Sunday, August 26, 2012

"အမေ့ထံသို့ ပေးစာများ-၅၁..."



သို့
ချစ်တဲ့အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
အမေဆီကို သားစာမရေးဖြစ်တာတောင် အတော်ကြာသွားပြီ။
အမေဆီကို စာရေးချင်စိတ်က ဖြစ်နေတာ ခဏခဏပါပဲ။
ဒါပေမယ့် အလုပ်က တစ်နေ့လုံးလိုလို ဖြစ်နေတာမို့ မရေးဖြစ်ဘူး။
အိမ်ပြန်ရောက်တော့လည်း ပင်ပန်းတာကြောင့် စိတ်ကူးတွေကို ပြန်ဖမ်းမရတာကြောင့်
မရေးဖြစ်ပြန်ဘူး။
တစ်ပတ်တစ်ရက် ပိတ်ရက်ရပြန်တော့လည်း တစ်ပတ်လုံးလုံး ပင်ပန်းမှုကြောင့်
မရေးဖြစ်ပြန်ပါဘူး။
အခု မရေးရင် နောင်ဘယ်တော့မှ ရေးနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့အတွေး
ပေါ်လာတော့မှ ရေးဖြစ်အောင် ကြိုးစားပြီးရေးလိုက်ပါတယ်။
ဟုတ်တယ်အမေ။
ခံစားချက်ဆိုတာ ပေါ်လာတုန်း ဖမ်းဆုပ်နိုင်ရင် ဖမ်း။
မဖမ်းဆုပ်နိုင်ရင် ပျောက်ကွယ်သွားတဲ့အရာပဲလေ။
ဘာမြဲတာ ရှိလို့လဲဆိုတဲ့ အမေရဲ့စကားအတိုင်းပါပဲ။
နောင်တွေးပြီး ရေးဦးတော့ အကြောင်းကိုသာ ဖမ်းဆုပ်နိုင်မယ်။
ခံစားချက်ကိုတော့ ဖမ်းနိုင်ဖို့ မဖြစ်နိုင်တော့ဘူး။
အမေ့ကို ရင်ဖွင့်ရဦးမယ်။
အခုလုပ်နေတဲ့ စားသောက်ဆိုင်လုပ်ငန်းကိုလုပ်နေတာ (၆)တောင် ကျော်ပြီ။
လုပ်ငန်းကိုတော့ ကျွမ်းကျင်လာပါတယ်။
စားသုံးသူ တွေရဲ့သဘောလည်း သိလာပါတယ်။
တတ်သိနားလည်မှုတွေလည်း သိသိသာသာ တိုးလာပါတယ်။
ဒါပေမယ့် ကျန်းမာရေးကတော့ ကျ ကျလာတယ်။
အရင်ဆုံးဖြစ်တာက နှာခေါင်းထဲကသွေးစသွေးနတွေ မကြာမကြာ ထွက်တယ်။
ဆရာဝန်ဖြစ်ခဲ့ဖူးတော့ အတွေးက အဆုံးအစမရှိ တွေးဖြစ်တယ်။
အသိက အဆိုးဆုံးတွေကို သိနေတော့ ကြောက်တဲ့စိတ် ဖြစ်လာတယ်။
မီးဖိုချောင်မှာ လုပ်ရတော့ အနံ့အသက်ပေါင်းစုံနဲ့တွေ့ထိနေရတယ်။
အဆိုးဆုံးက ဓာတုဆေးတွေပဲ။
အဲဒီအနံ့အသက်ရရင် အသက်ရှုရကြတ်လာတယ်။
အအေးခန်းထဲဝင်ပြီး အသက်ကို ဝဝလင်လင်ရှုရတာလည်း ခဏခဏပါပဲ။
နောက်တစ်ခုက အဆစ်အမြစ်တွေ ကိုက်ခဲလာတာပါပဲ။
အခုလောလောဆယ်ဖြစ်နေတာကတော့ ဘယ်ဖက်လက်ကောက်အဆစ်ကိုက်ခဲနေတာပဲ။
သုံးပတ်လောက်ရှိတော့မယ်။
လူစားမရှိတော့ နားလို့လဲ မရဘူး။
အလေးအပင်တွေကလည်း အများကြီးမ, နေရတယ်။
နာနာနဲ့ လုပ်နေရတာပေါ့။
ဆိုင်ကလည်း တစ်နေ့ထက် တစ်နေ့ ရောင်းကောင်းလာတော့ အလုပ်ကလည်း များများလာတယ်။
စားသုံးသူတွေရဲ့တောင်းဆိုချက်ကြောင့် အလုပ်ကို လျော့လုပ်လို့မရဘူး။
ညှာလုပ်လို့မရဘူး။
နားလုပ်လို့ မရဘူး။
အလေးအပင်တွေကလည်း မမ, လို့မရဘူး။
အလေးအပင်တွေ မ တဲ့အခါ နှလုံးက မောလာတယ်။
အသက်အရွယ်ကြောင့် နှလုံးက မခံနိုင်တော့တဲ့ သဘောလားလို့တွေးဖြစ်တယ်။
မကြာခဏလည်း မူးလာတယ်။
ဖြစ်သမျှတွေကို အားလုံးပြောရင် အမေစိတ်ရှုတ်တော့မယ်။
အမေထက်တောင် ရောဂါတွေ များနေပြီးလားတောင် မသိပါဘူးအမေရယ်။
ဒီလိုဆိုရင် ဒီအလုပ်ကို "မလုပ်နဲ့တော့" လို့ အမေပြောလာမယ်ဆိုတာ သိပါတယ်။
ငွေနဲ့ကျန်းမာရေးလဲလှယ်ရတာ မတန်မှန်းလည်း သား သိပါတယ်။
ဒါပေမယ့် အခုလောလောဆယ် အမေရိကန်မှာက အလုပ်တွေ ရှားပါးနေတယ်။
အလုပ်တစ်ခုက ထွက်သွားပြီး နောက်အလုပ်တစ်ခု ရဖို့ဆိုတာ ခက်ခဲမှန်း
ကာလီဖိုးနီးယားမှာ ကတည်းက အတွေ့အကြုံအရ သိနေပါပြီ။
မိန်းမကတော့ သူ လုပ်ကျွေးမယ်။ အလုပ်က ထွက်ဖို့ပြောရှာပါတယ်။
ကျနော်တို့မှာလည်း ရည်မှန်းချက်က ရှိနေတယ်။
ငွေစုပြီး လုပ်ငန်းတစ်ခုလုပ်ဖို့။
ဒီတော့ တစ်ယောက်အားနဲ့လုပ်တာထက် နှစ်ယောက်အားနဲ့လုပ်တာက
ပိုမြန်နိုင်တာမို့ အလုပ်ကို ကြိတ်မှိတ်လုပ်နေရတာပါ။
ဒီမှာက အလုပ်ရှိမှ ငွေရှိတယ်။
အလုပ်က ငွေဖြစ်နေတဲ့နေရာ။
ငွေဟာ အရာရာကို အဆုံးအဖြတ်ပေးနေတဲ့နေရာဖြစ်နေတာမို့
ရွေးချယ်လမ်းက များများစားစားမရှိလှဘူး။
မလုပ်ချင်လည်း လုပ်။
မလုပ်နိုင်လည်း လုပ်။
ငွေလိုချင်ရင် လုပ်ဆိုသလို ဖြစ်နေတယ်။
ကဲ…အမှန်အတိုင်းပြောလို့ အမေ စိတ်ညစ်နေမှာ စိုးလို့မပြောခဲ့တာတောင်
လပေါင်းများစွာ ကြာခဲ့ပြီ။
သိအောင် ပြောပြတာပါ။ ခံစားရအောင် ပြောတာမဟုတ်ပါဘူး။
ဒီရောက်ရင် ဒီလိုဖြစ်တာ ကျနော်တစ်ယောက်ထဲမဟုတ်ပါဘူး။
ပညာနဲ့လုပ်စားခွင့်မရရင် ကျနော်လိုပဲ ကြုံနိုင်ပါတယ်။
ငယ်ရွယ်ရင်တော့ ခံနိုင်တာပေါ့။
ကျနော့်အသိမိတ်ဆွေထဲမှာ ဒီနိုင်ငံက ဒေါက်တာဘွဲ့(PhD) ရပြီးတော့ သင့်တော်တဲ့အလုပ်
မရလို့ အလုပ်လက်မဲ့ဖြစ်နေသူတောင် ရှိတယ်။
သူ့မိသားစုက ကြောထောက်နောက်ခံလုပ်ပေးနိုင်တော့ ခံသာတာပေါ့။
အဲဒါတွေကိုတွေ့ထားတော့ အလုပ်ထွက်ဖို့ တော်တော်ခက်သွားတယ်။


အမေ မစ်ချီဂန်က ရာသီတွေ ပြောင်းစ ပြုနေပြီ။
နွေရာသီကုန်တော့မယ် ထင်တယ်။
မိုးတွေ မကြာမကြာ ရွာနေတယ်။
မိုးရွာပြီးရင် အေးလာတယ်။
မိုးရွာတော့ သစ်ပင်တွေလည်း စိမ်းလန်းစိုပြေနေတာပေါ့။
အခုချိန်ထိတော့ နေလို့ကောင်းတုန်းပါပဲ။
ဆောင်းကာလကတော့ တဖြည်းဖြည်း နီးလာပြီ။
ကျနော်တို့နေတဲ့နေရာဆိုရင် ဆီးနှင်းကျချိန်ဆိုရင် (၃၀)လက္မ အထိ ကျတတ်တယ်ဆိုပါလား။
ကြားရုံနဲ့တောင် ကျောချမ်းလာတယ်။
ကျနော်တို့က မစ်ချီဂန်ရဲ့မြိုတော် လင်စင်းမှာ နေနေတာပါ။
အဲဒါက တောင်ပိုင်းအခြမ်းထဲမှာပါတယ်။
မြောက်ပိုင်းမှာဆိုရင် ဆောင်းတွင်းမှာ ဆီးနှင်းတွေ ကျလာပြီဆိုရင်
(၁၆၀)လက္မ အထိ ကျတယ်လို့ မစ်ချီဂန်ဆိုတဲ့စာအုပ်မှာ ဖတ်လိုက်ရတယ်။
ငှက်တွေဆိုရင်တော့ ဆောင်းခိုတဲ့အနေနဲ့ သင့်တော်တဲ့နေရာကို
ပျံသန်းသွားကြပေမယ့် တောင်ပံမပါတဲ့ကျနော်တို့အဖို့
သင့်တော်တဲ့နေရာကို ဘယ်မှာသွား
 ဆောင်းခိုနိုင်ပါ့မလဲ။
ဘာဘဲဖြစ်ဖြစ် အတွေ့အကြုံသစ်တွေတော့ ရနိုင်တယ်လို့
အကောင်းဖက်က တွေးရတော့မှာပဲ။
ဒီမှာတော့ ဘာသာစကားက အရမ်းကို အရေးကြီးတယ်ဆိုတာ ထပ်ပြောလိုက်ဦးမယ်။
အမေ့ရဲ့မြေးတွေကို ဘာသာစကားတွေ သင်ကြားဖို့နဲ့ လေ့ကျင့်ဖို့
ထပ်ပြောလိုက်ပါအုန်း။
ဒီမှာက ဘာသာစကားကျွမ်းကျင်ရင် ပညာများများစားစားမတတ်ရင်တောင်
အလုပ်က လွယ်သေးတယ်။
ပညာဆိုတာလည်း အခြားနိုင်ငံက တတ်တဲ့ပညာကို သူတို့က 
အသိအမှတ်ပြုတာ မဟုတ်ပါဘူး။

ဒီနိုင်ငံက ရတဲ့ပညာမှ သူတို့က အသိအမှတ်ပြုတော့ ပညာသင်ကာလမှာ
ဒီနိုင်ငံရောက်တဲ့လူငယ်တွေအဖို့တော့ သိပ်ကံကောင်းတယ်လို့ ဆိုရမယ်။
ဘာကြောင့်ဆိုတော့ ဒီနိုင်ငံမှာ ကောင်းကောင်းစားရတယ်။
စားသောက်စရိတ်တွေက ဈေးပေါတယ်လေ။
ပြားစေ့(Cent) တွေနဲ့ ဈေးဝယ်လို့ရတုန်းပဲလေ။
တန်ဖိုးလည်း ရှိတယ်။
ကောင်းကောင်းဝတ်ရတယ်။
အဝတ်အစားတွေလည်း ဈေးပေါတာပဲ။
တစ်ရာသီလောက်နောက်ကျသွားတဲ့အဝတ်အစားဆိုရင်
အလကားနီးပါးလောက်ဈေးနဲ့ဝယ်လို့ရတယ်။
ကောင်းကောင်းနေရတယ်။
ဒါလည်း လူတိုင်းလူတန်းစေ့အောင် နေဖို့စီမံထားတဲ့စီမံကိန်းကြောင့်လား
မပြောတတ်ပါဘူး။
အကြွေးနဲ့ဝယ်ခွင့်ရရင် အိမ်ဝယ်စရိတ်နဲ့ အိမ်ငှားစရိတ်က
သိပ်မကွာတော့ဘူး။ အကြွေးသာ မှန်မှန်ဆပ်သွားရင် တစ်ချိန်ကျရင် အိမ်ပိုင်ဖြစ်ရော။
အိမ်တိုင်းလိုလိုကလည်း ဟော်တယ်လိုပါပဲ။
ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ရောက်လာတဲ့လူငယ်တွေအတွက်
လောကနိဗ္ဗာန်ပါပဲ။
ရောက်လာတဲ့ ဘယ်လူငယ်မှ မပြန်ချင်ကြဘူး။
ဒါပေမယ့် လူကြီးတိုင်းက ပြန်ချင်ကြတယ်။
အဲဒါ အမေရိကန်နိုင်ငံလို့ခေါ်ပါတယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
အမေနဲ့မိသားစုတွေအားလုံးနဲ့
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကို
သတိရနေတယ်။
ချစ်တဲ့အမေရဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၈-၂၆-၂၀၁၂

2 comments:

မိုးနတ်ကြယ်စင် said...

အမေ့ထံသို့ပေးစာများထဲက ၅၁ စောင်မြောက်ကိုလာရောက်ဖတ်ရှု့အားပေးသွားပါတယ်နော်....

မိုးနတ်ကြယ်စင် said...

ွှအမေ့ထံသို့ပေးစားများထဲမှ ၅၁ စောင်မြောက်ကို လာရောက်ဖတ်ရှု့အားပေးသွားတယ်နော်

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com