သို့
ချစ်တဲ့အမေ
သား
သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အမေ
နေကောင်းလား။
ကျနော်တို့
မိသားစုလည်း နေကောင်းကြပါတယ်။
မစ်ချီဂန်ပြည်နယ်မှာတော့
တစ်နေ့ထက်တစ်နေ့ အအေးပိုလာတယ်။
တစ်နေ့ထက်တစ်နေ့
နေ့တာလည်း တိုလာတယ်။
အခုဆိုရင်
ည ၇းဝဝနာရီ မထိုးခင်ကို မိုးချုပ်နေပြီ။
ဟိုတုန်းက
အလုပ်ကပြန်ရင် နေရဲ့အလင်းရောင်တွေ လုံလောက်စွာ ရှိနေခဲ့ပေမယ့်
အခု
အလုပ်ကပြန်ရင် လုံးဝ မှောင်မဲနေပြီ။
မကြာခဏလည်း
မိုးရွာတယ်။
တာချီလိတ်မြို့ရဲ့ရာသီဥတုနဲ့ဆင်တူတယ်။
ဒီမှာက
ပိုပြီးအေးတဲ့သဘောတော့ ရှိတယ်။
ရေခဲခြစ်နဲ့တူတဲ့
ဆီးနှင်းတွေကိုတော့ မမြင်ရသေးပါဘူး။
အအေးဒဏ်ကြောင့်ထင်တယ်။
သစ်ရွက်တွေတော့ ကြွေတယ်။
ရွက်ကြွေတွေဟာ
နေရာအနှံ့အပြားကို လေနဲ့အတူ လွှင့်သွားတယ်ဆိုပေမယ့်
ကားလမ်းတွေပေါ်မှာ
ရွက်ကြွေတွေကို မတွေ့ရဘူး။
သန့်ရှင်းလုပ်သားတွေဟာ
သန့်ရှင်းရေးကို တော်တော်နိုင်နိုင်နင်းနင်း
လုပ်တဲ့သဘောလို့ပြောရမယ်ထင်တယ်။
သန့်ရှင်းရေးလုပ်သားတွေ
သန့်ရှင်းရေးလုပ်တာ မမြင်ရဘူး။
ဘယ်အချိန်
သန့်ရှင်းရေးလုပ်သလဲ မသိဘူး။
မိုးရွာပေမယ့်
ဗွံတွေ မတွေ့ရဘူး။ အမှိုက်တွေ မတွေ့ရဘူး။
ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်။
မြန်မာလူမျိုးတွေ
အမှိုက်ပစ်တဲ့ကိစ္စကိုတော်တော်ပြောရဦးမယ်တဲ့။
ဒီမှာက
အမှိုက်ပစ်တတ်တဲ့အရွယ်ရောက်ရင်ပဲ မိဘတွေက အမှိုက်ကို
စံနစ်တကျပစ်တတ်အောင်
ကလေးငယ်တွေကို သင်ပေးနေတာကို တွေ့ရတယ်။
ကျောင်းရောက်ရင်လည်း
ကျောင်းက အမှိုက်ပစ်တတ်အောင် သေသေချာချာ သင်ပေးတယ်။
လူတိုင်းလူတိုင်း
တစ်နိုင်တစ်ပိုင် အမှိုက်တွေ အပေါ် တာဝန်ယူလုပ်ဆောင်နေတော့
အမှိုက်ကို
မတွေ့ရတာ ဆန်းတော့မဆန်းလှပါဘူး။
ကျနော်တို့အလုပ်လုပ်တဲမောလ်ထဲမှာ
အစားအစာတွေရောင်းတဲ့(food court)ရှိတယ်။
စားသောက်ဆိုင်
၉-ဆိုင်တောင်ရှိတယ်။
အစားအစာတွေကတော့မျိုးစုံလှတယ်။
အမေရိကန်အစားအစာ၊
မက်စီကန်အစားအစာ၊ ဂျပန်အစားအစာ၊ ကုလားအစားအစာ၊
တရုပ်အစားအစာ
တွေ စုံလို့ပါပဲ။
ကြိုက်ရာကို
ဝယ်ပြီး စားနိုင်တယ်။
ဝန်ဆောင်မှုကတော့
စားသောက်ဆိုင်ကြီးတွေလိုတော့ မဟုတ်ဘူး။
ငွေရှင်းပြီး
ကိုယ်တိုင်ယူစံနစ်ပဲ။ ပြီးတော့ အလယ်မှာ ရှိတဲ့ထိုင်ခုံတွေမှာ
ထိုင်စားကြတယ်။
စားသောက်ပြီးရင်တော့ ကိုယ်စားထားတဲ့အစားအသောက်နဲ့
ပတ်သက်တဲ့
စွန့်ပစ်ပစ္စည်းတွေကို ကိုယ်တိုင် အမှိုက်ပုံးတွေမှာ စွန့်ပစ်ကြတယ်။
စားပွဲတွေအပေါ်မှာ
စားကြွင်းစားကျန်တွေ ရှိမနေသလို
ဘာအမှိုက်မှလည်း
ကျန်နေတာကို မတွေ့ရဘူး။
အဲဒီလို
အမှိုက်တွေ မကျန်အောင် စောင့်ကြည့်ပြီး ပြောမယ့်သူမရှိကြပါဘူး။
ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်လုပ်နေတာကိုတွေ့ရတယ်။
သက်ကြီးရွယ်အိုတွေလည်း
ကိုယ့်ဘာသာကိုယ် အမှိုက်ပုံးကို သွားပြီး ပစ်တာတွေ့ရသလို
ကလေးငယ်တွေလည်း
ကိုယ့်အမှိုက်ကို ကိုယ်စွန့်ပစ်နေတာကိုတွေ့ရတယ်။
လမ်းလျှောက်တတ်ခါစ
ကလေးငယ်တစ်ယောက်ကို မိဘတွေက အမှိုက်ပစ်ဖို့
သင်ကြားပေးတာကို
တွေ့ရဖူးတယ်။
မလျှောက်တတ်၊
လျှောက်တတ်နဲ့ အမှိုက်ပုံးဆီသွား၊
လမ်းမှာ
ခဏခဏ လဲကျ၊
ပြန်ထပြီးဆက်လျှောက်၊
အမှိုက်ထုပ်ကလည်း
ခဏခဏ ပြုတ်ကျ၊
ပြန်ကောက်၊
ပြီးတော့
ဆက်လျှောက်၊
မိဘက
ကြည့်နေတယ်။ ကူမပေးဘူး။
ခလေးငယ်ရဲ့အပြုအမူကြောင့်
ဘေးလူတွေတောင်
စိတ်ဝင်စားလာကြတယ်။
နောက်တော့
အမှိုက်ပုံးဆီရောက်လာ၊
အမှိုက်ကို
ကောင်းကောင်းပစ်နိုင်တော့
မိဘက
လက်ခုပ်တီးတယ်။
ပါစပ်ကလည်း
"good job" လို့ အားပေးတယ်။
ဘေးလူတွေလည်း
ဝိုင်းပြီးလက်ခုပ်တီးကြတယ်။
ကလေးငယ်က
ပျော်လို့ပေါ့။
သန့်ရှင်းရေးလုပ်သားတွေက
အမှိုက်ပုံးတွေထဲက အမှိုက်တွေကိုသာ
သိမ်းကြရတယ်။
ဒီတော့
နေရာအသီးသီးမှာ သန့်ရှင်းနေတာ ဘာမှမဆန်းတော့ဘူးပေါ့။
ဒါဟာ
ဘာမှအရေးမကြီးဘူးလို့ပြောမယ်ဆိုရင်ပြောနိုင်ပေမယ့်
မြန်မာနိုင်ငံမှာလို
အမှိုက်ပုံကြီးတွေ တောင်လိုပုံပြီး ယင်တစ်လောင်းလောင်းနဲ့
ဖြစ်လာတော့
အနီးအနားကလူတွေ အနံ့အသက်ဆိုးတာ၊
ကျန်းမာရေး
ထိခိုက်လာတာဆိုရင်တော့
အရေးမကြီးဘူးလို့ပြောလို့မရတော့ဘူး။
တန်ဖိုးကြီးတဲ့လူ့အသက်တွေ
ထိခိုက်လာတာကို အရေးမကြီးဘူးလို့
သတ်မှတ်ရင်
သတ်မှတ်သူတွေဟာ ဥာဏ်မရှိသူတွေလို့ ပြောရတော့မှာပဲ။
အမှိုက်က
စပြီး ပြဿဒ် မီးမလောင်ချင်ရင်တော့
တစ်နိုင်တစ်ပိုင်
သန့်ရှင်းရေးကို လူတိုင်း စံနစ်တကျလုပ်တတ်အောင်
သင်ပေးဖို့လိုမယ်ထင်ပါတယ်။
အမေရိကန်နိုင်ငံက
ကျယ်ဝန်းတော့ တစ်နေရာနဲ့တစ်နေရာ အချိန်မတူကြဘူး။
ကျနော်နေခဲ့ဖူးတဲ့
ကယ်လီဖိုးနီးယားနဲ့အခု မစ်ချီဂန်ဆိုရင် ၃-နာရီလုံးလုံး
ကွာခြားတယ်။
ကယ်လီဖိုးနီးယားက အရှေ့ပိုင်း ပိုကျတော့ နေကို သုံးနာရီစောပြီး
မြင်ရတဲ့သဘောဖြစ်တယ်။
အမေရိကန်မှာက
၆-လတစ်ကြိမ် နာရီ တစ်နာရီကို အတိုးအလျှော့လုပ်တယ်။
ဒီမှာတော့ နိုဝင်ဘာလ
၎-ရက်နေ့ တနင်္ဂနွေနေ့ကစပြီး တစ်နာရီလျှော့တယ်။
သဘောကတော့
ကျနော်တို့ တနင်္ဂနွေနေ့ဆိုရင် ၁၀း၃၀-နာရီမှာ
အလုပ်သွားနေကျ။
ဒါပေမယ့်နာရီပြောင်းသွားတဲ့အတွက်
တစ်နာရီနောက်ကျပြီးမှ
အလုပ်သွားရတော့
တစ်နာရီလောက်ကောင်းကောင်းအိပ်ချိန်ရသွားတာပေါ့။
နိုဝင်ဘာလ
ပထမပတ် အင်္ဂါနေ့ဟာ သမ္မတ ရွေးချယ်ပွဲ ကျင်းပတဲ့နေ့။
သမ္မတ
သက်တမ်းဟာ လေးနှစ်ပဲ ရှိတယ်။
လေးနှစ်တစ်ကြိမ်
သမ္မတရွေးချယ်ပွဲ လုပ်တယ်။
သမ္မတ
တစ်ယောက်ဟာ နှစ်ကြိမ်သာ ရွေးကောက်ပွဲ ဝင်ခွင့်ရှိတယ်။
ပြည်သူတွေ
ဘယ်လောက်ကြိုက်ကြိုက်
ရှစ်နှစ်ထက်ပိုပြီး သမ္မတ လုပ်ခွင့်မရှိဘူး။
ရှစ်နှစ်ထက်ပိုပြီး သမ္မတ လုပ်ခွင့်မရှိဘူး။
ဘာကြောင့်လဲဆိုတော့
လူတစ်ယောက်ဟာ ရှစ်နှစ်ထက်ပိုပြီး
အာဏာကိုလက်ကိုင်ထားရင်
အာဏာရှင်စိတ်ဓာတ် ဝင်သွားမှာကို
ကြိုတင်
ကာကွယ်ထားတဲ့သဘောလို့ သိရတယ်။
ဒီမှာက
သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်တာမို့
သမ္မတဟာ
ပြည်သူရဲ့ကျေးကျွန်လို့ ပြောတဲ့စကားဟာ
မမှားဘူးလို့ပြောရမယ်ထင်တယ်။
ပြည်သူ
အကြိုက်နည်းလာရင် အဲဒီသမ္မတဟာ အောင်ဖျာလိပ်ပေတော့။
နိုဝင်ဘာလ
၆-ရက်နေ့ အင်္ဂါနေ့ဟာ သမ္မတ ရွေးချယ်ပွဲ ကျင်းပတဲ့နေ့။
အဲဒီနေ့ဟာ
ကျနော်တို့လင်မယားနှစ်ယောက်စလုံး အလုပ်နားရက်ဖြစ်နေတယ်။
ဒီတော့
အမေရိကန်ရဲ့သမ္မတ ရွေးချယ်ပွဲကို စိတ်ဝင်စားတာနဲ့ CNN(စီအင်န်အင်န်)
သတင်းကို
တစ်နေ့လုံးလိုလို ထိုင်ကြည့်ဖြစ်တယ်။
တော်တော်
စိတ်ဝင်စားစရာ ကောင်းတယ်။
ပြည်သူတွေက
သူတို့ရဲ့မဲကို တော်တော်တန်ဖိုးထားတယ်။
အချိန်ကုန်ခံ
တန်းစီပြီး မဲရုံတွေဆီကို သွားကြတယ်။
သူတို့ကြိုက်တဲ့သမ္မတကို
မဲပေးကြတယ်။
ပြိုင်ပွဲဝင်သူတွေကတော့
လက်ရှိသမ္မတ အိုဘားမား နဲ့
ရီပတ်ပလတ်ကင်က
မစ်ရော်နီတို့ ပြိုင်ကြတယ်။
ကျနော်က
ဘယ်သူ့ဖက်ကမှ မဟုတ်ပါဘူး။
မဲပေးပိုင်ခွင့်လည်း
မရှိသေးတော့ ကြားလူသက်သက်ပါပဲ။
ဒါပေမယ့်
တစ်ဖက်နဲ့တစ်ဖက်က မတိမ်းမယိမ်းဖြစ်နေတော့
ကြားထဲက
အသဲယားနေမိတယ်။
ကမ္ဘာ့ဖလား
ဘောလုံးပြိုင်ပွဲကို ကြည့်နေရသလို ခံစားမိတယ်။
နောက်ဆုံးတော့
တစ်ဂိုး ဂိုးမရှိနဲ့ လက်ရှိချန်ပီယံဖြစ်တဲ့
အိုဘားမားအသင်းက
ကပ်ပြီးနိုင်သွားပါတယ်။
စိတ်ဝင်စားစရာတွေ
ကတော့ အများကြီးပါပဲ။
စာလည်းရှည်သွားပြီမို့
အမေ မျက်စိညောင်းနေတော့မယ်။
အမေ
ကျန်းမာရေးကို ဂရုစိုက်ပါ။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။
၁၁-၇-၂၀၁၂
၁၁-၇-၂၀၁၂
No comments:
Post a Comment