Friday, September 28, 2012

"အမေ့ထံသို့ ပေးစာများ-၅၅..."





သို့
ချစ်တဲ့အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
မစ်ချီဂန်မှာ ရာသီတွေ ပြောင်းစပြုနေပြီထင်တယ်။
နေ့တာ တိုလာတယ်။
ဟိုတုန်းက ည ၉း၃၀ နာရီမှ မိုးချုပ်တယ်။
အခုဆိုရင် ည၇း၃၀နာရီလောက် မိုးချုပ်နေပြီ။
လွန်ခဲ့တဲ့ရက်တွေက မိုးတွေ အဆက်မပြတ်ရွာတယ်။
နောက်ပိုင်းမှာ သိသိသာသာ အအေးပိုလာတယ်။
အပြင်ထွက်ရင် အနွေးထည် ဝတ်မှဖြစ်မယ့်အခြေအနေ။
ညဆိုရင်လည်း စောင်ထူထူ ခြုံမှ လုံခြုံနွေးထွေးတော့တယ်။
မေမြို့ဆောင်းနဲ့တူနေတယ်။
နေပူနေပေမယ့်လည်း အအေးက ကဲတာကြောင့် အပူဓာတ်ကို သိပ်မရတော့ဘူး။
လေအေးတစ်ချက်တိုက်လိုက်ရင် အသည်းထဲက စိမ့်အေးသွားတယ်။
နှင်းဖွေးဖွေးတွေကိုတော့ မမြင်ရသေးပါဘူး။
နွေရက်တွေ ကုန်ဆုံးသွားပြီထင်တယ်။
ဆောင်းရက်တွေက အစပြုနေပြီ။
ဒေသခံတွေကတော့ ဆောင်းရက်တွေရဲ့အအေးပြင်းထန်ပုံကို
တဖွဲ့တနွဲ့ပြောနေလေရဲ့။
ခြိမ်းခြောက်နေတယ်လို့တောင် ထင်မိတယ်။
ဒီမှာနေတဲ့လူတွေလည်း ထူးထူးခြားခြား လူတွေမှ မဟုတ်တာ။
သူတို့ ခံနိုင်ရင် သားမခံနိုင်စရာ မရှိပါဘူး။
အမေ ပြောတဲ့စကားတစ်ခုကို သား သတိရမိတယ်။
“သတ္တိ ဆိုတာ မကြောက်တတ်တာ မဟုတ်ပါဘူး။
ရှေ့တိုးသင့်တယ်ထင်ရင် ကြောက်ရက်နဲ့ရှေ့တိုးတာပါ။
လုပ်သင့်တယ်လို့ ထင်ရင် ကြောက်ကြောက်နဲ့ ရှေ့ကိုတိုးသွားတာပါ။
အဲဒါကို သတ္တိလို့ခေါ်ပါတယ်”
အခုလည်း ဘာဘဲဖြစ်ဖြစ် သားရှေ့တိုးမှာပါ။
မကြုံဖူးတော့ ကြောက်သလိုလိုတော့ ဖြစ်မိပါတယ်။
ဒါပေမယ့် ရှေ့ကို တိုးသွားမှာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



အမေရိကန်ရဲ့နိုင်ငံရေးရာသီဥတုကလည်း ပြင်းထန်တာပါပဲ။
အိုဘားမား သမ္မတဖြစ်တာ လေးနှစ်ပြည့်တော့မယ်လေ။
                           ဒီနှစ်ထဲမှာပဲ သမ္မတ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပဖို့ ရှိတယ်။            
လက်ရှိသမ္မတ အိုဘားမားနဲ့ အခြားပါတီဖြစ်တဲ့ ရီဗက်ပလက်ကင်(Repuplican Party)
 သမ္မတကိုယ်စလှယ်လောင်း မစ်တ်ရော်နီ (Mitt Romney)
တို့ယှဉ်ပြိုင် ရွေးကြလိမ့်မယ်။
အိုဘားမားဟာ လွန်ခဲ့တဲ့လေးနှစ်က CHANGE (ပြောင်းလဲခြင်း) ဆိုတဲ့ဆောင်ပုဒ်နဲ့
သမ္မတဖြစ်လာခဲ့တယ်။
အဲဒီအချိန်တုန်းက တကယ့်ကို ပြောင်းလဲမှုကို ပြည်သူတွေတောင်းတနေတဲ့အချိန်။
သမ္မတ သက်တမ်းလေးနှစ်မှာတော့ ထူးထူးခြားခြား ပြောင်းလဲခြင်းတွေကို
မတွေ့ရဘူး။
ပြောတဲ့အတိုင်း မလုပ်နိုင်တဲ့သဘောဖြစ်နေတယ်။
အထူးသဖြင့် စီးပွားရေးမှာ မပြောင်းလဲဘူး။
အလုပ်လက်မဲ့ပြဿနာကို ကောင်းကောင်းမဖြေရှင်းနိုင်ဘူး။
နီးစပ်သူတွေကို မေးကြည့်တဲ့အခါ သမ္မတ အိုဘားမားကို မကြိုက်သူတွေ များတယ်။
ဒါပေမယ့်လည်း ဒီမှာက အမည်းတွေက များတာမို့
အမည်းဖြစ်တဲ့ အိုဘားမား မရနိုင်ဘူးလို့တော့ မပြောနိုင်ဘူး။
သမ္မတ အိုဘားမားရဲ့ဒီတစ်ခါဆောင်ပုဒ်ကတော့
Forward (ရှေ့သို့) ဖြစ်နေတယ်။
ကြောက်ရွံ့ရက်နဲ့ ရှေ့သို့တိုးနေတဲ့သဘောများလား လို့တွေးမိသေးတယ်။
ဒါဆိုရင် အိုဘားမားလည်း သတ္တိရှိသူ လို့ပြောနိုင်တာပေါ့။
ရီဗက်ပလက်ကင်(Repuplican Party)
 သမ္မတကိုယ်စလှယ်လောင်း မစ်တ်ရော်နီ (Mitt Romney)ရဲ့ဆောင်ပုဒ်ကတော့
တည်ဆောက်ကြစို့(Build It!)
လို့ သိရတယ်။

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



ဒီမှာအလုပ်လုပ်ဖေါ်ဖြစ်တဲ့ မြန်မာတိုင်းရင်းသားတစ်ယောက်က ပြောဖူးတယ်။
“ဒီအမေရိကန်ရောက်ပြီးနောက် ပျော်စရာကောင်းတဲ့ရက်ဆိုလို့ တစ်ရက်ပဲ ရှိတယ်” တဲ့။
“ဘယ်ရက်လဲ” လို့ မေးလိုက်တော့
“လခထုတ်တဲ့ရက်” တဲ့အမေရယ်။
“ဘာကြောင့်လဲ” လို့ မေးလိုက်မိတာပေါ့။
“အလုပ်က ပင်ပန်းတယ်။
အလုပ်ချိန်က များတယ်။
တစ်နေကုန်အလုပ်လုပ်ရတာ ပျော်စရာ မကောင်းဘူး တဲ့။
ဒီမှာက ငွေက အရေးကြီးတော့ငွေရတော့ ပျော်စရာကောင်းတာပေါ့” လို့
သူကပြောတယ်။
သူက မလေးရှားနိုင်ငံက ရောက်လာတာ။ မလေးရှားမှာတော့ ငါးနှစ်လောက်နေခဲ့တယ်။
ပြီးတော့ ဒုက္ခသည်အဖြစ်နဲ့အမေရိကန်ကိုရောက်လာတာ။
ဒုက္ခသည်ဆိုတာ နာမည်သာ ဆိုးတာ။
အခွင့်အရေးတော့ တော်တော်ရပါတယ်။
သူက အိမ်က မိဘတွေဆီ ငွေပို့ချင်တော့ အပြင်မှာ အလုပ်လုပ်နေတာ။

အခု ကျနော်နဲ့အတူတူ အလုပ်လုပ်နေတဲ့မက်စီကန်တစ်ယောက်ကို
အဲဒီစကားကို အကြောင်းဆုံတော့ ပြန်ပြောပြဖြစ်တယ်။
သူကတော့ တစ်မျိုးပြောတယ်။
“ငါက လခငွေရရင် မပျော်ဘူး” တဲ့။
“ဘာကြောင့်လဲ” လို့ မေးမိတော့
“ငါက ငွေရတာနဲ့ မက်စီကန်မှာ ရှိတဲ့မိသားစုကို ပြန်ပို့ပေးရတယ်။
အဲဒီငွေကို ငါမသုံးရဘူး” တဲ့။
သူ့မှာက မိန်းမနဲ့သားသမီး နှစ်ယောက်ရှိတယ်။
အဲဒီမိသားစုကိုလခထုတ်ပြီးတာနဲ့နောက်ရက်မှာ
သူ့မိသားစုတွေဆီကို ပြန်ပို့လိုက်တယ်။
ငွေပို့တာချင်းတော့ အတူတူပါပဲ။
ဒါပေမယ့် သဘောထားတွေ မတူတော့ ခံစားချက်တွေလည်း
ကွဲပြားသွားတာကို သတိပြုမိလိုက်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



တစ်နေ့တာပဲ တွေးတာကောင်းတယ်။
ည ၉-နာရီထိုးလို့ အလုပ်သိမ်းပြီးတဲ့အခါ
“အော်…တစ်နေ့တာတော့ ပြီးသွားပြန်ပြီ” လို့တွေးဖြစ်တယ်။
 တစ်နေ့တာထက် ပိုမတွေးချင်တော့ဘူး။
တွေးမိတိုင်းလည်း မအီမလည်ဖြစ်ရတယ်။
နောက်ကြောင်းပြန်လှည့်ပြေးချင်စိတ် ပေါ်လာတယ်။
နောက်ကြောင်းကို ပြန်လှည့်စောင်းကြည့်တော့ အဝေးကြီးမှာ ကျန်ခဲ့သလိုပဲ။
အဲဒီခံစားချက်ကို မကြိုက်တာကြောင့် တစ်နေ့တာထက် ပိုမတွေးချင်ဘူး။
ပိုမနေချင်ဘူး။
သတိထားရင်းနဲ့ သတိရှိလာတယ်။
တရားသဘောနဲ့ကြည့်ရင်
အမေရိကန်မှာနေတော့မှ ပစ္စုပ္ပန်တည့်တည့် နေဖြစ်တော့တယ်။
ပစ္စုပ္ပန်တည့်တည့် နေဖြစ်တော့ ပိုပြီးငြိမ်းချမ်းလာသလိုပဲ။
ဒီခံစားချက်ကိုတော့ ကြိုက်နှစ်သက်မိတယ်။

အမေရေ …
ကျန်းမာရေးကို ဂရုစိုက်ပါ။
ကျနော့်တို့အတွက်မပူပါနဲ့။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်မြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။


 



No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com