Friday, November 9, 2012

"အမေ့ထံသို့ ပေးစာများ-၅၉..."



သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အမေကို ပြောရအုံးမယ်…အမေရိကန်အကြောင်း။
အမေရိကန်ကလူတွေက အားမနာတတ်ဘူး။
အဲဒါကို ကောင်းတယ်လို့ ကျနော်ထင်တယ်။
အားနာတတ်တာဟာ တစ်နည်းပြောရရင် ကြောက်ခြင်းတစ်မျိုးပဲ။
ဘာကိုကြောက်သလဲဆိုတော့ ကိုယ့်ကိုယ် ဝေဖန်မှာ ကြောက်တာလေ။
အားနာတတ်တဲ့အတွက် ဆုံးရှုံးနစ်နာမှုကို တိုင်းတာတဲ့ကိရိယာတော့
မပေါ်သေးပါဘူး။
ပေါ်လာတဲ့အခါမှာလည်း လူတစ်ဦးချင်းရဲ့ဆုံးရှုံးနစ်နာမှုဟာ
ကြောက်ခမန်းလိလိ ကြီးမားနေတာကို တအံ့တသြ တွေ့ရလိမ့်မယ် ထင်တယ်။
ကျနော်တို့လူမျိုးတွေဟာ အားနာတတ်တာကိုပဲ ယဉ်ကျေးမှုတစ်ရပ်အနေနဲ့
ထိမ်းသိမ်းထားလေသလားလို့တောင် ထင်မိတယ်။
အားမနာတတ်တဲ့သူကို အလိုက်မသိတတ်ဘူးလို့ပြောလားပြောရဲ့။
အပြောမခံချင်လို့ အားနာပြရမလိုဖြစ်နေတယ်။
ကျနော်အလုပ်လုပ်နေတဲ့ မာရီဒီယံမောလ်ထဲမှာ စားသောက်ဆိုင် ကိုးဆိုင်ရှိတယ်။
တရုပ်စားသောက်ဆိုင်ကတော့ ကျနော်တို့ဆိုင်အပါအဝင်ဆိုရင်
နှစ်ဆိုင် ရှိတယ်။
တစ်ဆိုင်က ဖွင့်တာကြာပြီ။
အောင်မြင်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ပေါ့။
သူ့ဆိုင်ကတော့ ဒီမောလ်ထဲမှာ ရောင်းအကောင်းဆုံးဆိုင်တစ်ဆိုင်လို့ပြောရမယ်။
ကျနော်တို့အလုပ်လုပ်တဲ့ဆိုင်ကတော့ ဖွင့်တာမှ တစ်နှစ်ကျော်ကျော်လောက်ပဲ ရှိသေးတယ်။
သက်တမ်းတော်တော် နုသေးတယ်။
ဒီတော့ လူတွေ သိအောင်ဆိုရင် နမူနာပေးပြီးရောင်းရတယ်။
လာသမျှ လူတွေကို နမူနာဆိုပြီး ဆိုင်မှာရောင်းတဲ့ကြက်သားနဲ့လုပ်ထားတဲ့အစားအစာကို
လှမ်းပြီး ပေးရတယ်။
နမူနာကိုစားပြီး ဝယ်စားတယ်လို့တော့ မထင်နဲ့။
ကြိုက်မှ၊ ဆာမှ စားတယ်။
မကြိုက်ဘူး၊ မဆာဘူးဆိုရင် ခပ်တည်တည်နဲ့ထွက်သွားရော။
အချို့ကတော့ ကျေးဇူးတင်စကားပြောဖေါ်ရပါတယ်။
အချို့ကတော့ ဒီမှာ နမူနာတွေကို စားသွားပြီး မျက်နှာချင်းဆိုင်မှာ ရှိတဲ့
တရုပ်ဆိုင်မှာ သွားစားကြတာလည်း အများကြီးပါပဲ။
အချို့ကတော့ အမေရိကန်အစားအစာကို စားတယ်။
အချို့ကတော့ ပီစာလို့ခေါ်တဲ့အစားအစာကို စားတယ်။
သူ့ပိုက်ဆံနဲ့သူ ဝယ်စားတာမို့ သူကြိုက်တဲ့နေရာမှာ
သူကြိုက်တဲ့အစားအစာကို စားနိုင်တယ်လို့ သူယူဆတယ်။
အားနာပြီး ဝယ်စားမယ်လို့ မထင်နဲ့။
အားမနာတတ်ဘူး။
ဒါပေမယ့် နမူနာဆိုတာ ကြော်ငြာတစ်မျိုးပဲလေ။
အခု မစားလည်း သူစားနေကျအစားအစာကို ငြီးငွေ့လာတဲ့အခါ
သတိရပြီး လာစားရင်လည်း အမြတ်ပဲလို့ သဘောထားပြီး
စိတ်ရှည် လက်ရှည် နမူနာပေးပြီးရောင်းရတယ်။
နမူနာပေးတဲ့နေရာမှာတော့ ယုံယုံက တော်တော် စိတ်ရှည်လက်ရှည်ရှိတယ်။
လက်ကလည်းပေး၊ ပါစပ်ကလည်း ပြောဆိုတော့
တဖြည်းဖြည်းနဲ့စားသုံးသူတွေ များလာတယ်။
သူရောက်ပြီးနောက်ပိုင်းမှာ ကျနော်တို့ဆိုင် အရောင်းတော်တော် တက်လာတယ်။
ကျနော်တို့ရဲ့ဆိုင်ရှင် သူဋ္ဌေးက အမြင့်ဆုံးဝင်ငွေစံချိန် တစ်ခုကို
သတ်မှတ်ပေးပြီး အဲဒီစံချိန်ဝင်ရင် ဝန်ထမ်းတိုင်းကို တစ်ယောက်ဒေါ်လာ
တစ်ရာဆီ ဘောနပ်ပေးမယ်လို့ စားသောက်ဆိုင်တစ်ခုမှာ စားရင်း
ပြောလိုက်မိတယ်။
အဲဒီစကားအရ ဝန်ထမ်းတိုင်းက ကြိုးစားလိုက်တာ အခုဆိုရင်
ဝင်ငွေစံချိန်ကိုကျော်နေတာ ငါးလလောက်ကို ရှိပြီ။
ဆက်တိုက်ဝင်သွားတော့ သူဋ္ဌေးက မျက်လုံးပြူးလာတယ်။
သူ့စကားနဲ့သူ ပိတ်မိနေတယ်။ နောင်တရနေသလားတောင် မပြောတတ်ပါဘူး။
ဘာကြောင့်ပြောရသလဲဆိုတော့ အဲဒီစားသောက်ဆိုင်မှာ စားရင်းသောက်ရင်းနဲ့
သူပြောတဲ့စကားတစ်ခွန်းက
“ကျနော့်အဖို့ အရာရာဟာ ငွေပါပဲ။
ငွေဟာ အဓိကလို့ ကျနော်သတ်မှတ်ပါတယ်” လို့ သူပြောထားတော့
သူသာ မပြောခဲ့ရင် ဒေါ်လာအများကြီး သက်သာသွားနိုင်တယ်လေ။
အမေရိကန်ကို ရောက်တာ နှစ်နှစ်ဆယ်နီးပါးရှိလာပြီဆိုတော့
အမေရိကန်စိတ်ဓာတ်၊စရိုက်တွေ ကူးစက်လာတာ ဆန်းတော့ မဆန်းပါဘူး။
အမေရိကန်စိတ်ဝင်နေတဲ့မြန်မာသူဋ္ဌေးတွေ အများကြီးကို တွေ့ခဲ့ပြီမို့
ဘာမှ မဆန်းဘူးလို့တောင် ထင်မိပါတယ်။
ကားမောင်းသွားတဲ့အခါ လမ်းဘေးက ဓာတ်တိုင်တွေ အများကြီးကို
ဖြတ်သွားနေကျဖြစ်တော့ လမ်းဘေးဓာတ်တိုင်ဟာ ဘာမှ
မထူးဆန်းသလိုမျိုးပါပဲ။
မိတ်ဆွေ တစ်ယောက်ရဲ့သူဋ္ဌေးတစ်ဦးကတော့
“ဝန်ထမ်းတွေဆိုတာ ကျနော်အဖို့ ကုန်ကြမ်းတွေပါပဲ” လို့
ပြောတာကို မိတ်ဆွေက ပြန်ပြောပြလို့ သိရတယ်။
ကြားကာစမှာ အံ့သြမိတယ်။
ဘာသဘောနဲ့ပြောတယ်ဆိုတာကို သေသေချာချာတော့ မသိဘူး။
လူကို ကုန်ကြမ်းလို့ သတ်မှတ်တာကတော့ မကောင်းဘူးလို့တော့ ခံစားမိတယ်။
သိပ်မကြာပါဘူး။ အဲဒီသူဋ္ဌေးပိုင်တဲ့စားသောက်ဆိုင် အရှုံးပေါ်လို့
ပိတ်လိုက်ရတာကို သိရတော့ မအံ့သြမိတော့ဘူး။
လူကို လူလို့သဘောမထားတတ်တဲ့လူတွေအဖို့
အရှုံးပေါ်တာ ဘာဆန်းသလဲ။
လူတွေက ငွေကြေးအရ အောင်မြင်လာတဲ့အခါ အရာရာကို ငွေနဲ့ဝယ်လို့
ရမယ်လို့ထင်သွားတတ်ကြတယ်။
ငွေနဲ့ အရာများစွာကို ဝယ်နိုင်တာကို လက်ခံပါတယ်။
ဒါပေမယ့် အရာအားလုံးကို ဝယ်နိုင်မယ် ဆိုတာကိုတော့ လက်ခံလို့ မရဘူး။
ငွေနဲ့ ဆေးဝယ်လို့ရမယ်ဆိုတာ မှန်ပေမယ့်
 ကျန်းမာခြင်းကို ငွေနဲ့ဝယ်လို့ရမယ်ဆိုတာ မမှန်ပါဘူး။
ငွေနဲ့အကောင်းဆုံး မွေ့ယာကို ဝယ်နိုင်ပေမယ့်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို ငွေနဲ့ဝယ်လို့မရပါဘူး။
မိဘနဲ့အချိန်ကို ငွေကြေးနဲ့ဝယ်လို့ရသလားလို့
အမေ မေးခဲ့ဖူးတာကို ပြန်သတိရမိတယ်။

အမေ့လက်ကို ဆွဲလို့၊ပျော်ရွှင်ခဲ့တဲ့ငယ်ငယ်တုန်းက အချိန်...



 

++++++++++++++++++++++++++++ 




လွန်ခဲ့တဲ့ အောက်တိုဘာ ၂၉ရက်နေ့ည က အမေရိကန် အရှေ့ဖက်ခြမ်း
ကုန်တွင်းပိုင်းကို စန္ဒီ(sandy)ဟာရီကိန်းမုန်တိုင်း ဝင်မွှေသွားတယ်။
တိုးတက်တဲ့နိုင်ငံဆိုတော့ ကြိုတင်သိတယ်။
ချမ်းသာတဲ့နိုင်ငံဖြစ်တော့ ကြိုတင်ကာကွယ်နိုင်တယ်။
ဒါပေမယ့် သဘာဝဘေးအန္တရာယ်ဆိုတော့ အကြီးအကျယ် ခံလိုက်ရတယ်။
လေတိုက်နှုန်းဟာ  တနာရီ ၁၂၅ မိုင်နှုန်းနဲ့ ၀င်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး
လူပေါင်း တစ်ရာလောက် သေကြေတယ်။


ဓာတ်ဆီပြတ်လပ်လို့ တန်းစီနေတဲ့ပြည်သူပြည်သားတွေ...

ပစ္စည်းဥစ္စာ ဆုံးရှုံးမှုကို ခန့်မှန်းကြည့်တာ ဒေါ်လာသန်းပေါင်း
ငါးသောင်းလောက် ရှိတယ်လို့ကြော်ငြာသွားတယ်။
မုန်တိုင်းတိုက်ခတ်တဲ့ဒဏ်ကို ဆိုးဆိုး ရွားရွားကြုံခဲ့ရဒေသတွေကတော့
နယူးဂျာစီပြည်နယ်ကမ်းရိုးတမ်းဒေသ၊
နယူးယောက်မြို့၊ ဝါရှင်တန်ဒီစီ၊ ဘော်လ်တီမိုး၊
ဖီလာဒဲဖီးယားနဲ့ ဘော်စတွန် မြို့ကြီးတွေ ဖြစ်ကြတယ်။
မြေအောက်ရထားတွေ ပိတ်ပစ်ထားရတယ်။
လောင်စာဆီ ပြတ်လပ်မှုပြဿာနာကို အခုထိ ရင်ဆိုင်နေရတုန်းရှိသေးတယ်။
ဒီနေ့အထိ လျှပ်စစ်မီးပြတ်တောက်မှုဟာ နေရာအနှံ့အပြားမှာ ဖြစ်နေတယ်။
ဒီတော့နောက်ဆက်တွဲအနေနဲ့ ရေခဲမတတ် အအေးဒဏ်ကို
လူအများ ခံစားနေကြရတယ်။
ကမ္ဘာ့အကြီးဆုံး စတော့ရှယ်ယာဈေးကွက်ကြီး နှစ်ရက်လောက်ကို
ပိတ်ပစ်လိုက်ရတယ်။
လေယာဉ်ကွင်းတော်တော်များများလည်း ရေတွေကြီးလို့
လေယာဉ်ခရီးစဉ်တွေ တော်တော်များများ ဖျက်ပစ်လိုက်ရတယ်။
လူပေါင်း သန်းနဲ့ချီပြီး အတိဒုက္ခရောက်ကြရတယ်။


ဒါတွေကို တွေ့လိုက်ရတော့ ဖြစ်ခြင်းသဘော၊ ပျက်ခြင်းသဘောကို
ဘယ်သူမှ မလွန်ဆန်နိုင်ဘူးဆိုတာကို လက်တွေ့ကျကျ
ပို သဘောပေါက်လာမိပါတယ်။
အဲဒါတွေကို ငယ်ငယ်ကထဲက သဘောပေါက်နားလည်အောင်
သွန်သင်ဆုံးမခဲ့တဲ့ အမေ့ကို အများကြီး ကျေးဇူးတင်မိပါတယ်။
တရားစခမ်းနဲ့နီးစပ်အောင် နွေရာသီကျောင်းပိတ်ရက်တိုင်းမှာ တရားစခမ်းကို
ကိုယ်တိုင် သွားပြီး သားသမီးတွေပါ ခေါ်သွားခဲ့တဲ့ အမေ့ကို
အဝေးကနေ ဦးတင်လိုက်ပါတယ် အမေ။

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။ 


 





No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com