သို့
ချစ်တဲ့အမေ
သား
စာရေးပြန်ပါပြီ။
အလုပ်ကအိမ်၊
အိမ်ကအလုပ်နဲ့အလုပ်ရှုပ်နေတာကြာလာတော့
ငြီးငွေ့သလို
ဖြစ်လာတယ်။
ဒါနဲ့ပဲ
အောက်တိုဘာလတုန်းက ကျနော်နဲ့ယုံယုံတို့
ပိတ်ရက်တူတဲ့တစ်ရက်မှာ
ကျနော်တို့နေတဲ့မြို့နဲ့နီးတဲ့
Grand Rapids မြို့ကို သွားလည်ကြတယ်။
အဲဒီအကြောင်းကို
အမေ့ကို မပြောဖြစ်သေးဘူးနော်။
နီးတယ်ဆိုပေမယ့်
ဒီမှာက မိုင်တစ်ရာနီးပါးလောက်ကို ဝေးပါတယ်။
ကားနဲ့မောင်းသွားတာ တစ်နာရီကျော်ကျော်
ကြာတယ်။
ဖရီးဝေးကနေမောင်းရတော့ အလေ့အကျင့်တစ်ခုရတာပေါ့။
မြို့တွင်းမှာ မီးပွိုင့်တွေနဲ့မောင်းနေရာက
မီးပွိုင့်မရှိတဲ့ဖရီးဝေးလမ်းမကမောင်းရတာ
အရသာချင်းတော့ မတူဘူး။ တစ်မျိုးတော့
တစ်မျိုးစီပါပဲလေ။
မြို့တွင်းမှာနေရတာ ကြာလာရင်
မွန်းကြပ်သလို ဖြစ်လာတယ်။
မြို့ပြင်ထွက်တော့ မြင်ကွင်းကအစ
ပြောင်းသွားတယ်။
မြို့ပြင်က လေက ပိုပြီး လတ်ဆတ်သလို
ထင်မိတယ်။
တောရွာတွေကို ပိုပြီးနှစ်သက်တာမို့
ကျနော့်ကို တောသားလို့ပြောရင်လည်း
ကျေကျေနပ်နပ် လက်ခံပါတယ်။
ဒီကလူတွေ မကြာခဏ ခရီးထွက်တာကို
နားလည်လာသလို ဖြစ်လာတယ်။
အလုပ်က လူကို မွန်းကြပ်စေတာလားလို့တွေးမိတယ်။
လူတွေပြွတ်သိပ်နေတဲ့ပတ်ဝန်ကျင်ကနေ
ခဏလောက်
ရှောင်ထွက်သွားရင်ကိုပဲ လူကလန်းဆန်းလာသလို
ဖြစ်လာတယ်။
Grand Rapidsက တော်တော်စည်းကားတဲ့မြို့ပါ။
တကယ်တမ်းတော့ မစ်ချီဂန်ပြည်နယ်ထဲက
မြို့တစ်မြို့ပါပဲ။
ကျနော်တို့နေတဲ့လင်စင်းမြို့က
မစ်ချီဂန်ပြည်နယ်ရဲ့မြို့တော်ပါ။
အထပ်မြင့်တဲ့တိုက်တွေက ကျနော်တို့ရဲ့လက်ရှိနေတဲ့လင်စင်းမြို့ထက်တောင်
များနေသလိုပဲ။
ကျနော်တို့အဓိက သွားလည်တဲ့နေရာက
မြူစီယန်(Grand Rapids Public Museum)ပါ။
ဝင်ကြေးကတစ်ဦးကို ၈ ဒေါ်လာပေးရတယ်။
ယုံယုံက အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ပြီးမှ
ငွေရတာကို
ကိုယ်တွေ့နဲ့သိလာတော့ ဝင်ကြေး
၈ ဒေါ်လာပေးရတာကို နှမြောနေတယ်။
“အထဲမှာ ဘာတွေရှိလို့ပေးရတာလဲ”
လို့လည်း မေးတယ်။
“ဘာရှိသလဲဆိုတာတော့ တစ်ခါမှ
မရောက်ဖူးတော့ မသိဘူး။
ပြန်ထွက်လာတော့ တန်မှန်းသိလိမ့်မယ်”
ဆိုပြီး အထဲကို ဝင်ခဲ့တာပဲ။
တော်သေးတယ်။ ပြန်ထွက်လာတော့
“တန်ပါတယ်” လို့ပြောဖော်ရပါတယ်။
ဝင်ဝင်ချင်းမှာပဲ ဒိုင်နိုဆောရဲ့အရိုးစုကြီးကို
စတွေ့ရတယ်။
မြင်ဖူးသမျှမှာတော့ တော်တော်ကြီးတာပဲ။
ဆရာတစ်ယောက်ပြောတာကို သွားသတိရမိတယ်။
“ဒီဒိုင်နိုဆောတွေဟာ အကောင်သာ
ကြီးတာ၊ ဦးနှောက်တော့ သေးပုံရပါတယ်။
ပတ်ဝန်ကျင်နဲ့လိုက်လျှောညီထွေ
မနေတတ်တော့
မျိုးပြုတ်သွားရရှာတယ်” တဲ့။
အခုတော့
အရိုးစုပဲ ရှိတော့တယ်။
နောက်တော့ ဟိုတုန်းက မြင်းရထားတွေကို
တွေ့ရတယ်။
မေမြို့က ရထားလုံးနဲ့တူတယ်။
လူတွေအများကြီးကိုတင်နိုင်တယ်။
နောက်တော့ သေနတ်တွေ အမျိုးမျိုးကိုပြထားတယ်။
သေနတ်လုပ်ငန်းကိုလည်း သေသေချာချာပြထားတယ်။
သေနတ်စက်ရုံအသေးစားလုပ်ငန်းလို့ပြောရမယ်ထင်တယ်။
ကိရိယာတန်ဆာပလာတွေ အစုံကိုပြထားတယ်။
တစ်ချိန်တုန်းက ဒီမြို့ဟာ
သေနတ်လုပ်ငန်းကို အကြီးအကျယ်လုပ်ခဲ့ပုံရတယ်။
“သေနတ်ဆိုတာရှိသင့်ပါတယ်။ဒါပေမယ့်
အရူးတစ်ယောက်ရဲ့လက်ထဲ
ရောက်မသွားဖို့တော့လိုတယ်။
ရောက်သွားလို့ကတော့ လူကောင်းတွေ သေဖို့သာပြင်ပေတော့”
ဆိုတဲ့ ဆရာတစ်ယောက်ရဲ့စကားကိုလည်းပြန်ကြားယောင်မိတယ်။
ဒီစကားက မှန်တယ်။ သိပ်မကြာသေးခင်ကပဲ
အမေရိကန်နိုင်ငံကလူငယ်တစ်ယောက်ဟာ
သူ့အမေရဲ့သေနတ်ကိုယူပြီး
မူလတန်းကျောင်းထဲဝင်ပြီး ကလေးလေးတွေကို
ပစ်သွားတယ်။ အပြစ်ကင်းတဲ့ကလေးတွေ
အများအပြားသေပါရောလား။
ကလေးလူကြီးပေါင်းနှစ်ဆယ်ခြောက်ယောက်တောင်သေဆုံးသွားခဲ့ကြတယ်။
တကယ့်ကိုကြေကွဲစရာ သတင်းပါ။
အဲဒီဆရာကပဲထပ်ပြောသေးတယ်။
“လူတစ်ယောက်ရဲ့လက်ထဲကိုသေနတ်တစ်လက်ရသွားရင်
အဲဒီလူက မျိုးချစ်စိတ်ဖြစ်ရင်ဖြစ်၊
နောက်ပြခန်းတစ်ခုကတော့ ခေတ်အဆက်ဆက်က
ပြောင်းလဲလာတဲ့
ငွေစက္ကူနဲ့ငွေအကြွေစေ့တွေအားလုံးကို
ပြသထားတယ်။
ငွေတွေဆိုတာ အရာရာနဲ့လဲလှယ်နိုင်တဲ့အရာတွေဖြစ်တာမို့
အရေးကြီးလှပါတယ်။
ဒီနိုင်ငံရဲ့အလယ်ဗဟိုတည့်တည့်မှာ
ငွေကြေးရှိနေတာကို
ဒီရောက်ပြီး မကြာခင်မှာပဲ
သိခွင့်ရလိုက်ပါတယ်။
နောက်ပြခန်းတစ်ခုကတော့ လျှပ်စစ်မီးနဲ့ပတ်သက်တဲ့ပြခန်းပါ။
ဒီမြို့ကို လျှပ်စစ်မီးဟာ
၁၈၈၀ ခုနှစ်မှာ စရောက်ပြီး
အသုံးပြုခဲ့တယ်လို့ အတိအကျရေးထားတယ်။
အခုတော့ လျှပ်စစ်မီးတွေ နေ့ရောညပါ
ထိန်းထိန်းကိုလင်းလို့။
မီးပျက်တာကို မကြုံဖူးဖူး။
အမေတို့ဆီမှာရော လျှပ်စစ်မီးတွေ
မှန်မှန်လာရဲ့လား။
နောက်ပြခန်းကတော့ ဒီမြို့မှာနေထိုင်ခဲ့သူတွေရဲ့အိမ်သုံးပစ္စည်းအသုံးအဆောင်တွေကို
စံနစ်တကျပြသထားတယ်။
တချိန်တုန်းက ဒီမြို့ကလူတွေ
ရွှေတူးတဲ့လုပ်ငန်းကို အကြီးအကျယ်လုပ်ခဲ့ပုံရပါတယ်။
အဲဒီအကြောင်းကိုလည်း အသေးစိတ်ပြသထားတာကိုတွေ့ရတယ်။
အဓိက ကတော့ ဒီမြို့ရဲ့သမိုင်းကြောင်းနဲ့ထူးခြားတဲ့ဖြစ်စဉ်တွေကို
ပြသထားတာ
များပါတယ်။
နိုင်ငံတိုင်း၊တိုင်းပြည်တိုင်း၊မြို့တိုင်းမှာ
သမိုင်းဆိုတာ ရှိစမြဲပဲလေ။
ဒါပေမယ့် အဲဒီမှာနေတဲ့လူတွေက
ကိုယ့်သမိုင်းကို ကိုယ်တန်ဖိုးထားတာချင်းတော့
ကွာခြားလိမ့်မယ်။
သမိုင်းကြောင်းကောင်းမှလည်း
တန်ဖိုးထားလို့ကောင်းတာလေ။
နောက်ကြောင်းမရှင်းရင် နောက်ကြောင်းမလှည့်ချင်ဘူးအမေရေ့။
နောက် ပြခန်းကတော့ ကားပြခန်းကိုတွေ့ရတယ်။
ကားတွေက အမျိုးမျိုး။
အချိန်ပြောင်းလဲလာတာနဲ့အမျှ
တိုးတက်ပြောင်းလဲလာတဲ့ကားပုံစံတွေကို
ပြသထားတယ်။
စိတ်ဝင်စားစရာကောင်းလှပါတယ်။
ကြည့်ရင်းညောင်းလာရင် ကြည့်ဖို့
ရုပ်ရှင်ရုံတစ်ခုလည်း ရှိတယ်။
ထိုင်ကြည့်ပေါ့လေ။
ပြတိုက်နဲ့ပတ်သက်တာတွေကို
ပြတာပါ။
လျှောက်ကြည့်စရာ မလိုတော့ဘူးပေါ့။
ကျနော်အကြိုက်ဆုံးပြခန်းကတော့
လကမ္ဘာပေါ်
လူရောက်တဲ့ပြခန်းပါပဲ။
အမေရိကန်နိုင်ငံဟာ လကမ္ဘာပေါ်အရင်ဆုံးလူရောက်တဲ့နိုင်ငံ။
အရင်ဆုံးရောက်ခဲ့တဲ့လူသားက
နေအမ်းစရောင်းဆိုတဲ့အမေရိကန်နိုင်ငံသား။
နေအမ်းစရောင်းဝတ်ခဲ့တဲ့ဝတ်စုံပုံစံကိုပြသထားတယ်။
အဲဒီထဲဝင်ပြီး ဓာတ်ပုံရိုက်လို့ရတယ်။
ကျနော်တို့လင်မယားတောင် တစ်ယောက်စီဝင်ပြီးဓာတ်ပုံတွေ
ရိုက်ခဲ့သေးတယ်။
စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။
ဒါနဲ့ပဲ ၈ ဒေါ်လာတန်နေပြီးလို့
ယုံယုံကပြောလေရဲ့။
ပြတိုက်ရဲ့ဘေးတစ်ဖက်မှာ ဂရန်းရပစ်ဆိုတဲ့မြစ်ဖြတ်စီးဆင်းနေတယ်။
အလွန်လှပတဲ့ရှုခင်းတွေကို
တဝကြီးထိုင်ကြည့်ဖြစ်တယ်။
သာယာလိုက်တာအမေရယ်။
အမေတို့ကိုရောက်စေချင်တယ်။
ခေါ်လာချင်တဲ့စိတ်ကူးလည်း
ဖြစ်ပေါ်လာပါတယ်။
အစားကောင်းစားရတိုင်း၊
စိတ်ချမ်းသာစရာကောင်းတဲ့ နေရာတွေရောက်လေတိုင်း၊
အမေတို့ကို သတိရမိပါတယ်။
ပြတိုက်ကိုရောက်လာတဲ့ကလေးငယ်တွေအတွက်
စက်ဝိုင်းပုံစံ ခြားရဟတ်ကိုတွေ့ရတယ်။
မြင်းရုပ်အပါအဝင် တိရိစ္ဆာန်ပေါင်းစုံရဲ့အရုပ်တွေကို
တက်စီးရမယ်ဆိုတော့
ကလေးငယ်တွေ ပျော်မှာ သေချာတယ်။
တာဝန်ကျသူက ကျနော်တို့နှစ်ယောက်ကို
စီးမလားလို့မေးတယ်။
ကလေးတွေမဟုတ်တော့ မစီးတော့ပါဘူးလို့ပြောလိုက်ပါတယ်။
အပြန်မှာတော့ တစ်ချိန်တုန်းက
လုပ်ငန်းတူမိတ်ဆွေတစ်ယောက်ဆီကို
ဝင်ဖြစ်တယ်။
သူက အခုတော့ ဂျပန်ဆူရှီးအလုပ်လုပ်နေတယ်။
စကားပြောဖြစ်တယ်။ အပြန်မှာ
ဆူရှီးလက်ဆောင်တွေ ပေးလိုက်သေးတယ်။
ကျနော်တို့အလုပ်က တစ်နေ့ကို
၁၂နာရီလောက်လုပ်ရတယ်။
အလုပ်ချိန်ကလည်း များ၊ အလုပ်ကလည်း
များလှတဲ့အချိန်မှာ
အားရက်တစ်ရက် ရတာဟာ တန်ဖိုးရှိလှပါတယ်။
အဲဒီတန်ဖိုးရှိလှတဲ့ ရက်ကို
တန်ဖိုးရှိအောင် အသုံးချလိုက်တော့
စိတ်ချမ်းသာစရာ ပိုကောင်းသွားစေတယ်အမေ။
အမေ ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာ
ပို့သလိုက်ပါတယ်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အရှေ့လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။
၁-၉-၂၀၁၃
၁-၉-၂၀၁၃
No comments:
Post a Comment