပ်စာတွေလည်း တွေ့တယ်။
အကြိုက်ဆုံးဟော်တယ်တစ်ခုကို ရွေးလိုက်တယ်။
ဟယ်တန်ဟော်တယ် (Hilton Hotel)၊
အွန်လိုင်း(On line)ပေါ်ကနေ ဘွတ်ကင်(Booking)လုပ်ကြည့်တယ်။
နှစ်ရက်စာလောက် ကုန်နေပြီလို့ သိလိုက်ရတယ်။
ဘာဘဲဖြစ်ဖြစ် အဲဒီဟော်တယ်လိပ်စာကို ဂျီပီအက်စ်(GPS)ထဲ ရိုက်ထည့်ထားပြီး
အဲဒီကို ဦးတည်ပြီး မောင်းခဲ့တယ်။
ကားမောင်းချိန်က ကိုးနာရီကျော်ဆိုပေမယ့် ကျနော်တို့က တွေ့တဲ့ နားနေရာ(Rest Area)တိုင်းမှာ
ဝင်နားတယ်။ အကြောင်းကတော့ လူလည်းနား၊ ကားလည်းနားဖို့ပါ။
ကားမောင်းပါများရင် ညောင်းတယ်။
ခြေလက် အညောင်းဆန့်ချိန်ရတာပေါ့။
ပြီးတော့ အပေါ့၊ အလေးသွားဖို့နေရာတွေလည်း ရှိတယ်။ အရမ်းကို သန့်ရှင်းလှတယ်။
လူညောင်းသလို ကားလည်းအင်ဂျင်ပူမှာ သေချာတယ်။
အဲဒီလိုနားချိန်ရရင် ကားအတွက်ကောင်းမယ်လို့ထင်တယ်။
ကားတစ်ခုခုဖြစ်ရင် ကျနော်တို့လည်း ဘာမှကောင်းကောင်းတတ်တာမဟုတ်ဘူး။
ခရီးပိုကြန့်ကြာတာဖြစ်သွားနိုင်သလို ငွေလည်း ပိုကုန်သွားနိုင်တယ်။
အချိန်ရတော့ စိတ်အေးလက်အေး သွားနိုင်တာကို ပိုသဘောကျမိပါတယ်။
မိုင်တစ်ရာအတွင်းမှာ နားနေရာ(Rest Area)တစ်ခု သို့မဟုတ် နှစ်ခုလောက်တော့
အနည်းဆုံးရှိတတ်တယ်။
ခရီးဝေးကို အကြိမ်ကြိမ် ကားမောင်းဖူးပေမယ့် ဒီတစ်ခါလောက်
စိတ်အေးချမ်းသာတာ မရှိခဲ့ဖူးဖူး။
ကျန်တဲ့အကြိမ်တွေမှာတုန်းက ရတဲ့အချိန်က နည်းတယ်။
နောက်တစ်နေ့မှာ အလုပ်တွေက စောင့်နေတယ်။
မြန်မြန်သွား၊ မြန်မြန်စား၊မြန်မြန်နား ဖြစ်နေတယ်။
ဘယ်မှာ အရသာ ရှိမတုန်း။
ဘာရသမှာ ရှာမတွေ့ခဲ့ဘူး။
ဒီတစ်ခါတော့ အလုပ်က နောက်နှစ်ပတ်ကျော်မှ ဝင်ရမယ်။
အချိန်ရတယ်။
လက်ထဲမှာလည်း ငွေကြေးအသင့်တင့်ရှိနေတယ်။
မဖြုန်းနိုင်သော်လည်း ဥာဏ်နဲ့ယှဉ်ပြီး သုံးနိုင်တယ်။
ဒီတစ်ခါ ခရီးသွားရတာ စိတ်ချမ်းသာလိုက်တာ အမေရယ်။
ခရီးလမ်းတစ်လျှောက်မှာ ထူးခြားတာတစ်ခုကတော့ သမုဒ္ဒရာရေအောက်ကို ဖြတ်ဖောက်ထားတဲ့
ဥမင်လှိုင်ခေါင်းထဲကို အကြာကြီးဖြတ်မောင်းရတာပါပဲ။
အဲဒီအချိန်မှာတော့ စိတ်လှုပ်ရှားစရာကောင်းလှတယ်။
ကျနော်တို့ ကမ်းခြေကိုရောက်သွားချိန်မှာ ည သန်းခေါင်ယံထိုးတော့မယ်။
လမ်းမပေါ်မှာ ကားတစ်စီး၊နှစ်စီးလောက်သာ ရှိတော့တယ်။
ဒီအချိန်က အေးချမ်းတဲ့ရာသီမို့ ကမ်းခြေကိုလာသူတွေ နည်းပုံရတယ်။
ဒါတောင် အချို့ဟော်တယ်မှာ နေရာက မရှိဘူးဖြစ်နေတယ်။
ဟယ်လ်တန်ဟော်တယ်မှာ နေရာမရတော့ အဲဒီဟော်တယ်နဲ့နီးကပ်နေတဲ့
The Oceanfront Inn မှာပဲ တည်းလိုက်တယ်။
တည်းခိုခလည်း သင့်တော်တယ်။
ပင်လယ်ကမ်းစပ်ကို မေးတင်ထားတဲ့နေရာလည်းဖြစ်တယ်။
နေရာထိုင်ခင်းလည်း ကောင်းတယ်။
အဲဒီဝရံတာက ထွက်လိုက်ရင် သမုဒ္ဒရာကိုဖြတ်တိုက်လာတဲ့ လေနုအေးကို တဝကြီး ရှုရှိုက်ရတာကိုက
အရသာတစ်ခုလို ဖြစ်နေတယ်။
ရေပြင်ပေါ်မှာ လရောင်ဆမ်းတဲ့အလှကိုမြင်တွေ့နေရတာကလည်း စိတ်ကို အေးချမ်းစေတယ်။
လှိုင်းပုတ်သံကို အိပ်ခန်းထဲက ကြားနေရတယ်။
စိတ်ချမ်းသာလိုက်တာ အမေရယ်။
စိတ်ချမ်းသာအောင်နေ၊ စိတ်ချမ်းသာတာဟာ ကုသိုလ်လို့အမေပြောခဲ့ဖူး
တာကိုလည်း သတိရမိတယ်။



စိတ်လှုပ်ရှားနေတဲ့အတွက် တော်တော်နဲ့အိပ်မပျော်ဘူး။
ခရီးလမ်းမှာ ပင်ပန်းလာတဲ့အတွက် အိပ်ပျော်သွားပြန်တော့လည်း တော်တော်နဲ့မနိုးပြန်ဘူး။
နိုးနိုးချင်း ကမ်းခြေကို ထွက်ကြည့်လိုက်တော့ ကမ်းခြေလမ်းမပေါ်မှာ
လမ်းလျှောက်သူတွေ အများအပြားတွေ့ရတယ်။
အများစုကတော့ သက်ကြီးရွယ်အိုတွေ၊
ပင်စင်စားတွေ ဖြစ်ပုံရတယ်။
ဒီမှာက အလုပ်ကို ကောင်းကောင်းလုပ်၊
နားချိန်မှာ ကောင်းကောင်းနားခွင့်ရကြတာကို သတိပြုမိတယ်။
ကောင်းကောင်းစားရတိုင်း အမေ့ကို သတိရသလို
ကောင်းကောင်းနားရတိုင်းလည်း အမေ့ကို သတိရမိပါတယ်။
ဒီနေရာကို အမေ့ကို ရောက်စေချင်လိုက်တာ။
အမေ စိတ်ချမ်းသာမှာ သေချာတယ်။



နံနက်စာကို ဟော်တယ်က မကြွေးတာမို့ ကိုယ့်ဘာသာကိုယ် အခြားမှာ ဝယ်စားရတယ်။
ဟော်တယ်နဲ့နီးတာမို့ ဟော်တယ်တစ်ခုမှာ စားဖြစ်တယ်။
နိုင်ငံခြားအစားအစာတွေကို အခုထိ ခံတွင်းမတွေ့ပါဘူး။
မရှိတော့လည်း စားဖြစ်တယ်။
ပြီးတော့ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ဖြစ်တယ်။
ဓာတ်ပုံတွေလည်း ရိုက်ဖြစ်တယ်။
Ipad က ဓာတ်ပုံရိုက်လို့အလွန်ကောင်းတဲ့ကွန်ပျူတာပဲ။
မြင်ကွင်းက ကြည်လင်လိုက်တာ။ဓာတ်ပုံရိုက်ရတာလည်း လွယ်ကူတယ်။
ဒီနေရာမှာ စက်ဘီးတွေငှားစီးလို့ရသလို
ဆိုက်ကားတွေလည်း ငှားစီးလို့ရတယ်။
အချို့ဆိုက်ကားက လေးဘီးရှိတယ်။အချို့ကတော့ သုံးဘီးပါပဲ။
မြင်းလည်း ငှားစီးလို့ရတယ်။
အချို့စက်ဘီးတွေက လူနှစ်ယောက် ရှေ့နောက်မောင်းတဲ့စက်ဘီးတွေဖြစ်တာမို့
ကမ်းစပ်မှာ အဲဒီလို အပျော်စီးနေတာကိုတွေ့ရတယ်။
အချို့ကတော့ စကိတ်တွေစီးလို့၊
လူတွေကလည်း ပျော်ကြလို့၊
စီးပွားလုပ်သူတွေလည်း စီးပွားဖြစ်လို့၊
ဒီမှာနေကြသူတွေ ကံကောင်းကြတယ်လို့တွေးမိတယ်။
ပထမရက်မှာတော့ ကောင်းကောင်းနားလိုက်တယ်။
အဝေးကို လျှောက်မလည်ဖြစ်ဘူး။
ဒုတိယရက်မှာတော့ မြို့ကို ပတ်ပြီး ကားမောင်းဖြစ်တယ်။
ကမ်းစပ်တစ်လျှောက်မှာတော့ အားလုံးလိုလို ဟော်တယ်နဲ့အင်း(Inn)တွေ ဖြစ်ကုန်ပြီ။
အားလုံးကလည်း အကြီးအကျယ် စီးပွားဖြစ်နေပုံရတယ်။
အသစ်ဆောက်နေတဲ့ဟော်တယ်နဲ့အင်းတွေကလည်း အများအပြားတွေ့ရတယ်။
ဒေသခံနေထိုင်သူတွေရဲ့တိုက်တာအိမ်ကြီးအိမ်ကောင်းတွေလည်း အများအပြားတွေ့ခဲ့ရတယ်။
လတ်ဆတ်တဲ့ဈေး(The Fresh Market)ရှိတယ်လို့သိထားတဲ့အတွက်
ရှာဖွေပြီး သွားလည်ဖြစ်တယ်။
ရောက်သွားချိန်မှာ ဆူရှီးလိပ်သူက မရှိတော့ပါ။
ထမင်းသွားစားချိန်ဖြစ်တာမို့ မတွေ့ခဲ့တာဖြစ်နိုင်တယ်။
လတ်ဆတ်တဲ့ဈေးအခင်းအကျင်းက တစ်ဆိုင်နဲ့တစ်ဆိုင် ဆင်ဆင်တူနေတယ်။
ကွာခြားတာကတော့ ဒီမှာက ရောင်းကုန်တွေ များပြားလွန်းနေတာကို သတိပြုမိတယ်။
ဆိုင်အကျယ်အဝန်းထက် ရောင်းကုန်ပစ္စည်းများပြားလွန်းတော့ အမြင်မှာ
ကြတ်သိပ်နေသလို ဖြစ်နေတယ်။
ဒါဟာ အရောင်းတွင်ကျယ်တဲ့အချက်တစ်ခုအဖြစ် သတိပြုမိတယ်။
ဒီနေရာကို လုပ်ခွင့်ရသူတွေဟာလည်း ကံကောင်းသူတွေအဖြစ်ရှုမြင်ပါတယ်။



သမုဒ္ဒရာပင်လယ်ကမ်းစပ်မှာ နှစ်ရက်နေပြီးတော့ ကျေနပ်သွားမိပါတယ်။
ပြန်ဖို့စီစဉ်တော့ ယုံယုံက ဟယ်လ်တန်ဟော်တယ်မှာ နောက်တစ်ရက်နေချင်ကြောင်း
ပြောပါတယ်။ သူမက တစ်ချိန်က ဟော်တယ်လုပ်ခဲ့ဖူးပါတယ်။
ဟော်တယ်နဲ့ပတ်သက်တဲ့စိတ်ကူးယဉ်အိမ်မက်လည်း ရှိခဲ့ဖူးပါတယ်။
အိမ်မက်ဆိုတာ လူတိုင်းမှာ ရှိတတ်ပါတယ်။
စိတ်ကူးယဉ်အိမ်မက်ဟာ လူတိုင်းအတွက် အရေးကြီးလှပါတယ်။
ဒီတော့ ဟော်တယ်မှာတည်းချင်တာကို ဘာမှကန့်ကွက်စရာမရှိပါ။
သူမရဲ့ဆန္ဒအတိုင်းပင် ဟော်လ်တန်ဟော်တယ်မှာ နောက်တစ်ရက်နေဖြစ်သွားပါတယ်။
ဟော်လ်တန်ဟော်တယ်ရဲ့အထပ် (၁၁)မှာ နေရာရပါတယ်။
အခန်းနံပါတ်က (၁၁၀၈)။
ကမ်းစပ်ကို အပေါ်စီးက ကြည့်ခွင့်ရလိုက်ပါတယ်။
လူတွေက အောက်မှာ ပုကွကွနဲ့လှုပ်ရှားနေကြပါတယ်။
မြင်ကွင်းပြောင်းသွားပါတယ်။
အတွေးလည်းပြောင်းသွားပါတယ်။
အမျိုးသမီးရဲ့မိတ်ဆွေတစ်ဦးကပြောဖူးပါတယ်။
“လူတွေက တောင်ပေါ်ကိုမော့ကြည့်ပြီး တောင်ပေါ်တက်ဖို့ကြိုးစားကြတယ်။
တောင်ပေါ်ရောက်ပြီးတော့လည်း ဘာထူးလို့လဲ၊ နောက်ဆုံးတော့လည်း တောင်အောက်ကို
ပြန်ဆင်းလာရတာပါပဲ၊ကျမကတော့ အပင်ပန်းခံပြီး တောင်ပေါ်မတက်ချင်ပါဘူး” တဲ့။
သူမပြောတဲ့စကားက မှန်သယောင်ယောင်ပါပဲ။
တစ်ချိန်ချိန်မှာ တောင်ပေါ်က ပြန်ဆင်းလာရစမြဲဆိုတာ မှန်ပေမယ့်
တောင်ပေါ်မြင်ကွင်းကတော့ တောင်အောက်နဲ့မတူသလို တောင်ပေါ်ရောက်သွားတဲ့အခါ
အတွေးအမြင်၊ခံစားချက်တွေ ပြောင်းလဲသွားတာကို သူမ ထည့်မတွက်ခဲ့ဖူးထင်တယ်။
တောင်အောက်မှာချည်း တစ်သက်လုံး မပြောင်းမလဲနေနိုင်ရင်၊
နေလို့ကျေနပ်နိုင်ရင် အထူးပြောစရာမရှိပါဘူး။
သူမရဲ့စကားကို အမေ့ကို ကျနော်ပြောပြတော့
အမေက တစ်ခွန်းပဲပြန်ပြောပါတယ်။
“ဥာဏ်နဲ့ယှဉ်ပြီး ပင်ပန်းတယ်ဆိုပေမယ့် တောင်ပေါ်ကိုတော့ တက်ပါသားရယ်” တဲ့။
ဟော်လ်တန်ဟော်တယ်က ကျနော်တို့ မူလတည်းခဲ့တဲ့ဟော်တယ်ထက်
လေးဆကျော်ကျော်ဈေးများပေမယ့် ကျေနပ်မိပါတယ်။
တစ်နေ့မှာ  ကမ်းစပ်မှာရှိတဲ့ရေစိုနေတဲ့သဲကို ကိုင်ပြီး
စိတ်ကူးယဉ်အိမ်မက်ကို တိုင်တည်ပြီး ကျနော်တို့သစ္စာဆိုဖြစ်လိုက်တယ်အမေ။
ဘယ်လောက်ကုန်ကုန် အဲဒါတစ်ခုထဲနဲ့ တန်သွားပါပြီအမေ။

ဒါပါပဲ
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အက်ရှ်ဘန်းမြို့၊(Ash burn)
ဗာဂျီးနီးယားပြည်နယ်၊(Virginia)
အမေရိကန်ပြည်ထောင်စု။(USA)
၁၂-၃၁-၂၀၁၃

သမုဒ္ဒရာကမ်းစပ်မှာ ထင်ရှားတဲ့ရေသူထီးရဲ့ရုပ်ပုံရှေ့မှာ အမှတ်တရ...

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com