Saturday, April 21, 2012

"အမေ့ထံသို့ ပေးစာများ-၃၉..."


သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
အရွေ့အပြောင်းတွေ များလွန်းနေတာကြောင့် စာရေးချင်စိတ်သာ ရှိနေတယ်။
တကယ်တန်း မရေးနိုင်ခဲ့ဘူး။
ကယ်လီဖိုးနီးယားပြည်နယ်ကနေ အင်ဒီယားနား ပြည်နယ်ကို ပြောင်းရွေ့ရတယ်။
ဒါလည်း အလုပ်ကြောင့် ရွေ့ပြောင်းရတာပါ။
အင်ဒီယားနားရောက်ပြီး နှစ်လမပြည့်ခင်မှာပဲ မစ်ချီဂန်ကိုပြောင်းရွေ့ရပြန်ပါတယ်။
အင်ဒီးယားနားမှာ ရှိတဲ့အလုပ်ရှင်နဲ့ အခု မစ်ချီဂန်မှာ ရှိတဲ့အလုပ်က အလုပ်ရှင်တစ်ဦးထဲပါ။
အင်ဒီးယားနားမှာ စာဖိုးမှူးပညာသင်တယ်။ အလုပ်လုပ်တယ်။
အခုတော့ သူ့ရဲ့ဆိုင်အသစ် ဖြစ်တဲ့ မစ်ချီဂန်ဆိုင်ကို
လင်မယားနှစ်ယောက်စလုံး ပြောင်းရွေ့ရတယ်။
ပြောင်းတော့ ဝယ်ထားတဲ့ 4RUNNER ကားနဲ့ပြောင်းတယ်။
ကားက ကြီးတော့ ရှိတဲ့ပစ္စည်းတွေ အကုန်လုံး သယ်လို့ရတယ်။
သယ်လို့ရအောင်လည်း ကားကြီးကြီး ဝယ်ဖြစ်တဲ့သဘောပါပဲ။
ဒါပေမယ့် အမေရိကန်နိုင်ငံမှာတော့ ခရီးဝေးဝေးကို တစ်ခါမှ မမောင်းဖူးဖူး။
အခုမောင်းခဲ့ရတဲ့ခရီးက မိုင်ပေါင်း လေးရာပတ်ဝန်ကျင်လောက်ရှိမယ်ထင်တယ်။
ရန်ကုန်-မန္တလေး ခရီးအကွာအဝေးလောက် ရှိမယ်လို့ ခန့်မှန်း မိပါတယ်။
မမောင်းမဖြစ်မောင်းရတော့လည်း မောင်းဖြစ်သွားတာပါပဲလေ။
အမေပြောခဲ့ဖူးတဲ့စကားကို သတိရမိတယ်။
"နယ်မြေအသစ်ကိုသွားရင် အရေးအကြီးဆုံး လိုအပ်တာကတော့
သတ္တိပဲ။ နေ့စဉ်ဘဝမှာကို သတ္တိက လိုအပ် နေတတ်တယ်။
လိုအပ်တဲ့အခါတိုင်း အသုံးချနိုင်ဖို့ ကိုယ်နဲ့အတူ ယူသွားပေါ့"တဲ့။
အခုတော့ အမေပြောတဲ့အတိုင်း သတ္တိက နေ့တိုင်းကိုလိုအပ်နေတယ်။
ဘာဖြစ်လို့ဆိုတော့ နေ့တိုင်း စိန်ခေါ်မှုတွေ ရှိနေလို့ပါပဲ။
အလုပ်သစ်လုပ်နေရတော့ စိန်ခေါ်မှု အသစ်နဲ့တွေ့တယ်။
ကိုယ်မကျွမ်းကျင်တဲ့ အလုပ်ဖြစ်တာမို့ သိစရာ တတ်စရာက အများကြီး။
မှန်အောင် မနည်းကြိုးစားနေရချိန်မှာ အမြန်လုပ်ဖို့ အခြေအနေကတောင်းဆိုတယ်။
မဖြစ်မနေ မြန်အောင် လုပ်ရပြန်တော့ မမှားအောင် အာရုံစိုက်ရပြန်တယ်။
မီးဖိုချောင်မှာ အလုပ်လုပ်တော့ မီးမလောင်အောင် ဂရုစိုက်ရတယ်။
ဘယ်ရမလဲ။ အကြီးအကျယ် မီးအပူမလောင်တာပဲ ရှိတယ်။
အသေးအဖွဲလောင်တာက နေ့စဉ်နဲ့အမျှပါပဲ။
အခုဆိုရင် အပူလောင်တာကို ရိုးသွားသလိုတောင် ဖြစ်နေပြီ။
မီးလောင်တာကို ခံစားကြည့်တော့မှ ငရဲဆိုရင် ဒီထက်ပူလောင်မှပဲလို့ တွေးမိတယ်။
မီးဖိုချောင်ဆိုတော့ အလှီးအဖြတ်တွေက များကများပါဘိသနဲ့။
ဓားက မျိုးစုံအောင် ကိုင်တွယ်ရတယ်။
ဓားမထိအောင်လည်း သတိထားရတယ်။
သတိထားတဲ့အတွက် ဓားကတော့ အထိအခိုက်မရှိပါဘူး။
ဒါပေမယ့် ဓားသွေးတော့ သတိလွတ်သွားတယ်။
အဲဒီတော့မှ ဓားထိတော့တာပဲ။
လူနာတွေကို လှီးဖြတ်တုန်းကတော့ နာရကောင်းမှန်းမသိခဲ့ပါဘူး။
ကိုယ့်အသားကို ကိုယ်လှီးမိတော့ နာလိုက်တာအမေရယ်။
ကိုယ်ချင်းစာတရားဆိုတာ ကိုယ်ခံရတော့မှ သိတဲ့တရားလားလို့တောင်တွေးမိသေးတယ်။
မီးဖိုခန်းထဲမှာ ဆီတွေနဲ့လုပ်နေရသမို့ ချောမလဲအောင် သတိထားရတယ်။
စီးနေကျဖိနပ်နဲ့ တစ်ရက်အလုပ်လုပ်ကြည့်တယ်။
စကိတ်စီးနေရတဲ့အတိုင်းပါပဲ။ မဖြစ်သေးပါဘူးဆိုပြီး
ချောမလဲအောင် ဆီထဲမှာ စီးလို့ရတဲ့ဖိနပ်တစ်ရံဝယ်လိုက်တယ်။
အဲဒီဖိနပ်ဝယ်တော့မှ အစဉ်ပြေသွားတယ်။
အင်ဒီးယားနားမှာနေတုန်းကတော့
ကျနော်နဲ့တွဲလုပ်ရတာက ချင်းတိုင်းရင်းသား လူငယ်နှစ်ယောက်ပါ။
သူတို့က မလေးရှားကနေ ရောက်လာကြတယ်။
မလေးရှားမှာလည်း စားသောက်ဆိုင်မှာပဲ အလုပ်လုပ်ခဲ့ကြတယ်။
စားသောက်ဆိုင် အတွေ့အကြုံတွေကတော့ များလှပါတယ်။
အတွေ့အကြုံအရတော့ ဆရာကြီးတွေပေါ့။
မစ်ချီဂန်မှာလည်း ကျနော်နဲ့တွဲလုပ်သူတစ်ယောက်က မြန်မာပါ။
နောက်တစ်ယောက်ကတော့ ပေါ်တူဂီလူမျိုးလို့သိရတယ်။
သူတို့လည်း အမေရိကန်ရောက်နေတာ ကြာလှပြီ။
စားသောက်ဆိုင်မှာပဲ လုပ်တော့ အတွေ့အကြုံအရတော့ ဆရာကြီးပေါ့။
လုပ်ငန်းခွင်မှာ ဆရာလုပ်တာကို သီးခံနိုင်ပါတယ်။
ဒါပေမယ့် လူမျိုးမတူ၊ဘာသာမတူကြတော့
မိုက်ရိုင်းတာကို သီးခံဖို့ခက်ခဲလှပါတယ်။
ဒါပေမယ့် သီးခံနိုင်ဖို့ သတ္တိလိုလာပြန်တယ်။
သတ္တိမရှိရင် သီးခံနိုင်ဖို့မလွယ်လှဘူး။
မိုက်မိုက်မဲမဲ တုန့်ပြန်တာဟာ သတ္တိမဟုတ်ဘူးလို့အမေမှာတာကိုလည်း
သားမမေ့ပါဘူး။
တစ်နှစ်ကျော်ကာလမှာပဲ အခြေအနေအရ လေးနေရာပြောင်းရွေ့နေထိုင်ခဲ့တယ်။
အကောင်းဖက်ကတွေးရင် အမေရိကန်နိုင်ငံမှာ ပြည်နယ်လေးခုကို
ရွေ့ပြောင်းနေထိုင်ခွင့်ရတယ်။ပြီးတော့
အတွေ့အကြုံအများကြီးရတာဟာ အမြတ်တွေချည်းပါပဲလို့ မှတ်ယူနိုင်ပါတယ်။
အတွေ့အကြုံဟာ ငွေနဲ့ဝယ်လို့ရတာမျိုး မဟုတ်ပါဘူး။


ဘာလိုလိုနဲ့ သင်္ကြန်တောင်ပြီးသွားပြီနော်။
ဒီမှာတော့ သင်္ကြန်ဆိုတာ ဘာမှန်းတောင် မသိလိုက်ဘူး။
မြန်မာပြည်မှာဆိုရင် သင်္ကြန်ကာလမှာ တရားစခမ်းတစ်ခုခုမှာ တရားဝင်ဖြစ်တာကို
ပြန်တွေးမိပါတယ်။ လွမ်းမိသလိုခံစားရပါတယ်။
မြန်မာပြည်နဲ့ဝေးနေပေမယ့် မြန်မာစိတ်တွေ မပျောက်ပါဘူး။
မြန်မာဟာ မြန်မာပါပဲ။
အချိန်ရတိုင်း မြန်မာပြည်ကို လွမ်းမိပါတယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
သားတို့အားလုံးနေကောင်းကြပါတယ်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၎-၂၁-၂၀၁၂



No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com