အတွေးတွေကို
သတိထားပါ။
သူတို့ဟာ
စကားလုံးဖြစ်လာတယ်။
စကားလုံးတွေကို
သတိထားပါ။
သူတို့ဟာ
အပြုအမူတွေ ဖြစ်လာတယ်။
အပြုအမူတွေကို
သတိထားပါ။
သူတို့ဟာ
အလေ့အကျင့်တွေ ဖြစ်လာတယ်။
အလေ့အကျင့်တွေကို
သတိထားပါ။
သူတို့ဟာ
စရိုက် ဖြစ်လာတယ်။
စရိုက်ကို
သတိထားပါ။
သူတို့က ကံကြမ္မာ
ဖြစ်လာတယ်။
++++++++++++++++++++++++++++++++++++
ကိုယ့်စိတ်ချမ်းသာမှုဟာ
ကိုယ့်အတွေးတွေရဲ့ အရည်အသွေးပေါ်မှာ မူတည်ပါတယ်။
စိတ်ချမ်းသာအောင်
တွေးတတ်တဲ့သူဟာ စိတ်ချမ်းသာတယ်။
ကောင်းတာတွေကို
လုပ်နေတယ်။
နောက်လည်း
ပိုကောင်းတာတွေကို လုပ်နိုင်သေးတယ်လို့ မြင်တဲ့သူဟာ
အလုပ်လုပ်ရတာ
ပျော်တယ်။
နေရတာ ပျော်တယ်။
သူများငါ့ကို
အထင်ကြီးသလား အထင်သေးသလား ဆိုတာကို
မတွေးပဲ ကိုယ်တတ်နိုင်သလောက်
အကောင်းဆုံးဖြစ်အောင် လုပ်တဲ့သူဟာ
အောင်မြင်တယ်။
++++++++++++++++++++++++++++++++++++
ကိုယ့်မိတ်ဆွေတစ်ယောက်က
ကိုယ့်ကို စားစရာတစ်ခု ကျွေးတဲ့အခါ
နှစ်နှစ်သက်သက်
ပျော်ပျော်ရွှင်ရွှင် စားလိုက်ရင် နောက်တစ်ခါလည်း
ကျွေးချင်မှာပဲ။
မကောင်းဘူး
မစားချင်ဘူးဆိုပြီး မစားပဲနေရင် နောက်တစ်ခါ ကျွေးချင်စိတ်
မရှိတော့ဘူး။
အားရဝမ်းသာ စားရင် ပိုကျွေးချင်တယ်။
အဲဒီလိုပဲ
ကိုယ့်မှာ ရထားတာ ရှိနေတာကို ဝမ်းသာရင် နောက်ထပ်ရဖို့
အလားအလာ ပိုများတယ်။
တင်စားပြီးပြောရရင်
သဘာဝတရားဟာ ကျေးဇူးသိတတ်သူကို ပိုပေးတယ်
ဘာရရ မကောင်းသေးဘူး
ဆိုပြီး မကျေမနပ်ဖြစ်နေရင် ရဖို့ ပိုခက်လာတယ်။
++++++++++++++++++++++++++++++++++++
မျက်စိမြင်နေရတာ
ကျေးဇူးတင်တယ်။
နားကြားနေရတာ
ကျေးဇူးတင်တယ်။
လက်တွေ ခြေတွေ
ကောင်းနေတာ ကျေးဇူးတင်တယ်။
စကားပြောနိုင်တာ
ကျေးဇူးတင်တယ်။
သစ်ပင်တွေမှာ
ရွက်နုတွေ ထွက်နေတာ ကျေးဇူးတင်တယ်။
မိဘတွေကို
ကျေးဇူးတင်တယ်။
ဆရာ ဆရာမတွေကို
ကျေးဇူးတင်တယ်။
မိတ်ဆွေတွေကို
ကျေးဇူးတင်တယ်။
တစ်နေ့တာလုံး
အဲဒီလို ကျေးဇူးတင်တယ်ဆိုတာကို စိတ်ထဲမှာ ပြောနေပါ။
စမ်းကြည့်စမ်းပါ။
ကိုယ့်ဘဝ
ဘယ်လို ထူးခြားလာသလဲဆိုတာ တွေ့ရမယ်။
ပထမဆုံးရမယ့်အကျိုးက
စိတ်ချမ်းသာမှုပဲ။
++++++++++++++++++++++++++++++++++++
သုတေသနပြုချက်အရ
စိတ်အချမ်းသာဆုံးလူတွေဟာ များများရှိတဲ့သူတွေ မဟုတ်ဘူးတဲ့။
များများ
ကျေးဇူးတင်တဲ့သူတွေတဲ့။
ကျေးဇူးတင်လို့
စိတ်ချမ်းသာတယ်။
ကျေးဇူးတင်လို့
နောက်ထပ်လည်း ရလာတယ်။
ကျေးဇူးတင်တယ်ဆိုတာ
ရှိနေတာကို ဝမ်းသာတာလို့လည်း ပြောလို့ရတယ်။
ဝမ်းသာတတ်တဲ့သူက
ပိုရတယ်။
++++++++++++++++++++++++++++++++++++
Saying
thank you is more than good manners.
It is
good spirituatity.
ကျေးဇူးတင်ပါတယ်
လို့ ပြောတာဟာ ယဉ်ကျေးတဲ့အမူအရာ ဖြစ်ရုံမကပါဘူး။
အင်မတန်ကောင်းမွန်တဲ့
မြင့်မြတ်တဲ့ အကျင့်လည်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++
ရှိနေတာကို
အသိအမှတ်ပြုနိုင်ရင် အသိအမှတ်ပြုစရာတွေ နောက်ထပ်ရလာမယ်။
ရှိတာကို
ဝမ်းသာရင် ဝမ်းသာစရာတွေ နောက်ထပ်ရှိလာမယ်။
ကောင်းတာကို
ရှာကြည့်ပါ။
ပြီးတော့
အသိအမှတ်ပြုပါ။ ချီးမွမ်းပါ။
++++++++++++++++++++++++++++++++++++
ကျေးဇူးတင်တတ်လာတဲ့အခါ
ကျေးဇူးတင်စရာတွေကို ပိုမြင်လာတယ်။
ကိုယ်က ကျေးဇူးတင်တတ်လာတဲ့အခါ
ကိုယ့်ကို လူတွေက အကူအညီပေးတာ
ပိုများလာတယ်လို့
ထင်တယ်။
လူတွေက ငါ့အပေါ်
ဘာဖြစ်လို့ ဒါလောက်သဘောကောင်းကြတာလဲလို့ တွေးမိတယ်။
ကိုယ်က အခုမှ
သတိထားမိလို့ ဖြစ်မှာပါ။
လူတွေက အရင်ကလည်း
စေတနာကောင်းတာ ဖြစ်မယ်။
ကိုယ်က အခုမှ
တန်ဖိုးထားတတ်လို့ မြင်တာ ဖြစ်မယ်။
ကိုယ့်တန်ဖိုးထားတာကို
ပိုမြင်တတ်တာ သဘာဝပါပဲ။
++++++++++++++++++++++++++++++++++++
ကျေးဇူးသိတတ်တဲ့သူဟာ
ကိုယ်ရလိုက်တာထက်ပိုပြီး ပြန်ပေးဖို့ ကြိုးစားတယ်။
++++++++++++++++++++++++++++++++++++
တရားအားထုတ်လို့
စိတ်ချမ်းသာတာဟာ တခြားနည်းနဲ့ စိတ်ချမ်းသာတာနဲ့မတူဘူး။
ပြောပြလို့
မရဘူး။
ကိုယ်တွေ့ကြုံရမှ
သိမယ်။
ဒါကြောင့်
လေးလေးစားစား စံနစ်တကျ လေ့လာမှ ဖြစ်မယ်။
++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာချင်ရင်
ကျေးဇူးတင်တတ်တဲ့စိတ်၊ ရောင့်ရဲတဲ့စိတ် ရှိဖို့လိုတယ်။
ကိုယ့်အတွေးတွေက
ကိုယ့်ကို စိတ်ချမ်းသာအောင်လုပ်သလို စိတ်ဆင်းရဲအောင်လည်း လုပ်တယ်။
ဒါကြောင့်
ဘာတွေ တွေးနေသလဲဆိုတာ သိမှဖြစ်မယ်။
++++++++++++++++++++++++++++++++++++
ခွင့်လွှတ်နိုင်တဲ့စိတ်ကို
လေ့ကျင့်မယ်။
သူ့နေရာကနေ
တွေးကြည့်မယ်။
ဝေဖန်တာ အပြစ်တင်တာကို
တတ်နိုင်သလောက် မလုပ်မိအောင် သတိထားမယ်။
တစ်ဖက်သတ်
အထင်လွဲတတ်တဲ့အကျင့်ကို ဖျောက်မယ်။
သူ့အကြောင်း
အတိအကျ မသိရင် သူ့အကြောင်း ကောင်းတာတွေကို တွေးမယ်။
++++++++++++++++++++++++++++++++++++
ငါ့သဘောထားဟာ
ငါ့တာဝန်ပဲ။
ငါ မှန်တယ်
သူမှားတယ် ဆိုတာထက် စိတ်ချမ်းသာမှုက ပိုအရေးကြီးပါတယ်။
++++++++++++++++++++++++++++++++++++
သူ့စိတ်ကို
ငါ လွှမ်းမိုးလို့ မရဘူး။
ငါ့စိတ်တိုင်းကျ
သူနေမှ ငါ စိတ်ချမ်းသာမယ်ဆိုရင် ငါ့သဘောထားဟာ မှားနေပြီ။
ငါ မတတ်နိုင်တဲ့ကိစ္စကို
စိတ်ပင်ပန်းခံပြီး ဆက်မတွေးတော့ဘူး။
++++++++++++++++++++++++++++++++++++
တတ်နိုင်သလောက်
ရိုးရိုးရှင်းရှင်း နေမယ်။
သဘာဝကျကျ
အကြောင်းအကျိုး ကိုက်အောင် စဉ်းစားမယ်။
သဘာဝမကျတာတွေကို
ယုံပြီးတော့ အလုပ်ပိုတွေ မလုပ်ဘူး။
စိတ်ဆင်းရဲမခံဘူး။
++++++++++++++++++++++++++++++++++++
ဖြစ်နိုင်တာကို
လုပ်မယ်။
မဖြစ်နိုင်တာကို
တွေးပြီး အချိန်ကုန်မခံဘူး။ စိတ်ပင်ပန်းမခံဘူး။
စိတ်ဆင်းရဲမှုဟာ
နောက်ထပ် စိတ်ဆင်းရဲမှုကိုပဲ ဖြစ်စေတယ်။
ကြာကြာ စိတ်ဆင်းရဲခံရင်
စိတ်ချမ်းသာလာမယ်လို့ မထင်ဘူး။
စိတ်ချမ်းသာမှုဟာ
နောက်ထပ်စိတ်ချမ်းသာမှုကို ဖြစ်စေတယ်။
ဒါကြောင့်
ကြာကြာ စိတ်ချမ်းသာလေ ကောင်းလေပဲ။
++++++++++++++++++++++++++++++++++++
စိတ်ဆင်းရဲနေရင်
အကောင်းဆုံးဥာဏ် မထွက်ဘူး။
အကောင်းဆုံးကို
မရွေးနိုင်ဘူး။
စိတ်ဆင်းရဲနေတုန်းမှာ
ပြဿနာကို ဖြေရှင်းရင် အကောင်းဆုံး မဖြစ်နိုင်ဘူး။
++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာနေတာဟာ
နေလို့ကောင်းတယ်။
စိတ်ဆင်းရဲနေတာဟာ
ပင်ပန်းတယ်။
စိတ်ပင်ပန်းဆင်းရဲနေရင်
ငါ့စိတ်ဟာ နေရာမှားနေပြီ လို့ နားလည်ပါ။
သူမသွားသင့်တဲ့နေရာကို
သွားနေပြီ။
++++++++++++++++++++++++++++++++++++
အခက်အခဲကိုတော့
အဆင်အပြေဆုံးဖြစ်အောင် လုပ်သင့်တာလုပ်ပြီး ဖြေရှင်းမယ်။
ဒါပေမယ့်
ဒေါသနဲ့ မဖြေရှင်းဘူး။
စိတ်ညစ်နေတဲ့နည်းနဲ့
မဖြေရှင်းဘူး။
စိတ်ဓာတ်ကျနေတဲ့
နည်းနဲ့ မဖြေရှင်းဘူး။
++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုဟာ
ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက)စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။
++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင်
ဖတ်ဖို့-၁၀၉…
No comments:
Post a Comment