ကျနော့်အဖိုးရဲ့နာမည်ဟာ
ဦးကျော်ရှိန်းဖြစ်ပါတယ်။
ကျနော့်အဖွားရဲ့နာမည်ကတော့ ဒေါ်ငွေဇင် ဖြစ်ပါတယ်။
အဖိုးဟာ မွန်ပြည်နယ်၊
သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာမှာနေပါတယ်။
အဖိုး ဦးကျော်ရှိန်းဟာ
အလွန်ရိုးသားသူဖြစ်တယ်။
လယ်လုပ်ငန်းကို
လုပ်ကိုင်စားသောက်နေရသူလည်းဖြစ်တယ်။
ကျနော်တို့ နွေရာသီကျောင်းပိတ်လို့ ရွာကို ပြန်လည်တဲ့အခါ
အဖိုးက မြေးတွေဆုံဆည်းချိန်မှာ သူ့ရဲ့အဖြစ်အပျက်ကို မကြာခဏပြောပြတတ်ပါတယ်။
လသာတဲ့ည တစ်ညမှာ
"တစ်ခါတုန်းကပေါ့"
လို့ အဖိုးက အစချီလိုက်ပါတယ်။
အဲဒီအချိန်တုန်းက အဖိုးတို့ရဲ့အရပ်ဒေသဟာ အမည်းရောင်ဒေသလို့ပြောရမယ့်အချိန်ပေါ့။
တောက သူပုန်က အချိန်မှန်
ဆပ်ကြေးတောင်းတယ်။
မပေးရင် တာဝန်ရှိသူတွေကို
သတ်တယ်။ မထင်ရင် မထင်သလို လုပ်တတ်တာမို့
တောက သူပုန်ကိုလည်း
ကြောက်ရတယ်။
မြန်မာစစ်သားတွေကတော့
ပေါ်တာဆွဲတတ်တာမို့
မြန်မာစစ်သားတွေကိုလည်းကြောက်ရတယ်။
တောသူတောင်သားတွေဟာ
ယူနီဖောင်းဝတ်တွေအားလုံးကို
အလိုလို နေရင်းကြောက်လန့်နေရတယ်။
တစ်နေ့တော့ အဖိုး
ဟာ မင်းတို့ရဲ့အဖွားက ခေါက်ဆွဲစားချင်တယ်ဆိုတာ
ကြောင့် ရွာလယ်ရှိ
တရုပ်ခေါက်ဆွဲဆိုင်ကို ထွက်ခဲ့တယ်။
ခေါက်ဆွဲဝယ်ပြီး
အပြန်မှာတော့ ပေါ်တာဆွဲတဲ့ မြန်မာစစ်တပ်နဲ့တိုးပါလေရော။
မပြေးသာတော့ ခေါက်ဆွဲထုပ်
တန်းလန်းနဲ့ အဖိုးဟာ ပါသွားပါတယ်။
ဘာလုပ်ရမှန်းလည်း
မသိပါဘူး။
ဘူတာရုံအနီးက စစ်တပ်ထဲကို
ကြောက်ကြောက်နဲ့ပါသွားပါတယ်။
ရွာသားအများအပြားလည်း
ပေါ်တာဆွဲတဲ့အထဲ ပါလာကြတယ်။
အဲဒီအထဲမှာတော့
အဖိုးက အသက်အကြီးဆုံးဖြစ်နေပါတယ်။
စစ်တပ်ထဲရောက်တော့
ဗိုလ်ကြီး တစ်ယောက်ထွက်လာပါတယ်။
အဖိုးက ဆောင့်ကြောင့်ထနေရာက
ထပြီး
“ဗိုလ်ကြီး တစ်ခုလောက်မေးချင်ပါတယ်”လို့
အရဲစွန့်ပြီး မေးလိုက်တာပေါ့။
ဗိုလ်ကြီးက
“ဘာသိချင်လို့လဲအဖိုး
မေးပါ” လို့ ပြန်ပြောပါတယ်။
အဖိုးက
“ထွက်ပြေးတဲ့သူကို
ဗိုလ်ကြီးတို့သေနတ်နဲ့
ထိအောင် တကယ်ပစ်သလား” လို့မေးလိုက်ပါတယ်။
ဗိုလ်ကြီးက
“ထိအောင်တော့ မပစ်ပါဘူးအဖိုးရယ်။
ခြောက်လန့်တဲ့အနေနဲ့
မိုးပေါ်ထောင်ပစ်တာပေါ့။
ဘာဖြစ်လို့လဲအဖိုး”
လို့ ပြန်မေးပါတယ်။
အဖိုးက ဘာမပြော
ညာမပြောနဲ့ ခေါက်ဆွဲထုပ်ကို ဗိုလ်ကြီးကို ကမ်းပေးလိုက်ပါတယ်။
ဗိုလ်ကြီးကလည်း
ဘုမသိ ဘမသိနဲ့ ခေါက်ဆွဲထုပ်ကို ယူထားလိုက်ပါတယ်။
ပြီးတော့ အဖိုးက
ကထောင်မြောင်အောင် ကျိုက်လိုက်ပါတယ်။
နောက်တော့
“ဗိုလ်ကြီးရေ…ကျနော်ပြေးပြီ”
လို့ပြောကာ ထွက်ပြေးပါတော့တယ်။
“အဖိုးရေ…ခေါက်ဆွဲထုပ်ကို
လာပြန်ယူအုန်းလေ” လို့
ဗိုလ်ကြီးရဲ့ အော်သံကို နောက်မှာ ကြားပေမယ့်
အဖိုးက
“ဘယ်ပြန်ယူရဲ့ပါ့မလဲ၊ အားကုန်ပြန်ပြေးခဲ့တာပေါ့”
လို့
အဖိုးက ကျနော်တို့ကို ပြန်ပြောပြပါတယ်။
“အရေးထဲ မောမောနဲ့ပြန်လာတာကို
မင်းတို့ရဲ့အဖွားက “ဘာဖြစ်သလဲ” လို့ မမေးပဲနဲ့
“
ခေါက်ဆွဲထုပ် ဘယ်မှာလဲ” လို့မေးတယ်။
ခေါက်ဆွဲပါမလာလို့
စိတ်ကောက်နေသေးတယ်။
မိန်းမတွေကတော့ကွာ။
မပြောချင်ဘူး။
ဖနောင့်နဲ့ပေါက်ဖို့ပဲကောင်းတယ်” လို့ပြောတော့
အဖိုးပြောတဲ့ဟန်ပန်ကို
ကြည့်ကာ ကျနော်တို့မြေးတစ်စု ရီမောကြပါတယ်။
အဖိုး မိန်းမကြောက်တာ ကျနော်တို့
အသိဆုံး။
No comments:
Post a Comment