သို့
ချစ်တဲ့အမေ
သား သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အမေ နေကောင်းလား။
ကျန်းမာရေးကို ဂရုစိုက်ပါအမေ။
ကျန်းမာခြင်းဟာ လာဒ်တစ်ပါးလို့ ဘုရားဟောခဲ့တယ်။
ငယ်ငယ်တုန်းကတော့ အဲဒီစကားရဲ့တန်ဖိုးကို
နားမလည်ခဲ့ပါဘူး။
ငွေဟာ လာဒ်တစ်ပါးလို့ထင်ခဲ့တယ်။
ငွေနောက်ကိုလိုက်ရင်း လိုက်ရင်းနဲ့
ကျန်းမာခြင်းတွေ ဆုံးရှုံးလာတယ်။
ဆေးကျောင်းတက်တုန်းက သူငယ်ချင်းတွေက
မျက်မှန်အထူကြီးတွေတပ်တော့
မင်းတို့တွေ ငယ်ငယ်နဲ့ ကန်းကြတယ်လို့ပြောခဲ့ဖူးတယ်။
ကျနော့် မျက်လုံးတွေ ကောင်းလိုက်တာလို့တွေးခဲ့တယ်။
ဆရာဝန်ဖြစ်တဲ့အထိ မျက်မှန်မတပ်ခဲ့ရတာကို
ဂုဏ်ယူလို့မဆုံးခဲ့ဘူး။
အသက်လေးဆယ်ရောက်တော့ စာဖတ်တဲ့အခါ မှုန်သလိုလိုဖြစ်လာတော့
မျက်စိအထူးကုနဲ့သွားပြဖြစ်တယ်။
အဲဒီကတည်းက မျက်မှန်တပ်ခဲ့တာ အခုထိပါပဲ။
ညအိပ်တဲ့အခါမှပဲ မျက်မှန်ချွတ်ရတော့တယ်။
မှုန်တဲ့အခါ အဝေးရော အနီးရော မှုန်တော့တာပဲ။
ဆရာဝန်ဘဝတစ်လျှောက်လုံး နေ့စဉ် အားကစားမှန်မှန်လုပ်တော့
ကျန်းမာသလိုလို ဖြစ်နေတာကို ကိုယ့်ကိုယ်ကို
ကျန်းမာလိုက်တာလို့ ယူဆခဲ့တယ်။
ဒီရောက်တော့ အချိန်မရှိတာနဲ့အားကစားလည်း
မှန်မှန်မလုပ်ဖြစ်တော့ဘူး။
အချိန်တိုင်းနီးပါးကို အလုပ်လုပ်နေရတော့
အားကစားလုပ်ချိန်ကို မရှိတော့တာပါ။
ခန္ဓာကိုယ်ကလည်းဟိုကဖောက်ပြန်၊ ဒီကဖောက်ပြန်နဲ့။
ငွေရှာလို့ကောင်းချိန်ရောက်တော့မှ မကျန်းမာတော့
ကျန်းမာရေးတန်ဖိုးကို နားလည်လာတယ်။
ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပါလို့အမေကို
ထပ်ခါတလဲလဲ ပြောနေမိတာပါ။
+++++++++++++++++++++++++++
ကျနော်နဲ့သိတဲ့
အမျိုးသမီးဝန်ထမ်းတစ်ဦးကပြောဖူးတယ်။
အလုပ်ကြိုးစားတာ
ကောင်းပါတယ်။
အလုပ်အလွန်ကြိုးစားသူကို
အလုပ်ရှင်က ကြိုက်တယ်။
ဒါပေမယ့် အလုပ်သမားအချင်းချင်းက
မကြိုက်ကြဘူး။
ဘာကြောင့်လဲလို့မေးကြည့်တဲ့အခါ
“ကိုယ်လုပ်သလိုမျိုး
သူတို့မလုပ်နိုင်ဘူးလို့ထင်တာပဲ။
ဒီက ဝန်ထမ်းတွေက
အလုပ်ကို လျှော့လုပ်လို့မရကြတော့ ပိုလည်း မလုပ်ကြဘူး။
တစ်သက်လုံး
လုပ်ရမယ့်အလုပ်ဖြစ်တော့ ကိုယ်ခန္ဓာကို ညှာလုပ်တာလည်း ဖြစ်နိုင်ပါတယ်။
အကြောင်းတစ်ခုက
မကျန်းမာလာရင် ကျန်းမာရေးစရိတ်က ကြောက်ခမန်းလိလိ ကြီးတာကို
ကြောက်တာလည်း ဖြစ်နိုင်ပါတယ်။
ဝန်ထမ်းအသစ်ဆိုတာ တံမြက်စည်း အသစ်နဲ့တူတယ်။
တံမြက်စည်းအသစ်က အရမ်းလှည်းလို့ကောင်းတယ်။
ဟောင်းလာရင် လှည်းလို့မကောင်းတော့ဘူး။
အမှိုက်လည်း မပြောင်တော့ဘူး။
ဝန်ထမ်းအဟောင်းဆိုတာ ဒီလိုများ ဖြစ်နေမလား။
ကျမက ဝန်ထမ်းအသစ်လေ”တဲ့။
+++++++++++++++++++++++++++++++++++++
မစ်ချီဂန်တက္ကသိုလ်ကတော့
ပြန်ဖွင့်ပြီ။
တရုပ်ကျောင်းသားတွေတော်တော်
တွေ့ရတယ်။
ဒီမှာ ကျောင်းလာတက်တဲ့
တရုပ်တက္ကသိုလ်ကျောင်းသားတွေတွေ့တော့
ပြန်ငယ်ချင်လိုက်တာ။
အမေရိကန်တက္ကသိုလ်ကိုတော့
တက်ရရင်ကောင်းမှာပဲလို့ ခဏခဏတွေးဖြစ်တယ်။
တရုပ်ကျောင်းသား
ကျောင်းသူတွေကတော့ တရုပ်အစားအစာကို ကြိုက်ကြတယ်။
ဆိုင်မှာ လာအားပေးကြတယ်။
ရောက်ကာစ ကျောင်းသားကျောင်းသူတွေဆိုတာ
သိပ်သိသာတယ်။
အချို့က စားပြီးသား
အစားအစာကို ဘာလုပ်ရမှန်းမသိလို့ လာမေးတယ်။
အမှိုက်ပုံးကို
လက်ညှိုးထိုးပြီး ပစ်ဖို့ပြောလိုက်တော့ ဆိုင်က ပေးထားတဲ့ဘန်းကိုတောင်
အမှိုက်ပုံထဲကို
ပစ်တာကိုတွေ့ရတယ်။
သန့်ရှင်းရေးလုပ်သားတွေကိုပြောပြီး
ပြန်ကောက်ရတယ်။
သူတို့ကြည့်ရတာ
မအူမလည်နဲ့။
ရောက်ခါစဆိုရင်
လူတိုင်းဒီလိုချည်းပါပဲ။
လူမျိုးမတူဘူး။
အစားအစာမတူဘူး။ ဘာသာစကားမတူဘူး။
ယဉ်ကျေးမှုမတူဘူးဆိုတော့
အားလုံးလိုလို အူကြောင်ကြောင်ကို ဖြစ်နေတော့တာပဲ။
ဒီနိုင်ငံမှာက
အစားအစာဝယ်တဲ့အခါ တန်းစီတာ အကျင့်ဖြစ်နေပြီ။
ကြားဖြတ်တာ
မရှိဘူး။
အတင်းတိုးဝှေ့တာ
မရှိဘူး။
V.I.P (အခွင့်ထူးခံလူတန်းစား)
ရောဂါ မရှိဘူး။
စည်းကမ်းရှိကြတယ်။
အကြောင်းကြောင်းကြောင့်
နောက်လူကို ကျော်ပြီးလုပ်ပေးတာမျိုးကိုလည်း လက်မခံဘူး။ မကြိုက်ဘူး။
သူတို့က မကြိုက်ရင်
အားမနာတတ်ဘူး။ ပြောတယ်။
ပြီးတော့မဝယ်ပဲ
ထွက်သွားရော။
အချို့က မပြောဘူး။
မဝယ်ပဲ ထွက်သွားပါရော။
နောက်ဘယ်တော့မှ
မလာတတ်ကြဘူး။
ဈေးရောင်းရင်
အရမ်းသတိထားရတဲ့ကိစ္စ။
+++++++++++++++++++
စားသုံးသူတွေရဲ့တောင်းဆိုမှုကြောင့်
အလုပ်က မနားမနေလုပ်ရတယ်။
မောလ်ထဲမှာလုပ်တော့
တစ်နေ့ကို အနည်းဆုံး (၁၁) နာရီလုပ်ရတယ်။
ပြောရရင်
တစ်နေ့လုံးလိုလိုပါပဲ။ နံက် (၉)နာရီကျော်မှာ အိမ်ကထွက်ရတယ်။
ည
(၉)နာရီကျော်မှ ပြန်ရောက်တော့ တစ်နေ့ (၁၂)နာရီ သုံးနေရတဲ့သဘောဖြစ်နေတယ်။
အလုပ်ချိန်ကလည်းများ။
နားရတဲ့အချိန်ကလည်း ရှားပါးလှတယ်။
ကြာလာတော့
လူကခံနိုင်ရည် နည်းလာတယ်။
သက်သက်သာသာနဲ့နေရတဲ့
ကိုယ့်တိုင်းပြည်ကိုလွမ်းလာတယ်။
အမေရိကန်မှာ
အနေကြာတဲ့သူငယ်ချင်းတစ်ယောက်ကိုပြောပြတော့
သူကပြောတယ်။
“အမေရိကန်နိုင်ငံသားကဒ်ရပြီဆိုရင်
နိုင်ငံအတော်များများကို ဗီဇာမလိုပဲ
သွားလို့ရတယ်။
တစ်ခါတုန်းက ထိုင်းနိုင်ငံကို ငါသွားလည်တယ်။
နယ်စပ်ကို
သွားတဲ့ခရီးတစ်ခုမှာ နှစ်ထပ်ဘတ်စ်ကားကြီး စီးသွားတယ်။
ငါ့ဘေးနားမှာ
မြန်မာတစ်ယောက်။
မြန်မာအချင်းချင်းတွေ့တော့
မြန်မာစကားကို ပြောဖြစ်ကြတာပေါ့လေ။
တစ်နေရာရောက်တော့
ကားရပ်သွားတယ်။
စစ်ဆေးရေးရဲတွေ
တက်လာတယ်။
ငါ့နားက
မြန်မာကိုစစ်တော့ မြန်မာမှန်းသိတော့ ခေါ်ချသွားတယ်။
အကြာကြီးမေးတယ်။ပြန်တက်လာတော့
သူ့မှာပါလာတဲ့ငွေတွေကို
အကုန်ယူလိုက်တယ်လို့ပြောတယ်။
မပေးရင်လည်း
ဆက်သွားခွင့်မပေးဘူးဆိုတော့ သူလည်း မသွားမဖြစ်တော့ ပေးလိုက်ရတယ်။
ငါ့ကိုစစ်ဆေးတော့
အမေရိကန်နိုင်ငံသားကဒ်ထုတ်ပေးလိုက်တော့
အဲဒီအကောင်တွေက
အလေးတွေပြုလို့။ ငါ့ရဲ့ပစ္စည်းတွေဆိုရင်
ဘာတစ်ခုမှ
ထိတောင်မထိဘူး။
လူချင်းကတော့
အတူတူပါပဲ။
ခြားနားချက်ကတော့
နိုင်ငံသားပဲ။
မင်း
နိုင်ငံတကာကို လွတ်လွတ်လပ်လပ် သွားလည်ချင်စိတ်ရှိရင်တော့
စဉ်းစားပေါ့”
တဲ့။
သူ့စကားက
စဉ်းစားစရာဖြစ်လာတယ်။
ကျနော်က
ခရီးသွားရတာကို ဝါသနာပါတယ်လေ။
ဘယ်နေရာမှာဖြစ်ဖြစ်
အကောင်းအဆိုးက ဒွန်တွဲနေတတ်ပါတယ်။
အကောင်းချည်း
မရှိသလို အဆိုးချည်းလည်း မရှိပါဘူး။
အကောင်းကို
လက်ခံချင်ရင် ဒွန်တွဲပါလာတဲ့ အဆိုးကိုလည်း လက်ခံရမှာပဲ။
ကဲ..အမေ
စာလည်းရှည်သွားပြီ။
ကျနော်လည်း
နားလိုက်ဦးမယ်။
အမေ့ကို
ချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။
No comments:
Post a Comment