သို့
ချစ်တဲ့အမေ
သားသတိတရ
စာရေးလိုက်ပါတယ်။
အမေ့ဆီ
စာမရေးဖြစ်တာတောင် ကြာပြီပဲ။
မရေးချင်လို့
မဟုတ်ပါဘူး။
ရေးဖို့
အချိန်မရှိလောက်အောင် အလုပ်များနေလို့ မရေးဖြစ်တာပါ။
ခရစ်စမတ်ရာသီဆိုတော့
ကျနော်တို့ရဲ့အလုပ်က များလွန်းလှတယ်။
ဒီရက်ပိုင်းအတွင်းမှာ
ပိတ်ရက်လည်း မရှိဘူး။
အချိန်ပိုလည်း
အလုပ်ဆင်းပေးရတယ်။
ငွေကတော့
ရပါရဲ့။
ဒါပေမယ့်
လူက စက်ရုပ်ဖြစ်သွားတယ်။
ခံစားချက်မဲ့သွားတဲ့လူဟာ
စက်ရုပ်နဲ့အတူတူပါပဲ။
အလုပ်၊
အလုပ်၊ အလုပ်….
အလုပ်ပြီးအလုပ်။
ငွေ၊
ငွေ၊ ငွေ….
ငွေပြီးငွေ။
ဘာခံစားချက်မှ
မရှိတော့သလိုဖြစ်လာတယ်။
မလုပ်ချင်ရင်
ငြင်းလိုက်လို့ မရဘူးလားလို့ အမေကမေးမယ်ဆိုရင်တော့
မရဘူးလို့ပြောရမှာပဲ။
ဒီဇင်ဘာလကုန်တဲ့အထိ
လုပ်ပေးမယ်ဆိုတဲ့ကတိစကားကြောင့်
ငြင်းလို့မရတော့ဘူး။
ကတိစကားကို
မဖျက်ချင်ဘူးအမေ။
ဒါကြောင့်
လုပ်ချင်လည်း လုပ်၊
မလုပ်ချင်လည်း
လုပ်။
တစ်နေ့ကို ၁၂-နာရီလောက်ကိုလုပ်ရတယ်။
အချို့နေ့ရက်တွေဆိုရင် မနားမနေလုပ်ရတယ်။
ထွက်ပြေးချင်စိတ်ပေါက်လောက်အောင်
ဖြစ်လာတယ်။
အလုပ်လုပ်ရလို့ စိတ်ကုန်တာ
မဟုတ်ဘူးအမေ။
တွေးချိန်မရှိ၊ စာဖတ်ချိန်မရှိလောက်အောင်
အလုပ်များတာကို
မုန်းမိတာပါ။
အလုပ်များတဲ့စနေနေ့တစ်ရက်မှာပေါ့။
လာရောက်စားသုံးသူဟာ တစ်ထောင်နီးပါးလောက်ကို
ရှိမယ်။
ရှေ့ဝန်ထမ်းက လေးယောက်။
မိန်းမဝန်ထမ်းက နှစ်ယောက်၊
ယောကျာ်းဝန်ထမ်းက နှစ်ယောက်၊
လျှောက်လမ်းက ကျဉ်းတော့ ဖင်ခြင်းပေါက်နေတာပေါ့။
မိန်းမဝန်ထမ်း နှစ်ယောက်က
ပြာယာကိုခတ်နေတာပဲ။
တန်းစီတဲ့စားသုံးသူတွေ များလာလေလေ
သူတို့နှစ်ယောက်က ပြာယာခတ်နေလေလေ။
ပြာယာခတ်လေလေ အမှားများလေလေပဲ။
လူကိုတက်နင်းလား နင်းရဲ့။
ကျော်လား ကျော်ရဲ့။
ခေါင်းကို တက်မနင်းတာကိုပဲ
ကျေးဇူးတင်ရမလိုဖြစ်နေတယ်။
ခေါင်းတောင်မှ တက်နင်းနိုင်လောက်အောင်
နိမ့်နေမယ်ဆိုရင်
နင်းမိမလားတောင် မပြောတတ်တော့ပါဘူး။
ကျနော်က ကျနော့်မိန်းမကို
“ဆေးရုံမှာ ပြာယာခတ်တဲ့ဆရာဝန်ကို
ဘယ်လူနာမှ
မယုံကြည်ကြဘူး။
ကျွမ်းကျင်တဲ့ဆရာဝန်ကလည်း
ပြာယာမခတ်ဘူး”
လို့ပြောတော့
“ဒါဟာ ဆေးရုံမဟုတ်ဘူး။
တရုပ်စားသောက်ဆိုင်” တဲ့။
ကျနော်တို့ရှေ့တည့်တည့်မှာ
တရုပ်စားသောက်ဆိုင်တစ်ဆိုင်ဆိုရင်
ကျနော်တို့ထက်တောင် စားသုံးသူများသေးတယ်။
သူတို့ရဲ့ရှေ့မှာ တန်းစီနေတဲ့သူတွေဆိုရင်
အယောက်သုံးလေးဆယ်လောက်ရှိမယ်။
အရောင်းဝန်ထမ်းတွေကတော့ အေးအေးဆေးဆေးပဲ။
သူ့တို့ရဲ့အလုပ်ကို သူတို့အေးအေးဆေးဆေးလုပ်နေတာတွေ့ရတယ်။
သူတို့ကို ကြည့်ရတာ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး
သင်တန်းပေးထားပုံရတယ်။
ကျွမ်းကျင်ကြတယ်။
ကျနော်တို့ဆီမှာက ဘာသင်တန်းမှ
မရှိဘူး။
လုပ်ရင်းနဲ့တတ်မြောက်လာတဲ့အခြေအနေမျိုး။
လူဆယ်ယောက်လောက် တန်းစီရင်ပဲ
နောက်ကလူက စိတ်မရှည်လို့
ပြန်သွားမှာကို စိုးရိမ်နေတဲ့ပုံစံ။
ကိုယ့်လူ သူများဆိုင်ရောက်သွားမှာကို
စိုးရိမ်စိတ်နဲ့
ပြာယာခတ်နေကြတဲ့သဘောဖြစ်နေတယ်။
ဒီအမေရိကန်ကလူတွေက တန်းစီတာကို
အလေ့အကျင့်ရနေကြပါတယ်။
သူတို့ကြိုက်နှစ်သက်တဲ့အစားအစာကို
တန်းစီစားတာကလည်း
လုပ်နေကျအလုပ်တစ်ခုဖြစ်နေကြပါပြီ။
ဘယ်လောက်ကြာကြာ တန်းစီစောင့်ပြီး
စားသောက်နေတာကိုတွေ့ရတယ်။
သူတို့ကနောက်လူကို ကျော်ပြီးလုပ်ပေးတာမျိုးကိုတော့
မကြိုက်ကြဘူး။
ကျနော်တို့ဆိုင်မှာက ရှေ့လူက
ဘာစားရမှန်းမသိလို့ စဉ်းစားချိန်ကြာရင်
နောက်လူကို ကျော်လုပ်ပေးနေတယ်။
ဒါကလည်း မလုပ်သင့်တဲ့အလုပ်မှန်း
သိကြပုံမပေါ်ဘူး။
အခြေအနေအရ မီးစင်ကြည့်ကနေတဲ့သဘောမျိုးတွေကိုတွေ့ရတယ်။
ဘယ်သူမှ ကျွမ်းကျွမ်းကျင်ကျင်
နားလည်သဘောပေါက်တာမျိုးကို မတွေ့ရဘူး။
ဒါပေမယ့် အဲဒီတစ်နေ့ထဲမှာပဲ
ဒေါ်လာ ခြောက်ထောင်နီးပါးရောင်းရတော့
ဝန်းထမ်းတွေအားလုံးက ပျော်ကြရပါတယ်။
ပိုပြီးပျော်တဲ့သူကတော့ အလုပ်ရှင်ပေါ့လေ။
ဝန်ထမ်းက လခပဲရတာပါ။
လုပ်ခဲ့သမျှနေ့တွေမှာ အမြင့်ဆုံးဝင်ငွေစံချိန်
ဖြစ်သွားတယ်။
ဒီလောက် လုပ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ပျော်ကြတာပါ။
အကျိုးအမြတ်မှန်သမျှကို အလုပ်ရှင်က
ရတာဆိုတော့
အလုပ်ရှင် ဂျွမ်းထိုးနေလောက်တယ်။
အင်ဒီယားနားမှာလုပ်တုန်းက
ဝန်ထမ်းတစ်ယောက်ကပြောတယ်။
ဒီဇင်ဘာတစ်လထဲဝင်ငွေကိုက
ဒေါ်လာတစ်သိန်းကျော်ဝင်တယ်။
ဆိုင်ရဲ့ကုန်ကျစရိတ်တွေအားလုံးကို
တစ်လထဲနဲ့ကျေတယ်လို့ပြောတော့
မယုံခဲ့ဘူး။
ဒီဝန်ထမ်းက အပိုပြောတယ်လို့ထင်ခဲ့တယ်။
အခု ကိုယ်တွေ့ကြုံတော့မှ
သူပြောတာဟာ မမှားဘူးဆိုတာ
သိလာရတယ်။
အလုပ်လုပ်ကြည့်မှ ဝန်ထမ်းနဲ့အလုပ်ရှင်ရဲ့ကွာခြားချက်ကို
ကောင်းကောင်းသိလာရတယ်။
ကျနော့်တစ်သက်တာလုံး ဝန်ထမ်းအလုပ်ကို
မလုပ်ခဲ့လေတော့
ဝန်ထမ်းဘဝကို မကြိုက်ဘူး။
တကယ်တန်းလုပ်ကြည့်တော့ ခါးသီးမှုတွေ
အများကြီးကို ကြုံရတယ်။
ဝန်ထမ်းဘဝဟာ ကျနော်နဲ့အံဝင်ဂွင်ကျမဖြစ်မှန်းသိပေမယ့်
ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့
ငွေရှိဖို့လိုတယ်လေ။
အမေ့ရဲ့စကား။
“လုပ်ငန်းမှာ ကျွမ်းကျင်ရင်
မြန်တယ်။
မကျွမ်းကျင်ရင် နှေးတတ်တယ်။
မြန်တာက ကောင်းပါတယ်။
ဒါပေမယ့် ပြာယာခတ်တာက မကောင်းဘူး။
ပြာယာခတ်တာက အမှားတွေ များတယ်။
မြန်တာနဲ့ပြာယာခတ်တာနဲ့မတူတဲ့အဓိကအချက်က
သတိနဲ့ဥာဏ် ပါပဲ။
ပြာယာခတ်တဲ့သူဟာ သတိလွတ်နေတာ
များတယ်။
သတိလွတ်တော့ ဥာဏ်လည်း လွတ်နေတော့တာပေါ့။
ဒါကြောင့် ပြာယာခတ်တဲ့သူဟာ
အမှားများတယ်။
ဘာပဲလုပ်လုပ် သတိနဲ့လုပ်ပါ”
လို့ အမေ ပြောခဲ့တဲ့စကားကို
သားမမေ့ပါဘူး။
ဒီစကားကို လက်မခံတတ်တဲ့သူတွေကို
ပြောမပြဖြစ်တော့ပါဘူး။
ကိုယ့်ကိုယ်ကို ကိုယ်အထင်ကြီးနေတဲ့သူတွေကို
ပြောပြရတာ အချိန်ကုန်ပါတယ်။
အချို့ကိစ္စတွေက ကိုယ်တွေ့ကြုံမှ
သိတာက
ပိုပြီးကောင်းပါတယ်။
ကဲ…အမေ ကျန်းမာရေးကို ဂရုစိုက်ပါ။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
အရှေ့လင်စင်းမြို့
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။
၁၂-၂၇-၂၀၁၂
၁၂-၂၇-၂၀၁၂
No comments:
Post a Comment