Tuesday, June 19, 2012

"အမေ့ထံသို့ ပေးစာများ-၄၄..."





သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။
ဇွန်လ ၁၇-ရက်နေ့ဟာ အဖေများနေ့လေ။
ကျနော်အလုပ်လုပ်တဲ့မောလ် (Mall) ထဲမှာတော့ အဲဒီနေ့မှာ
စည်ကားနေတာပါပဲ။
အဖေတွေက ငယ်ရွယ်တဲ့သားသမီးတွေ ခေါ်လာကြ၊
စားကြ၊သောက်ကြနဲ့။
အရွယ်ရောက်တဲ့သားသမီးတွေက အဖေနဲ့အမေတွေကိုခေါ်လာကြ၊
စားကြ၊သောက်ကြနဲ့ ပျော်စရာအလွန်ကောင်းလှပါတယ်။
ဝေးတဲ့မိဘတွေဆီကို သားသမီးတွေက သွားလည်ကြ၊
လက်ဆောင်တွေပေးကြနဲ့။
အဖေတွေကို တန်ဖိုးထားကြတာကို သတိထားမိတယ်။
ဒီတော့ ကျနော်လည်း အဖေကို သွားသတိရမိတယ်။
အဖေဆုံးသွားတာ နှစ်ပေါင်း ငါးဆယ်တောင် ကျော်ခဲ့ပြီနော်။
အဖေ့ကို မမေ့နိုင်သလို အဖေ့ကျေးဇူးကိုလည်း မမေ့နိုင်ပါဘူး။
အဖေက ကျနော်ကို ရုံးပိတ်ရက်မှာ သူသွားလေရာကို ခေါ်သွားတတ်တယ်။
စားချင်ရာရာကို ကျွေးတတ်တယ်။
ကျနော်က ငယ်သေးတော့ ပျော်နေတာပေါ့။
စားချင်တာကို စားရတာကိုး။ ပြီးတော့ လိုချင်ရာရာကို အဖေက ဝယ်ပေးတာကိုး။
ကျနော့်အဖို့ အဖေနဲ့နေရတဲ့အချိန်က နည်းလွန်းလှပေမယ့်
နေရတဲ့အချိန်ကို မမေ့နိုင်ဘူး။
အဖေ့ရဲ့အကြောင်းကို များများစားစားမသိရပေမယ့်
သိရသလောက်ကတော့ အဖေက ကျနော့်ကို ချစ်တယ်ဆိုတာပါပဲ။
ပြီတော့ အဖေက ကျနော့်အတွက် သူရဲကောင်းလေ။
အာဇာနည် သူရဲကောင်း။
ကျနော်ဟာ ကြာလာတဲ့အမျှ အဖေ့ရဲ့ပုံရိပ်တစ်ခုဖြစ်လာတယ်ဆိုတာကို
အခုတော့ ကောင်းကောင်းသိလာပါတယ်။
ကျနော်ဘာဘဲလုပ်လုပ်၊ လုပ်သမျှကောင်းမှူကုသိုလ်အတွက်
တမလွန်ဘဝက အဖေ့ကို အမျှဝေပါတယ်။
အခု ကျနော်ရောက်နေတဲ့ မစ်ချီဂန်(အမေရိကန်)က
အပူအအေးပြင်းထန်တယ်။
အေးရင်လည်း ရေတွေခဲလောက်အောင် အေးတယ်။
အခုနွေရာသီဆိုရင်လည်း အပြင်မှာ တော်တော်ပူပါတယ်။
ပင်စင်စား သက်ကြီးရွယ်အိုတွေဟာ နံနက်စောစော လမ်းလျှောက်ကြတယ်။
အပြင်မှာတော့ မဟုတ်ဘူး။ မောလ်ထဲမှာ။
မောလ်က ကျယ်လွန်းတော့ လမ်းလျှောက်ဖို့တော်တော်ကောင်းတယ်။
ပြီးတော့ မောလ်ထဲမှာ အပူအအေးမျှတအောင် လုပ်ထားတယ်။
ချွေးထွက်အောင် လမ်းလျှောက်ကြပြီး မောလာတဲ့အခါ
ဆာလာတဲ့အခါ ကျနော်အလုပ်လုပ်တဲ့ food court ဆိုတဲ့စားသောက်ဆိုင်တန်းဖက်ကို
လာကြတယ်။ စားကြတယ်။ ကော်ဖီ၊အအေးသောက်ကြတယ်။
သက်တူရွယ်တူ ပင်စင်စားအဖိုးကြီးတွေအဖွားကြီးတွေ
စုပေါင်းပြီး စကားပြောကြတယ်။
အဲဒါက နေ့စဉ်နေ့တိုင်းမြင်နေရတဲ့မြင်ကွင်းပါပဲ။
ဒီတော့ အဖေနဲ့အမေသာ အနားမှာရှိရင် သိပ်ကောင်းမှာပဲလို့တွေးဖြစ်တယ်။
ဒီနိုင်ငံမှာက သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တဲ့အစီအစဉ်တွေ ရှိတယ်။
သက်ကြီးရွယ်အိုတိုင်း အိုဇာတာကောင်းစေတယ်လို့ပြောရမယ်။
ကောင်းကောင်းစားရတယ်။
ကောင်းကောင်းဝတ်ရတယ်။
ကောင်းကောင်းနေရတယ်။
အဲဒီလိုနေနိုင်အောင် နိုင်ငံတော်က စီစဉ်ပေးတယ်။
မကျန်းမာရင်လည်း နိုင်ငံတော်စရိတ်နဲ့ ဆေးကုသခွင့်ပေးသေးတယ်။
ကဲ…ဘယ်လောက်ကောင်းသလဲ။


မြန်မာပြည်မှာနေတုန်းကတော့ ကျန်းမာရေးအတွက်
ကျန်းမာရေးလေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ဖြစ်တယ်။
ရေချိုးခနီးတိုင်း မိနစ် ၂၀-လောက်တော့
လေ့ကျင့်ခန်းတွေ လုပ်တဲ့အလေ့အထရှိခဲ့တယ်။
ဒီရောက်တော့ အစောပိုင်းကတော့ လေ့ကျင့်ခန်းတွေ
လုပ်ဖြစ်သေးတယ်။
နောက်ပိုင်း အလုပ်လုပ်လာတော့ အလုပ်ချိန်က
နံနက် ၉း၃၀နာရီကနေ ည ၉း၃၀နာရီဖြစ်လာတော့
လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်တော့ပါဘူး။
အလုပ်ခွင်မှာ လမ်းလျှောက်တာကိုက တစ်နေ့တစ်နေ့
ခြေလှမ်းပေါင်း အမြောက်အများပါပဲ။
ဆန့်ထုတ်လိုက်ရင် ရန်ကုန်-ပဲခူးလောက်များတောင်
ရှိမလားမပြောတတ်ဘူး။
အလုပ်ကပြန်လာရင် ခြေကုန်လက်ပန်းကျနေပြီ။
ဖတ်နေကျ စာတွေလည်း မဖတ်နိုင်တော့ဘူး။
လုပ်နေကျ အင်တာနက်တောင် မလုပ်နိုင်ဘူး။
အိပ်ယာပေါ် ခဏနားမယ်ဆိုပြီး လှဲလိုက်ရင်
မိုးလင်းမှ နိုးတော့တယ်။
အဲဒီလောက်ကို ပင်ပန်းပါတယ်။
ငယ်ငယ်တုန်းက လက်ကြောမတင်းခဲ့သမျှ
အခုတော့ လက်ကြောရော၊ ခြေကြောရော အကုန်တင်းပြီးမှ
မိုးချုပ်ပါတယ်။
အဲဒါကတော့ နေ့တိုင်းအလုပ်ပါပဲ။
လောလောဆယ်ကတော့ ရွေးချယ်စရာလမ်းက များများစားစား မရှိဘူးလေ။
ဒါနဲ့ပြောရအုန်းမယ်အမေ။
ကျနော်တို့နေတဲ့နေရာမှာ မြန်မာစားသောက်ဆိုင်တစ်ခုရှိတယ်ဆိုတာနဲ့
လိပ်စာတောင်းပြီး အလုပ်ပိတ်ရက်မှာ သွားကြည့်ဖြစ်တယ်။
မြန်မာပြည်က အစားအသောက်တွေ စုံလို့ပါပဲ။
ပဲပြုတ်လည်းရတယ်။
ချဉ်ပေါင်ကြော်လည်းရတယ်။
ငပိကြော်လည်း ရတယ်။
လက်ဖက်တွေလည်းရတယ်။
အို…မြန်မာပြည်ကအစားတွေဆို မျိုးစုံရတယ်။
မြန်မာအစားအစာကိုကောင်းကောင်းမစားရတာ ကြာပြီဆိုတော့
ဝမ်းသာသွားတာပေါ့။
စားချင်တာလည်း ကြာလှပြီ။
ဒါနဲ့ပဲ စားချင်တဲ့အစားအစာတွေအားလုံးဝယ်ခဲ့တယ်။
မစားရတာ ကြာပြီဆိုတော့ စားလို့လည်းကောင်းလိုက်တာ
မပြောပါနဲ့တော့။
မြန်မာအစားအစာကို ဒေါ်လာနဲ့ဝယ်စားရတာကို မတွေးဖြစ်ရင်
ဒီထက်တောင် မြိန်ဦးမယ်ထင်တယ်။
အော်…ဒေါ်လာနဲ့ဝယ်စားနေရပါလားလို့တွေးဖြစ်တော့
စားတဲ့အစားအစာတွေတောင် နင်ချင်သလိုဖြစ်သွားတယ်။
အမေရိကားမှာ နေတာကြာလာတော့ သိလာတွေလည်း များလာပါတယ်။
အခက်အခဲတွေ ရှိနေသေးပေမယ့် အစဉ်ပြေတာတွေလည်း
အများကြီးရှိလာပါတယ်။
ရောက်စတုန်းကလောက်တော့ ကသီလင်တမဖြစ်တော့ပါဘူး။
ဒီမှာအနေကြာတဲ့မြန်မာတွေကတော့ မြန်မာပြည်ကို ပြန်အုန်းမှာလားလို့မေးရင်
ခေါင်းခါကြတာ များတယ်။
ဘာဖြစ်လို့လဲလို့မေးရင် မြန်မာပြည်က ခြင်တွေပေါတယ်။
ဒီမှာက ခြင်ထောင် ထောင်စရာမလိုဘူးလို့
အကြောင်းပြလေရဲ့။
ပြီးတော့ မြန်မာပြည်က မီးမှန်မှန် ပျက်တယ်တဲ့။
ဒီမှာက မီးမှန်မှန် လာတယ်တဲ့။
ဒီမှာ မီးပျက်တယ်ဆိုတာကို မကြားဖူးသူတွေတောင် ရှိတယ်။
သူတို့ပြောတာတွေ ပြန်ပြောရင် အများကြီးပါပဲ။
ဒီမှာပဲ နားဦးမယ်နော်။

အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၆-၁၉-၂၀၁၂


1 comment:

Anonymous said...

pyan chin par tal...

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com