သို့
ချစ်တဲ့အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
မောလ်ထဲမှာ အလုပ်လုပ်ရတာ
မောသွားပြီအမေ။
မောလ်စဖွင့်တဲ့အချိန်က စပြီး
မောလ်ပိတ်တဲ့အချိန်အထိ လုပ်ရတယ်။
အလုပ်ချိန်က များလွန်းလှတယ်။
ဒီကြားထဲမှာ ဒီဇင်ဘာလက အလုပ်များလွန်းလို့
အချိန်ပိုဆင်းပေးရသေးတယ်။
အချိန်ပို ဝန်ထမ်းခန့်ရမယ့်အစား
ပင်ပန်းနေတဲ့ဝန်ထမ်းတွေကိုပဲ
ခြေကုန်လက်ပန်းကျတဲ့အထိ နည်းမျိုးစုံး
ခိုင်းခဲ့တယ်။
အလုပ်ထွက်မယ်ဆိုတာကို သိလို့များလားလို့တွေးစရာ
ဖြစ်ရတယ်။
လွန်ခဲ့တဲ့တစ်လခွဲကထဲက ဒီဇင်ဘာထွက်ဖို့
ကြိုပြောခဲ့တယ်။
တကယ်ဆိုရင် နိုဝင်ဘာလကထဲက
ထွက်ဖို့ဆုံးဖြတ်ခဲ့တာပါ။
ငယ်သူငယ်ချင်းတစ်ယောက်ကို
တိုင်ပင်ခဲ့တယ်။
သူငယ်ချင်းက ဒီဇင်ဘာလဆိုရင်
အရမ်းအလုပ်များတယ်။
ပြီးတော့ အဲဒီအချိန်ဆိုရင်
အလုပ်သမားက ရှာရခက်ခဲလှတယ်။
ဒါကြောင့် ဒီဇင်ဘာလကုန်တဲ့အထိ
လုပ်ပေးပါလို့ပြောခဲ့တယ်။
သူငယ်ချင်းက အလုပ်ရှာပေးသူဖြစ်တာကြောင့်
သူပြောတဲ့စကားကို လက်ခံလိုက်တယ်။
ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်တော့
အမေရိကန်နိုင်ငံကို အူကြောင်ကြောင်နဲ့ရောက်လာခဲ့တယ်။
သူငယ်ချင်းအလုပ်ရှာပေးလို့
အလုပ်တစ်ခုကိုရခဲ့တယ်။
အိမ်သူသက်ထားကြောင့် အလုပ်မြဲခဲ့တယ်လို့ပြောရမယ်။
သူငယ်ချင်းက ရောက်နေတာ နှစ်ပေါင်း
၁၅-နှစ်ကျော်ပြီးဆိုတော့
အမေရိကန်အကြောင်းကို ကောင်းကောင်းသိသလို
အဆက်အသွယ်တွေလည်း
တော်တော်များများ ရှိနေတယ်။
သူငယ်ချင်းက သူ့ရဲ့အဆက်အသွယ်နဲ့ အင်ဒီယားနားမှာ အလုပ်တစ်ခု
ရှာပေးခဲ့တယ်။
နောက် မစ်ချီဂန်ကိုပြောင်းခဲ့ရတယ်။
အိမ်သူသက်ထားက အလုပ်ကြိုးစားတယ်။
ပြီးတော့ ရိုးသားတယ်။
သူမရောက်ပြီးနောက်ပိုင်းမှာ
အရောင်းတွေ သိသိသာသာကြီးတိုးတက်လာတယ်။
အလုပ်ရှင်ဆိုတာ ငွေရှာကောင်းသူကို
တန်ဖိုးထားတာ ထုံးစံပဲလေ။
ကျနော်ကလည်း ကျနော်ပါပဲအမေ။
နန်းကျဘုရင်လိုဖြစ်နေတယ်။
ဘယ်နေရာမှာမှ အံဝင်ဂွင်ကျဖြစ်မနေဘူး။
လူကအောက်ဆုံးကို ပြုတ်ကျသွားပေမယ့်
စိတ်က အပေါ်မှာကျန်ရစ်ခဲ့တယ်။
ကိုယ်မှန်တယ်ထင်ရင် ဇွတ်လုပ်တယ်။
ဇွတ်ပြောတယ်။
အလုပ်ရှင်က ကျနော့်လိုလူကို
မကြိုက်မှာသေချာတယ်။
ကျနော့်ကို အလုပ်က ထုတ်ပစ်ရင်
ကျနော့်ရဲ့အိမ်သူသက်ထားလည်း
ကျနော်နဲ့အတူပါသွားမှာမို့
အလုပ်ရှင်လည်း မကြိုက်ပေမယ့် လက်ခံထားရတယ်ထင်ပါတယ်။။
ဒါကြောင့် အိမ်သူသက်ထားကြောင့်
ကျနော်အလုပ်မြဲနေတယ်လို့ပြောရတာပါ။
အမေ စဉ်းစားကြည့်၊
ကျနော်က အမေရဲ့သွန်သင်ဆုံးမမှုကြောင့်
ကြီးပြင်းလာခဲ့တာလေ။
လိမ်ပြောတာကို အမေက မကြိုက်ဘူး။
လိမ်မပြောဖို့ အမေ ခဏခဏ ဆုံးမခဲ့ဖူးတယ်။
အချို့စားသုံးသူက လာမေးတယ်။
“ဒီစားစရာမှာ အချိုမှုန့်ပါသလား”
တဲ့။
အချိုမှုန့် ပါမှန်း ကျနော်က
သိနေတယ်။
အချိုမှုန့်ရဲ့ဆိုးကျိုးကိုလည်း
ကျနော်သိနေတယ်။
အချိုမှုန့်ရဲ့ဆိုးကျိုးကြောင့်
မစားချင်သူရှိသလို
အချိုမှုန့်နဲ့မတည့်လို့မစားချင်သူရှိတယ်ဆိုတာလည်း
ကျနော်က သိနေတယ်။
ဒါကြောင့်
ရောင်းချင်တဲ့စိတ်နဲ့ကျနော်က မပါဘူးလို့လိမ်ရမှာလားအမေ။
စားသုံးသူမှာ
ဆိုးကျိုးဖြစ်လာရင် ဖြေရှင်းရမယ့်ပြဿာနာက
ရတာနဲ့မကာမိအောင်
ဖြစ်သွားနိုင်တာမို့
ကျနော်က
“အချိုမှုန့်ပါတယ်လို့ သံသယဖြစ်ရင် မစားတာက ကောင်းပါတယ်”လို့
စားသုံးသူကိုပြန်ပြောလိုက်တယ်။
ကျနော်ပြောတာကို
အလုပ်ရှင်က ဘယ်ကြိုက်မလဲ။
ကျန်တဲ့အရောင်းဝန်ထမ်းတွေက
မရောင်းရမှာစိုးပြီး
“မပါဘူးလို့ထင်ပါတယ်”
လို့ဖြေကြတယ်လေ။
တစ်ချိန်တုန်းက
ကျနော်က အချိုမှုန့်ရဲ့ဆိုးကျိုးကို ပညာပေးရတဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်။
ကိုယ်တိုင်လည်း
အချိုမှုန့်ကို နှစ်ပေါင်းများစွာရှောင်ကြဉ်ခဲ့တယ်။
ဒီရောက်တော့
အကြောင်းကြောင်းကြောင့် ကိုယ်တိုင်က မရှောင်နိုင်တော့ပေမယ့်
ရှောင်ချင်သူကို
မလိမ်ချင်ဘူးအမေ။
အချို့
စားသုံးသူ (ဘာသာရေးအစွန်းရောက်သူလို့ပြောရမလားပဲ)က
“ဒီစားစရာတွေမှာ
အရက်ပါသလား” တဲ့။
စားစရာအတော်များများမှာ
ဝိုင်အရက်ကို ထည့်ချက်ထားတာကို
ကျနော်က စားဖိုမှူးလုပ်ခဲ့တုန်းက
သိနေတယ်။
ဘယ်လိုဖြေရမလဲ။
လိမ်ရမလား။
မလိမ်ချင်ဘူးလေ။
အမေပြောခဲ့ဖူးတယ်လေ။
“လိမ်ရလောက်အောင်
ထိုက်တန်တဲ့လူ မရှိပါဘူး။
ကြောက်လို့လိမ်ရတာလည်း
မကောင်းပါဘူး။
ဘာဘဲဖြစ်ဖြစ်
မလိမ်တာက အကောင်းဆုံးပဲ”
ကျနော်က
မလိမ်တော့ မရောင်းရတော့ဘူးပေါ့။
ဈေးရောင်းတာ
မရောင်းရရင် အလုပ်ရှင်က ဘယ်ကြိုက်တော့မလဲ။
အလုပ်ရှင်နဲ့မန်နေဂျာတို့ပေါင်းပြီး
ကျနော့်ကို ရှေ့အရောင်းမှာမထားတော့ပဲ
နောက်ဖက်
စားဖိုမှူးအလုပ်ဖက်ကို ပို့တယ်။
အခြားအကြောင်းလည်း
ရှိချင်ရှိမှာပေါ့လေ။
ကိုယ်ကလည်း
အလုပ်ကမထွက်နိုင်သေးချိန်မှာ လုပ်ရတာပေါ့။
ကျနော်တို့ငယ်ငယ်တုန်းက
အမေ၊အဒေါ်တွေ၊ အမတွေ ချက်ကျွေးတဲ့ထမင်းနဲ့ဟင်းတွေ
စားပြီး
ကြီးပြင်းလာခဲ့တယ်။
စားဖိုချောင်ဝင်သူတွေဟာ
မိန်းမတွေချည်းပဲ။
“ဒီမှာက
စားဖိုးမှူးတွေက ဘာကြောင့် ယောကျာ်းတွေချည်း ဖြစ်နေသလဲ”
လို့သိချင်လို့မေးကြည့်ဖူးတယ်။
ဖြေတဲ့သူက
“အလေးအပင်တွေကို မ,ရတဲ့အလုပ်က ခပ်များများဆိုတော့
မိန်းမတွေ
မလုပ်နိုင်ဘူး။ ယောကျာ်းတွေကသာ အလေးအပင်မ,နိုင်တာမို့
စားဖိုးမှူးတွေဟာ
ယောကျာ်းတွေဖြစ်နေတယ်” လို့ပြန်ဖြေတယ်။
သူပြောတာ
ဟုတ်လောက်တယ်။
စားဖိုးမှူးအလုပ်မှာ
အလေးအပင်မရတဲ့အလုပ်က များလွန်းလှတယ်။
အချို့ဆိုရင်
မနိုင်မနင်း မ,ရတယ်။
စားဖိုဆောင်မှာလည်း
အလုပ်တာဝန်ခွဲဝေထားတာမို့ သူ့အလုပ်နဲ့သူဖြစ်နေတယ်။
ကိုယ့်အလုပ်နဲ့ကိုယ်
လုပ်ပေတော့။
နိုင်လည်းလုပ်၊
မနိုင်လည်း နည်းလမ်းရှာပြီးလုပ်။
ခြောက်လကျော်ကျော်လောက်လုပ်လာတော့
ခါးနာလာတယ်။
ခါးနာတဲ့အခါ
ပတ်တဲ့ခါးပတ်ကို ပတ်ပြီးအလုပ်ဆက်လုပ်တယ်။
ရန်ကုန်က
ထွက်လာခါနီးတုန်းက အူကျလို့ ခွဲစိတ်ခဲ့ဖူးတယ်။
အဲဒီအနာကလည်း
ပြန်နာလာတယ်။
ဘောင်ဘီအကြတ်ပြန်ဝတ်ပြီး
ဆက်လုပ်။
မီးဖိုချောင်နေတုန်းက
အသေးအဖွဲ မီးမလောင်တဲ့နေ့ မရှိပါဘူး။
သတိရှိလို့
အကြီးအကျယ် မီးလောင်တာ မဖြစ်ခဲ့ပါဘူး။
ဓားမရှ
တဲ့ရက်သတ္တပတ်လည်း မရှိခဲ့ပါဘူး။
အလုပ်ကများတော့
အာရုံကလည်း များတယ်။
ဝန်ထမ်းအင်အားနည်းနည်းနဲ့အလုပ်များများလုပ်ရတော့
ထိခိုက်မှုဆိုတာ
ရှောင်လို့မရတဲ့ကိစ္စဖြစ်လာတယ်။
ဒါလည်း
ကြိတ်မှိတ်လုပ်ခဲ့ပါတယ်။
သူများတွေ
ထိခိုက်မှု ဖြစ်တိုင်း ကျနော်က အခမဲ့ဆရာဝန်ဖြစ်လာခဲ့တယ်။
ထိခိုက်မှု
တစ်စုံတစ်ရာကြောင့် နားရတဲ့ဝန်ထမ်းဆိုတာ မရှိဘူး။
မဖြစ်အောင်
လုပ်၊ ဖြစ်လည်း အလုပ်ဆက်ဆင်း ဆိုတဲ့မူ ဖြစ်နေတယ်။
အကြောင်းကတော့
အရန်ဝန်ထမ်းမထားတာပဲ။
အလုပ်လုပ်နေရင်းနဲ့
ဘာကြောင့်မှန်းမသိဘူး။
နှာခေါင်းထဲက
သွေးတွေ ထွက်ထွက်လာတယ်။
ဖြစ်စမှာ
အများကြီးတော့ မဟုတ်ဘူး။
နှာညှစ်လိုက်တိုင်း
သွေးစတွေ ပါလာတယ်။
တဖြည်းဖြည်း
များလာတယ်။
နေ့တိုင်းလိုလိုဖြစ်လာတယ်။
ဆရာဝန်ဖြစ်ခဲ့ဖူးတော့
တစ်ဆုံးတစ်စ တွေးမိတိုင်း အိပ်လို့မပျော်တော့ဘူး။
မီးဖိုဆောင်မှာ
အလုပ်လုပ်ပြီးတိုင်း သန့်ရှင်းရေးလုပ်ရတယ်။
သန့်ရှင်းရေးမှာ
အသုံးပြုတဲ့ Detergent နဲ့မတည့်တာများလား။
ဘာကြောင့်ဆိုတော့
အဲဒီ (Detergent) ကိုအသုံးပြုတိုင်း နှာချေးတယ်။
နှာချေးတိုင်း
သွေးစတွေ ပိုများလာတယ်။
ကျန်းမာရေးကို
ရောင်းစားနေရသလို ခံစားလာမိတယ်။
ဒါလည်း
သုံးလေးလလောက် ဖြစ်ပြီးမှ အလုပ်ရှင်ကိုပြောပြဖြစ်တယ်။
အလုပ်ရှင်က
နောက်ဆိုဒ်က ပင်ပန်းလို့ အကြောင်းရှာတယ်ထင်ပုံရတယ်။
နောက်တော့
ကျနော်ဟာ ရှေ့ဆိုဒ်ကိုပြောင်းလိုက်၊
လူလိုလာရင်
နောက်ဆိုဒ်ကို ပြောင်းလိုက်နဲ့
လိုတဲ့နေရာကို
ဖြည့်ပေးရတဲ့လူတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။
နောက်ဆုံးတော့
အလုပ်က ထွက်ဖို့ဆုံးဖြတ်ပြီး ထွက်ဖို့ပြောလိုက်တယ်။
တကယ်ထွက်တော့
အလုပ်ရှင်က မထွက်စေချင်ဘူး။
မထွက်ဖြစ်အောင်
နည်းမျိုးစုံတားတယ်။
“ဘယ်မှာပဲ
လုပ်လုပ် သူပေးတဲ့လစာထက် ပိုမရနိုင်ဘူး” တဲ့။
လဒ ထက်တော့
ငှက်တိုင်း လှပါတယ်အမေရယ်။
“သူ့ ကြောင့် (သူနဲ့ဖြစ်နေတဲ့ကောင်မလေး ကြောင့်) ထွက်တယ်ဆိုရင် မှားမယ်” တဲ့။
အဲဒီကောင်မလေးကလည်း
သူ့ကိုယ်သူ အလုပ်သမားလို့မထင်ပဲ အလုပ်ရှင်ကတော် လို့
ထင်ပြီး
ပြောဆိုဆက်ဆံနေတာကြောင့် ဘယ်သူနဲ့မှ မတည့်ဘူးလေ။
သူမကဒေါင်းယောင်ဆောင်တဲ့ ကျီးဖြစ်နေတယ်။
လူတိုင်းကသိနေတော့လည်း ခက်နေတာပေါ့။
“ဘယ်သူ့ကြောင့်မှ
မဟုတ်ဘူး ထွက်ချင်လို့ထွက်တယ်”လို့ပြောတော့မှ
ပွဲပြီးသွားတော့တယ်။
ဒီဇင်ဘာလရဲ့နောက်ဆုံးရက်အထိ
ကတိပေးထားတဲ့အတိုင်း လုပ်ပေးလိုက်တယ်။
အဲဒီနေ့မှာ
ဝန်ထမ်းတွေကို နှုတ်ဆက်တော့
ဝန်ထမ်းတစ်ဦးကပြောတယ်။
“ကောင်းတယ်။
အကိုတို့လင်မယား ဝဋ်ကျွတ်သွားတာပေါ့လေ” တဲ့။
သူပြောတဲ့အတိုင်းပဲ
တစ်ခါတစ်လေ ဝဋ်ခံနေရသလို ခံစားမိတယ်။
“စိတ်ချမ်းသာမှုကို
ဘာနဲ့မှ မလဲပါနဲ့သားရယ်။
ဘာနဲ့ဖြစ်ဖြစ်
မတန်ပါဘူး”
လို့အမေပြောခဲ့ဖူးတဲ့စကားကို
သားမမေ့ပါဘူး။
ဘယ်သူကြောင့်မှ
ထွက်လာတာမဟုတ်ပါဘူး။
စိတ်ချမ်းသာမှုကို
ဘာနဲ့မှ မလဲချင်လို့ ထွက်လာခဲ့တာဆိုရင် ပိုမှန်မယ်ထင်တယ်။
ဒါပါပဲ
အမေရေ့။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အရှေ့လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။
၁-၁၆-၂၀၁၃
၁-၁၆-၂၀၁၃
No comments:
Post a Comment