သို့
ချစ်တဲ့အမေ
သားသတိတရ
စာရေးလိုက်ပါတယ်။
သားတို့အလုပ်လုပ်နေတဲ့မောလ်ထဲကို
တစ်နေ့တော့
ဆရာနဲ့ကျောင်းသူကျောင်းသားတစ်စု
ရောက်လာကြတယ်။
ဆရာတွေကလည်း
အသက်ကြီးနေကြတော့ ပါမောက္ခတွေ ဖြစ်ဖို့များတယ်။
ကျောင်းသူကျောင်းသားတွေကလည်း
အသက်တွေ သုံးဆယ်ပတ်ဝန်ကျင်တွေ
ရှိနေကြတော့
တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ဖြစ်ကြမယ်။
ရိုးရိုးကျောင်းသူကျောင်းသားတွေလည်း
ဟုတ်ဟန်မတူဘူး။
ဘွဲ့လွန်ကျောင်းသူကျောင်းသားတွေလို့
ယူဆရတယ်။
ကျနော်တို့မောလ်နဲ့မဝေးတဲ့နေရာမှာတော့
နာမည်ကြီး မစ်ချီဂန်တက္ကသိုလ်ကျောင်းကြီး
တစ်ခုတော့
ရှိတယ်။
ဆရာတွေကတော့
ခြောက်ယောက်လောက် ရှိမယ်ထင်တယ်။
လေးယောက်က
ဆရာတွေ၊ ကျန်နှစ်ယောက်က ဆရာမတွေ၊
ကျောင်းသူကျောင်းသားတွေကတော့
သုံးဆယ်ကျော်တယ်။
ဆရာတွေက
ကျောင်းသူ ကျောင်းသားတွေကို မောလ်ထဲ ခေါ်လာပြီး စာလာသင်တယ်လေ။
စာရွက်တွေ
တစ်ယောက်ချင်းစီဝေပေးတယ်။
ပြီးတော့
ဆရာတစ်ယောက်ပြီး တစ်ယောက် ရှင်းလင်းပြောနေတာကိုတွေ့ရတယ်။
ဆရာတွေပြောတာကို
နားထောင်ကြတယ်။ မေးခွန်းတွေ မေးတယ်။
စာအုပ်နဲ့လိုက်မှတ်သူတွေ
နည်းနည်းပဲတွေ့ရတယ်။
ကျောင်းသားတစ်ယောက်ကတော့
ကင်မရာနဲ့လိုက်ရိုက်နေတာကိုတွေ့ရတယ်။
အမေး
အဖြေ ကိုတော့ တော်တော်လုပ်တာတွေ့ရတယ်။
မထင်မှတ်ပဲ
အလုပ်လုပ်ရင်းနဲ့ စာသင်တာတွေ့တော့
ငယ်ငယ်တုန်းက
တက္ကသိုလ်ကျောင်းသားဘဝကို
ပြန်လွမ်းမိတယ်။နောက်ပြီး
အမေရိကန်မှာ
ကျောင်းပြန်တက်ရရင် ကောင်းမှာပဲလို့တွေးမိတယ်။
အမေရိကန်မှာတော့
ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်ကျောင်းကြီးတွေ ရှိတယ်။
အများစုကတော့
ပုဂ္ဂလိက ကျောင်းတွေပါ။
တက္ကသိုလ်ကျောင်းတွေကလည်း
အကောင်းဆုံးနေရာမှာ အကောင်းဆုံးအဆောက်အဦးတွေ
နဲ့တည်ဆောက်ထားတာကိုတွေ့ရတယ်။
မြို့လယ်ကောင်တွေမှာ
ရှိကြတာ များတယ်။
မြို့ပြင်မှာ
ရှိတာ နည်းတယ်။
တက္ကသိုလ်ကျောင်းတွေကလည်း
တစ်ခုနဲ့တစ်ခုက အပြိုင်အဆိုင်ဆိုတော့
ပိုပြီး
မြိုင်နေတော့တာပေါ့။
ကုဋေကြွယ်သူဋ္ဌေးဖြစ်သွားသူတွေကလည်း
သူတို့တက်ခဲ့တဲ့ကျောင်းတွေကို
သန်းပေါင်းများစွာ
လှူဒါန်းတာတွေလည်းလုပ်တော့
တက္ကသိုလ်ဟာပျော်စရာကောင်းတဲ့နေရာတစ်ခုလို
ဘာမှလိုလေသေးမရှိအောင်
ပြည့်စုံနေတာကိုတွေ့ရတယ်။
မစ်ချီဂန်
တက္ကသိုလ်ကို တရုပ်ပြည်ကလာရောက်တက်နေတဲ့တရုပ်လူမျိုးတွေ
အများကြီးတွေ့ရတယ်။
ငွေကြေးတတ်နိုင်ရင်၊
အရည်အချင်းပြည့်မီရင်
ဘယ်နိုင်ငံကလာလာ
လက်ခံတဲ့သဘောထားကို တွေ့ရတယ်။
အမေရိကန်နိုင်ငံမှာတော့
အထက်တန်းပညာအထိ မသင်မနေရ သတ်မှတ်ထားပြီး
တက္ကသိုလ်ပညာရေးကတော့
ငွေကြေးနဲ့စတင်သတ်မှတ်ထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်။
တတ်နိုင်တဲ့ငွေကြေးပေါ်မူတည်ပြီး
တက္ကသိုလ်ကို သွားကြတာကိုတွေ့ရတယ်။
ကျနော်တို့မောလ်ထဲမှာကိုပဲ
သန့်ရှင်းရေးလုပ်ပြီး တက္ကသိုလ်ကျောင်းတက်နေတဲ့လူငယ်တွေ
ရှိတယ်။
အချိန်ပိုင်းအလုပ်လုပ်ပြီး ကျောင်းတက်နေတဲ့သူတွေ အများကြီး ရှိတယ်။
အလုပ်သာလုပ်ပြီးတက်ရင်လည်း
ကျောင်းစရိတ်က လုံလောက်ပါတယ်။
ဒီမှာနေသူအများစုဟာ
ကိုယ့်စရိတ်ကိုယ်ရှာပြီး တက္ကသိုလ်ကျောင်းတက်တာ
အစဉ်အလာတစ်ခုလိုဖြစ်နေတယ်။
မိဘစရိတ်နဲ့တက်သူတွေ
ရှိကြပေမယ့် အနည်းစုပါပဲ။
ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့သမီးဆိုရင်လည်း
ကိုယ့်စရိတ်နဲ့ကိုယ်
တက္ကသိုလ်ကျောင်းတက်တာ
ဒီနှစ်ဆိုရင် ဘွဲ့တောင် ရပြီ။
ကျောင်းသူကျောင်းသားတွေကသာ
အလုပ်ရှာရင် အလုပ်ရှင်တွေက ဦးစားပေးပြီး
အလုပ်ပေးကြတာကို
သတိပြုမိတယ်။
သုံးဦးသုံးဖလှယ်
အကျိုးရှိတယ်။
တစ်ဦးက
ကျောင်းသူကျောင်းသားအတွက် ကျောင်းစရိတ်ရတယ်။
လုပ်ငန်းဆိုင်ရာတွေမှာ
ကျွမ်းကျင်လာကြတယ်။
နောက်တစ်ဦးဖြစ်တဲ့
အလုပ်ရှင်အတွက် လုပ်အားရတယ်။
ပြီးတော့ အချိန်ပိုင်းလုပ်သားအတွက် ဘောနပ်ပေးစရာမလိုဘူး။
လခတိုးပေးစရာ
မလိုဘူး။အထွေထွေပြဿာနာလည်း မရှိဘူး။
နောက်ဆုံးတစ်ဦးဖြစ်တဲ့အစိုးရအတွက်
အရွယ်ရောက်သူတိုင်း၊ယောကျာ်းမိန်းမတိုင်းရဲ့လုပ်အားကို
ရလိုက်တဲ့အတွက်
တိုင်းပြည်ရဲ့ကုန်ထုတ်လုပ်မှုတိုးတက်လာတယ်။
တိုင်းပြည်တိုးတက်တဲ့အကြောင်းရင်းတွေထဲမှာ
ကျွမ်းကျင်လုပ်သားနဲ့ကျွမ်းကျင်လုပ်အားတွေအများကြီးရလိုက်တာဟာ
အကြောင်းရင်းတစ်ခုဖြစ်မယ်ထင်မိတယ်။
ကျနော်တို့ငယ်ငယ်တုန်းက
ဘာအလုပ်မှ မလုပ်ပဲ ကျောင်းတက်တာတစ်ခုတည်းလုပ်တော့
မိဘအတွက်
ဝန်ထုတ်ဝန်ပိုးဖြစ်နေတယ်ဆိုတာ အခုမှ သဘောပေါက်လာမိတယ်။
ပြီးတော့
လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမှာ ဘာတစ်ခုမှ မရလိုက်ဘူး။
လက်ကြောမတင်းခဲ့လေသမျှ
အခုမှ ဒုက္ခ လှလှတွေ့တော့တယ်အမေ။
ကျနော်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူကို
ကျနော်မေးကြည့်ဖူးတယ်။
“အမေရိကန်တွေ
ဘာကြောင့်တိုးတက်လာကြသလဲ”
သူပြန်ဖြေတဲ့စကားက
မှတ်သားစရာဖြစ်လို့ပြန်ပြောလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်ကထဲကိုက
အမေရိကန်နိုင်ငံမှာ အမျိုးသမီးတွေက အမျိုးသားနဲ့
အခွင့်အရေးအတူတူ
ရအောင်တောင်းဆိုတယ်။ ရတယ်။
ပြီးတော့
အမျိုးသားတွေနဲ့ရင်ဘောင်တန်းပြီး အလုပ်လုပ်တယ်။
မော်တော်ကားတွေ
ပြင်တယ်။ ကားအသစ်တွေကို တပ်ဆင်တယ်။
စစ်လက်နတ်တွေ
ထုတ်လုပ်မှုမှာလည်း အမျိုးသမီးတွေက ရင်ဘောင်တန်းပြီးလုပ်တယ်။
ပြီးတော့ လေယာဉ်တည်ဆောက်တဲ့နေရာမှာလည်း မိန်းမတွေက ရင်ဘောင်တန်းနိုင်တယ်။
ပြီးတော့ လေယာဉ်တည်ဆောက်တဲ့နေရာမှာလည်း မိန်းမတွေက ရင်ဘောင်တန်းနိုင်တယ်။
အမျိုးသမီးတွေ
မလုပ်နိုင်တဲ့အလုပ်ကြမ်းတွေ မရှိသလောက်ကို
အမျိုးသမီးတွေက
လုပ်တယ်။
အဲဒီတုန်းက
ဂျပန်မတွေဟာ “ကျမမှာ မိန်းမသားလုပ်ကောင်းတုန်းပဲလေ”။
ဂျပန်အမျိုးသားတစ်ယောက်က
ဒါကိုတွေ့ပြီး အမေရိကန်ကိုလိုက်ဖို့မလွယ်ဘူးဆိုတာကို
သိလို့
အဲဒီအကြောင်းကို စာအုပ်ရေးခဲ့ဖူးတယ်” တဲ့။
နိုင်ငံတိုးတက်ဖို့ဆိုရင်
ပညာဟာ အရေးကြီးတယ်။
ပြီးတော့
လုပ်အားနဲ့တိုင်းပြည်ကို တည်ဆောက်ရတာပါအမေ။
ပါးစပ်က
အော်နေရုံနဲ့တိုင်းပြည်တိုးတက်လာတာ မဟုတ်ပါဘူး။
“ကျနော်တို့တိုင်းပြည်
ဘာကြောင့်ဆင်းရဲသလဲ”
အကြောင်းရင်းတစ်ခုမှာ
လူတိုင်းလူတိုင်းရဲ့လုပ်အားကို အပြည့်အဝ မရလိုက်တာပဲ။
ဒါဟာ
ငြင်းလို့မရတဲ့ကိစ္စပဲ။
လူတိုင်းနီးပါးဟာ
လုပ်ပိုင်ခွင့်
မရှိဘူး။
လုပ်ခွင့်မရဘူး။
မလုပ်နိုင်ဘူး။
ဒီတော့လူတိုင်းနီးပါးဟာ
ဆင်းရဲကြတယ်။
စာရင်းချုပ်လိုက်တော့
တိုင်းသူပြည်သားဆင်းရဲတော့
တိုင်းပြည်လည်း
ဆင်းရဲတော့တာပေါ့။
ဒီမှာက
လုပ်ပိုင်ခွင့်ရှိတယ်။
လုပ်ခွင့်ရတယ်။
လုပ်နိုင်တယ်။
အဲဒါ
ကွာခြားချက်ပဲ။
@@@@@@@@@@@@@@@@@@@@@@@@@@@
ရာသီဥတုဟာ
တစ်နေ့ထက်တစ်နေ့ အေးသထက် အေးလာတယ်။
ညတိုဟာ
ရှည်သထက် ရှည်လာတယ်။
ဟိုတုန်းက
ည ၉း၃၀နာရီမှ နေဝင်တယ်။
အခုဆိုရင်
ညနေ ၅း၃၀နာရီဆိုရင် နေကို မမြင်ရတော့ဘူး။
မှောင်နဲမဲမဲ
ဖြစ်နေပြီ။
အလုပ်နားတဲ့ရက်တွေမှာ
ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့
မောလ်ထဲမှာ
လမ်းလျှောက်တယ်။ အတွင်းလမ်းကို လျှောက်တာတောင်
နာရီဝက်လောက်
ကြာတယ်။
အပြင်ဖက်ကလျှောက်ရင်
အချိန် နှစ်ဆလောက် ကုန်မယ်ထင်တယ်။
မောလ်ထဲမှာ
အပူဓာတ်ပေးထားတော့ လမ်းလျှောက်လို့ပိုအဆင်ပြေတယ်။
နာရီဝက်လောက်
ခပ်ပြင်းပြင်း လမ်းလျှောက်လိုက်ရင် ချွေးစို့လာတယ်။
ဒီကလူတွေ
ဘာကြောင့် လေ့ကျင့်ခန်းလုပ်သလဲဆိုတာ အခုတော့ နားလည်လာသလိုပဲ။
အအေးဒဏ်ခံနိုင်အောင်ဆိုတာ
အကြောင်းတစ်ခုဖြစ်မယ်ထင်တယ်။
ဆိုင်ခန်းတွေကတော့
အများကြီးပါပဲ။
ရောင်းကုန်ကလည်း
မျိုးစုံလှပါတယ်။
အများစုက
အထည်ဆိုင်တွေ ကို သတိထားမိတယ်။
စတိုင်လ်အမျိုးမျိုး၊
အရောင်အမျိုးမျိုး။
လူလတ်တန်းစားတွေ
များတဲ့နေရာမှာ အထည်ရောင်းတာဟာ တွက်ခြေကိုက်တယ်လို့
အမေပြောခဲ့ဖူးတာ
မှန်နေပြန်ပြီ။
အမေရေ့
တစ်နေ့ထက်တစ်နေ့ အမေ့စကားတွေ မှန်ကြောင်းကို သိရတယ်။
အဲဒီအခါတိုင်း အမေ့ကို အဝေးက ဦးတင်မိပါတယ်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။
၁၁-၁၈-၂၀၁၂
၁၁-၁၈-၂၀၁၂
No comments:
Post a Comment